သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Grommet Insertion In Adult (နားထဲပြွန်ထည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

အရွယ်ရောက်ပြီးသူတွေမှာ နားထဲပြွန်ထည့်ခြင်းဆိုတာဘာလဲ။

ခဏခဏ နားပြည်ယိုပြီး နားထဲမှာ ပြည်တွေပိတ်ဆို့နေတာကြောင့် အကြားအာရုံကို ထိခိုက်မှုတွေရှိလာတဲ့အခါ ကုသပေးဖို့အတွက် Grommet လို့ခေါ်တဲ့ ပစ္စည်းလေးကို နားထဲထည့်သွင်းရပါတယ်။ ပြည်တွေပိတ်ဆို့နေတာကို ဘာခွဲစိတ်မှုမှ မပြုလုပ်ဘဲ သက်သာပျောက်ကင်းသွားအောင် ကုသနိုင်ပါတယ်။

ဒါပေမယ့် အဆိုပါ အခြေအနေဟာ သုံးလထက်ပိုကြာနေတာ ဒါမှမဟုတ် အကြားအာရုံထိခိုက်မှု ပိုဆိုးလာတဲ့အခါမှာတော့ ခွဲစိတ်မှုပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှု ပြုလုပ်လိုက်ခြင်းအားဖြင့် Grommet ဆိုတဲ့ ပလတ်စတစ်/သတ္တုပြွန်လေးဟာ သင့်နားအတွင်းပိုင်းထဲကို လေတွေဝင်စေမှာဖြစ်တဲ့အတွက် အရည်တွေစုပုံလာတာကို ကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။

အကြောင်းရင်းများ

နားထဲပြွန်ထည့်ခြင်း ဘာလို့လုပ်ရသလဲ။

သိထားသင့်တဲ့အချက်က grommet ဆိုတဲ့ ပြွန်လေးဟာ နားထဲက အရည်တွေ(ပြည်တွေ)ကို အပြင်ထွက်သွားအောင် လုပ်ပေးမှာမဟုတ်ဘဲ နားထဲကို လေဝင်နိုင်အောင်ပဲ လုပ်ပေးမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ ပစ္စည်းလေးဟာ နားထဲမှာ ကိုးလလောက်အထိ နေသားတကျ ရှိနေဖို့ စီစဉ်ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

ကိုးလကြာပြီးနောက်မှာတော့ နားစည်ကပြန်လည်ကောင်းမွန်နေပြီ ဖြစ်တာကြောင့် grommet ပြွန်လေးဟာ နားထဲက ထွက်လာပါလိမ့်မယ်။ နှစ်အတော်ကြာထိ နားထဲထည့်သွင်းထားနိုင်တဲ့ ပြွန်လေးတွေကိုလည်း (လိုအပ်ရင်) တခါတရံ သုံးစွဲပါတယ်။

ဒါပေမယ့် ကာလကြာရှည်အသုံးပြုရင် grommet ပြွန်တွေဟာ နားတွင်းပေါက်ပြဲမှုကို ဖြစ်စေနိုင်တာမို့ ပြန်လည်ပြုပြင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ဒီပြွန်လေးဟာ လေဝင်အောင်ပဲ ပြုလုပ်ပေးမှာဖြစ်ပြီး နားပြည်ယိုစေတဲ့ နောက်ခံအကြောင်းရင်းကိုတော့ ကုသပေးနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် grommet ပြွန်လေးတွေဟာ နားတွင်းပြည်စုပုံမှုကြောင့် နားလေးတာနဲ့ နားကိုက်တာတို့ကို လျင်မြန်ထိရောက်စွာ သက်သာစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

အောက်ပါ အခြေအနေတွေနဲ့ ပြည့်စုံရင် grommet ပြွန်လေးက ကောင်းမွန်မှန်ကန်စွာ အလုပ်လုပ်ပါလိမ့်မယ်။

· မှန်ကန်တဲ့ နေရာမှာ ထည့်သွင်းထားရင် (နားရဲ့ အလယ်ပိုင်းနဲ့ အပြင်ပိုင်းကို ဆက်သွယ်ပြီး နားစည်ထဲထည့်သွင်းရပါမယ်)။

· လေကောင်းစွာ ဝင်နိုင်ရင် (ပိတ်ဆို့မနေရပါဘူး)။

ဆေးလိပ်သောက်ခြင်းကဲ့သို့သော ကျန်းမာရေးနဲ့ မညီတဲ့ အမူအကျင့်တွေရှိနေတယ်ဆိုရင် grommet ပြွန်ကို ဖယ်ထုတ်လိုက်တာနဲ့ နားပြည်ယိုပြီး အရည်တွေစုပုံတာ တခါပြန်ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။

grommet ပြွန်ထည့်သွင်းခြင်းက စိတ်ချရရဲ့လား။ ဘာအန္တရာယ် ဘေးထွက်ဆိုးကျိုးတွေ ရှိသလဲ။

grommet ပြွန်ထည့်သွင်းခြင်းဟာ ယေဘုယျအားဖြင့် ရိုးရှင်းပြီး စိတ်ချရတဲ့ ကုသမှုတခုဖြစ်ပေမယ့် အခြားသော ခွဲစိတ်မှု၊ကုသမှုတွေ အားလုံးလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေလေးတွေ ရှိနေပါတယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

grommet ပြွန်ထည့်သွင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးပြဿနာတွေက

· နားထဲက အရည်တွေ ထွက်လာခြင်း။

· နားပြည်ယိုခြင်း။

· grommet ပြွန်လေး ပြန်လည်ထွက်လာပြီးနောက် နားစည်မှာ အပေါက်သေးသေးလေး ဖြစ်ကျန်ခဲ့ခြင်း။

· နားရဲ့ အလယ်ပိုင်းမှာ အရည်တွေ ပြန်လည်စုပုံလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ပြင်ဆင်ခြင်း

grommet ပြွန်မထည့်သွင်းခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။

ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။

အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။

grommet ပြွန်လေးကို ဘယ်လိုထည့်သွင်းမလဲ။

ပုံမှန်အားဖြင့် grommet ပြွန်လေးထည့်သွင်းခြင်းကို မေ့ဆေးနဲ့ ပြုလုပ်လေ့ရှိပေမယ့် ထုံဆေးနဲ့လည်း ပြုလုပ်နိုင်ပြီး မိနစ်နှစ်ဆယ်ခန့် ကြာမြင့်လေ့ရှိပါတယ်။ ဆရာဝန်အနေနဲ့ သင့်နားစည်မှာ အပေါက်သေးသေးလေး ဖောက်ပြီး အရည်တွေကို စုပ်ထုတ်ပစ်မှာ ဖြစ်ပါတယ်။ ပြီးရင် ပလတ်စတစ် ဒါမှမဟုတ် သတ္တုနဲ့ ပြုလုပ်ထားတဲ့ grommet ပြွန်လေးကို ခုနကဖောက်ထားတဲ့ အပေါက်လေးထဲကို ထည့်သွင်းမှာ ဖြစ်ပါတယ်။

တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ပြန်လည်သက်သာလာခြင်း

grommet ပြွန်လေးထည့်သွင်းပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မှာလဲ။

ပြွန်ထည့်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်လို့ရပါပြီ။ နောက်တရက်နှစ်ရက်လောက်အတွင်းမှာပဲ (ရေကူးတာကလွဲလို့) ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

အမျိုးအစားနဲ့ ဒီဇိုင်းပုံစံပေါ်မူတည်ပြီး အဆိုပါ ပြွန်လေးဟာ ခြောက်လကနေ ဆယ့်ရှစ်လအတွင်းမှာ နားထဲက သူ့အလိုလိုထွက်လာပါလိမ့်မယ်။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Glue ear – Treatment. http://www.nhs.uk/Conditions/Glue-
ear/Pages/Treatment.aspx. Accessed July 16, 2016.
Grommet insertion (adult).
http://www3.betterhealth.vic.gov.au/bhcv2/bhcmed.nsf/pages/ENT02lite_en.
Accessed July 16, 2016.
Ear Tube Insertion. http://emedicine.medscape.com/article/1890757-overview.
Accessed July 16, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။