backup og meta

ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ

    ပလတ်စတစ်ဆာဂျရီ ဆိုတာကတော့ ပြင်ပရုပ်ပုံသဏ္ဌာန်နဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ခွဲစိတ်ကုသမှုတွေ ဖြစ်ပါတယ်။ ရင်သားခွဲစိတ်မှုကနေ မျက်အိတ်ခွဲစိတ်ကုသမှုနဲ့ ပတ်သက်တဲ့အထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲပြဿနာ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခြင်းတွေမှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြဿနာများပဲ ဖြစ်ပါတယ်။ ကဲ …. ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ

    ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ ကတော့

    သွေးလုံး (Hematoma) ဖြစ်ပေါ်ခြင်း

    ခွဲစိတ်မှုပြီးချိန်မှာ သွေးများတနေရာရာမှာ စုဝေးပြီး သွေးခြည်ဥသလို ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲမှုလည်း ရှိတတ်ပါတယ်။ ရင်သားပြုပြင် ခွဲစိတ်ကုသမှုများအနက် ၁ ရာခိုင်နှုန်းခန့်မှာ ဖြစ်ပေါ်တတ်ပါတယ်။ မျက်နှာပြုပြင် ခွဲစိတ်ချိန်မှာလည်း တွေ့ရတတ်ပါတယ်။ အမျိုးသားများမှာ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ သွေးလုံးဟာ ခွဲစိတ်မှုတိုင်းလိုလိုမှာ တွေ့ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပါတယ်။ သွေးလုံးဟာ ကြီးလာရင် ပြန်လည်ခွဲစိတ်ရခြင်း၊ ဖောက်ထုတ်ရခြင်း စတာတွေ ပြုလုပ်ရနိုင်ပါတယ်။

    သွေးရည်ကြည်အလုံး (Seroma) ဖြစ်ခြင်း

    ကိုယ်ခန္ဓာထဲက အရည်များဟာ အရေပြားအောက်မှာ စုဝေးလာပြီး ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။ ခွဲစိတ်မှုများရဲ့ ၁၅ ကနေ ၃၀ ရာခိုင်နှုန်းထိမှာ တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ သွေးရည်ကြည်အလုံးဟာလည်း ရောဂါပိုးဝင်နိုင်တာကြောင့် ဖောက်ထုတ်ဖို့လိုပါတယ်။ ထိရောက်စွာ မကုသရင် နောက်တကြိမ် ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။

    သွေးထွက်ခြင်း

    တခြားခွဲစိတ်ကုသမှုတွေလိုပဲ ပလတ်စတစ်ဆာဂျရီမှာလည်း သွေးထွက်နှုန်း များနိုင်ပါတယ်။ သွေးထွက်နှုန်းကို မထိန်းချုပ်နိုင်ရင် သွေးပေါင်ကျဆင်းသွားနိုင်ပါတယ်။ ခွဲစိတ်ခုတင်ပေါ်မှာ သွေးထွက်သလို ခွဲစိတ်ပြီးချိန်မှာလည်း သွေးထွက်နိုင်ခြေရှိလို့ စောင့်ကြည့်ဖို့ လိုပါတယ်။

    ရောဂါပိုးဝင်ခြင်း

    ခွဲစိတ်မှုပြုလုပ်စဉ်ရော၊ ခွဲစိတ်ပြီးချိန်မှာပါ ရောဂါပိုးမဝင်အောင် တတ်နိုင်သလောက် ကာကွယ်ပေမယ့် ရောဂါပိုးကူးစက်နိုင်ခြေကတော့ အနည်းနဲ့အများ ရှိနေပါတယ်။ ရင်သားပြုပြင် ခွဲစိတ်မှုပြုလုပ်သူများအနက် ၁ ရာခိုင်နှုန်းမှ ၂.၂ ရာခိုင်နှုန်းထိဟာ ရောဂါပိုးဝင်ခြင်း ကြုံတွေ့ရတယ်လို့ စစ်တမ်းတခုအရ သိရပါတယ်။ ရောဂါပိုးဝင်တဲ့အခါ ပဋိဇီဝဆေးများ သုံးစွဲဖို့ လိုနိုင်ပါတယ်။ ရောဂါပြင်းထန်ရင် ပဋိဇီဝဆေးများကို သွေးကြောကနေပါ ထည့်သွင်းရတတ်ပါတယ်။

    အာရုံကြောထိခိုက်ခြင်း

    ခွဲစိတ်မှုပြုလုပ်နေချိန်မှာ ခွဲစိတ်တဲ့နေရာဝန်းကျင်က အာရုံကြောများကို အနည်းနဲ့အများ ထိခိုက်နိုင်ခြေ ရှိပါတယ်။ အာရုံကြောထိခိုက်မိတဲ့အခါ ထုံခြင်း၊ ကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ယာယီလောက်သာ ကြုံရပါတယ်။ တခါတရံမှာ ထုံကျင်ခြင်းကို အမြဲတမ်း ကြုံသွားရခြင်းမျိုး ရှိပါတယ်။ ရင်သားပြုပြင်ခွဲစိတ်မှုပြုလုပ်သူ အမျိုးသမီးများအနက် ၁၅ ရာခိုင်နှုန်းဟာ နို့သီးခေါင်းထိပ်အာရုံခံစားမှုပြောင်းလဲခြင်းကို ကြုံတွေ့ရတယ်လို့ သိရပါတယ်။

    သွေးကြောပိတ်ခြင်း

    ခြေထောက်များထဲက သွေးပြန်ကြောတွေမှာ သွေးခဲများဖြစ်ပေါ်တတ်ပါတယ်။ အဆိုပါ သွေးခဲများဟာ ပြုတ်ထွက်ပြီး အဆုတ်များဆီရောက်သွားပြီး အဆုတ်သွေးကြောများကို သွားရောက်ပိတ်ဆို့နိုင်ပါတယ်။ အဆိုပါ နောက်ဆက်တွဲပြဿနာကို ပလတ်စတစ်ဆာဂျရီမှာ သိပ်ပြီး မတွေ့ရပေမယ့် ဝ.၀၉ ရာခိုင်နှုန်းမှာတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဝမ်းဗိုက်ပိုင်း ပြုပြင်ခွဲစိတ်မှုမှာ ပိုမိုကြုံတွေ့နိုင်ပါတယ်။

    ကိုယ်တွင်းအင်္ဂါများ ထိခိုက်မိခြင်း

    ဝမ်းဗိုက်မှအဆီများကို စုပ်ထုတ်တဲ့ liposuction နည်းလမ်းဟာ ဝမ်းတွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တခြားနည်းလမ်းတွေမှာလည်း ကိုယ်တွင်းအင်္ဂါများကို ထိခိုက်နိုင်ခြေ ရှိပါတယ်။ အဆိုပါ ထိခိုက်မှုတွေကို ပြန်လည်ပြုပြင်ကုသဖို့ ထပ်မံခွဲစိတ်မှု လိုအပ်ပါတယ်။

    အမာရွတ်ဖြစ်ခြင်း

    ခွဲစိတ်မှုတိုင်းမှာ အမာရွတ်ဖြစ်နိုင်ပါတယ်။ ပလတ်စတစ်ဆာဂျရီခွဲစိတ်မှု အများစုဟာ အလှအပရေးရာအတွက် ပြုလုပ်တာမို့ အမာရွတ်ကို တတ်နိုင်သလောက် သေးငယ်အောင်၊ နည်းပါးအောင် ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် အနာကျက်ပုံပေါ်မူတည်ပြီး အမာရွတ်ဟာလည်း ထင်ရှားသွားနိုင်ပါတယ်။ အမာရွတ်ပျောက်ဆေးများကို လိမ်းနိုင်ပါတယ်။

    ခွဲစိတ်ပြီးပုံပန်းကို စိတ်တိုင်းမကျခြင်း

    ပလတ်စတစ်ဆာဂျရီ ပြုလုပ်ပြီးသူ အများစုဟာ သူတို့ရဲ့ ခွဲစိတ်ပြီးရလဒ်ကို သဘောကျကြပါတယ်။ ဒါပေမယ့် ရင်သားပြုပြင်သူအမျိုးသမီးအများစုကတော့ စိတ်ကျေနပ်မှုနည်းပါးတယ်လို့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

    အဓိကကတော့ ခွဲစိတ်ပြီးချိန်မှာ ရင်သားနှစ်ဖက် အချိုးမညီဘူးလို့ ယူဆလို့ ဖြစ်ပါတယ်။ နောက်ထပ်စိတ်ကျေနပ်မှုမရတာများတဲ့ ခွဲစိတ်မှုကတော့ မျက်နှာပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။

    …………………

    ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်သင့်ပါတယ်။ ကြုံတွေ့နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေကို သေချာသိရှိနားလည်ထားဖို့ လိုပါတယ်။ ဆရာဝန်ရဲ့ အကြံပြုချက်များကို သေချာစွာ လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့ရနိုင်ခြေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement