backup og meta

သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား!

သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား!

မိခင် သဘာဝတရားကြီးက သက်ရှိတွေအတွက် များစွာသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးပေးထားပါတယ်။ ဒီလို ဆေးဖက်ဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလေးတွေထဲက အချို့က ပုံမှန် စားသုံးမှုမှာ ပါတတ်ပေမယ့် အချို့သော အစားအသောက်တွေကတော့ နေ့စဉ် စားသုံးမှုမှာ ပါဝင်ဖို့ ခဲယဉ်းလှပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ် စားသောက်မှုမှာ ပါဝင်ခဲတဲ့ စားစရာလေး တစ်မျိုးဖြစ်တဲ့ သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား! ဆိုတာကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရ အောင်နော်။ 

သင်္ဘောအဖိုပွင့် ဆိုတာ

သင်္ဘောအဖိုပွင့်က သင်္ဘောသီးလိုပဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ  ရှိပါတယ်။ သင်္ဘောပင်မှာ အဖိုပင်ရယ်၊ အမပင်ရယ်ဆိုပြီး ရှိပါတယ်။ သင်္ဘောအဖိုပွင့်ဆိုတာက သင်္ဘောအဖိုပင်ရဲ့ အပွင့်ပါ။ 

သုပ်စားလို့ ရသလို ကြော်စားလို့လည်း ရပါတယ်။ နည်းနည်း ခါးသက်သက် အရသာ ရှိတာကြောင့် ထမင်းလေးနဲ့ တွဲစားရင် ပိုမြိန်ပါတယ်။ 

သင်္ဘောအဖိုပွင့်မှာ ဘာတွေပါသလဲ!

သင်္ဘောအဖိုပွင့်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် E
  • gallic acid
  • ဘီတာကယ်လ်ရိုတင်း
  • ကယ်လ်ဆီယမ်
  • ပရိုတင်း
  • ကစီဓာတ်
  • Phenol
  • Phosphorus တို့ ပါဝင်နေပါတယ်။

သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား!

သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား! ဆိုတော့ အခုလို ထောက်ကူပေးပါတယ်။

  • ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်

နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ လိုပါမယ်။ သင်္ဘောအဖိုပွင့်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက် သင်္ဘောအဖိုပွင့်ကို စားပေးလို့ ရပါတယ်။

  • အစာကြေစေနိုင်တယ်

အစာမကြေတာ ရင်ပြည့်ရင်ကယ်တာတွေကို သက်သာစေဖို့အတွက် သင်္ဘောအဖိုပွင့်ကို စားပေးလို့ ရသလို အစာခြေစနစ် အားနည်းတတ်သူတွေ အနေနဲ့လည်း စားပေးလို့ ရပါတယ်။ ဝမ်းမှန်စေနိုင်သလို လေအောင့်တာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

  • သွေးပေါင်ချိန် ထိန်းညှိပေးတယ်

သွေးတွေရဲ့ တာဝန်က စားသုံးလိုက်တဲ့ အစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့ဆီကို ပို့ဆောင်ပေးတာပါ။ ဒီတော့ ကျန်းမာစေဖို့အတွက် သွေးစီးဆင်းမှု တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ သွေးတိုးတာက သွေးကြောတွေကို သွေးပို့ဆောင်ရာမှာ ခက်ခဲစေနိုင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိဖို့ လိုပါမယ်။ သွေးပေါင်ချိန်ကို ထိန်းညှိဖို့ သင်္ဘောအဖိုပွင့်ကို စားသုံးပေးလို့ ရပါတယ်။ 

  • အစားစားချင်စိတ် တိုးစေတယ်

အစားစားချင်စိတ် မရှိတဲ့သူတွေကို ခံတွင်းလိုက်စေဖို့ သင်္ဘောအဖိုပွင့်လေးကို ပြင်ဆင်ပေးလို့ ရပါတယ်။ အစားစားချင်စိတ် တိုးစေတာက ကိုယ်အလေးချိန် တက်စေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ မနက်ခင်းမှာ သင်္ဘောအဖိုပွင့် နည်းနည်းစီ စားပေးတာက တစ်နေကုန် အစားစားချင်စိတ် တိုးစေနိုင်ပါတယ်။

  • ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

အဝလွန်တာက တော်တော်များများ ကြုံတွေ့လာရတဲ့ ကျန်းမာရေး ပြဿနာပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားတာ၊ ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင် စားသောက်မှုပုံစံ ရှိနေတာပါ။ သင်္ဘောအဖိုပွင့်မှာ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ ပါဝင်နေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်က အဆီပိုတွေကိုရော ပိုနေတဲ့ ကိုယ်အလေးချိန်တွေကိုပါ လျှော့ချပေးပါတယ်။  

  • ဆီးချို သက်သာစေတယ်

သင်္ဘောအဖိုပွင့်မှာ အင်ဆူလင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အာနိသင် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို အမျိုးအစား (၂) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။ဆီးချို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါ

  • နာတာရှည် ရောဂါတွေကို ကာကွယ်ပေးတယ်

သင်္ဘောအဖိုပွင့်က သွေးလည်ပတ်မှုကို ကောင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် လေဖြတ်တာကို ကာကွယ်ပေးသလို  ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

  • သွေးတွင်းအဆီကို ထိန်းညှိပေးတယ်

သင်္ဘောအဖိုပွင့်မှာ ဖောလိတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးထဲက အကျိုးမပြု ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းက အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေဖို့ ထောက်ကူပေးပါတယ်။ 

ဘာတွေ သတိထားရမလဲ!

သင်္ဘောအဖိုပွင့်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။

ရောဂါအခံ ရှိသူတွေ၊ ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဆီးချိုဆေးတွေ၊ အဆီကျဆေးတွေ၊ သွေးပေါင်ကျဆေးတွေနဲ့ အတူတွဲသောက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။

သင်္ဘောအဖိုပွင့်က အထက်ပါ ရောဂါတွေကို ‌အထောက်အကူ ပြုရုံလောက်သာ တတ်နိုင်တာကြောင့် ရောဂါဝေဒနာတွေ ခံစားရတဲ့အခါ တတ်ကျွမ်းနားလည်သူနဲ့ ပြသတာကသာ အကောင်းဆုံးဖြစ်ပါတယ်။

သင်္ဘောအဖိုပွင့် ကျန်းမာစေသလား!

သင်္ဘောအဖိုပွင့်က
  • ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်
  • အစာကြေစေနိုင်တယ်
  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်
  • သွေးပေါင်ချိန် ထိန်းပေးတယ်
  • အစားစားချင်စိတ် ဖြစ်စေတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်
  • နာတာရှည် ရောဂါတွေ ကာကွယ်ပေးတယ်
  • သွေးတွင်းအဆီ ထိန်းပေးတယ်

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

The potential of male papaya (Carica papaya, L.) flower as a functional ingredient for herbal tea production https://www.researchgate.net/publication/290201149_The_potential_of_male_papaya_Carica_papaya_L_flower_as_a_functional_ingredient_for_herbal_tea_production Acessed Date 18 July 2023

The benefits of papaya flowers https://steemit.com/nature/@fataelrumy/the-benefits-of-papaya-flowers-201777t34444527z Acessed Date 18 July 2023

What are the benefits of eating male papaya flowers? https://www.vinmec.com/en/news/health-news/nutrition/what-are-the-benefits-of-eating-male-papaya-flowers/  Acessed Date 18 July 2023

5 Benefits of Papaya Flower For Treatment https://steemit.com/life/@olgiz247/5-benefits-of-papaya-flower-for-treatment Acessed Date 18 July 2023

Papaya Flower: Here’s How It Boosts Your Health https://www.herzindagi.com/health/super-health-benefits-of-papaya-flower-you-should-know-article-164902 Acessed Date 18 July 2023

ယခုပုံစံ

04/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်္ဘောရွက် အကြောင်း တစေ့တစောင်း

သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement