ခွဲစိတ်မှုအမျိုးအစားများ
သိုင်းရွိုက်ခွဲစိတ်မှု အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ အများဆုံးပြုလုပ်တဲ့ ခွဲစိတ်မှုတွေကတော့ အခြမ်းလိုက်ဖြတ်ထုတ်ခြင်း (lobectomy)၊ သိုင်းရွိုက်သား အနည်းငယ်ချန်သော ခွဲစိတ်ခြင်း (subtotal thyroidectomy) နဲ့ သိုင်းရွိုက်ဂလင်းတခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (total thyroidectomy) စတာတွေ ဖြစ်ပါတယ်။
အခြမ်းလိုက်ဖြတ်ထုတ်ခြင်းကို သိုင်းရွိုက်ဂလင်းတဖက်ဖက်မှာ ရောင်ရမ်းခြင်း၊ အကျိတ်အဖုဖြစ်ခြင်း စတာတွေအတွက် ကုသရာမှာ အသုံးပြုပါတယ်။ တဖက်ခြမ်းကို ဖြတ်ထုတ်ပြီးချိန်မှာ ကျန်ခဲ့တဲ့အခြမ်းကနေ ပုံမှန်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
တခါတရံမှာ သိုင်းရွိုက်ဂလင်းကို ဖယ်ထုတ်ပြီး သိုင်းရွိုက်တစ်ရှူးအနည်းငယ် ချန်ခဲ့တဲ့နည်းကို အသုံးပြုပါတယ်။ အဆိုပါခွဲစိတ်ခြင်းပြုလုပ်ပြီးချိန်မှာလည်း သိုင်းရွိုက်လုပ်ငန်းအချို့ လည်ပတ်နိုင်ပါသေးတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာတော့ နည်းသွားနိုင်ပါတယ်။ အဆိုပါ အခြေအနေမှာ သိုင်းရွိုက်ဟော်မုန်းအားဖြည့်ဆေးတွေ သုံးစွဲရတတ်ပါတယ်။
သိုင်းရွိုက်ဂလင်းတခုလုံး ရောင်ရမ်းနေရင်၊ ကင်ဆာကျိတ်ဖြစ်ပေါ်နေရင် သိုင်းရွိုက်ဂလင်းတခုလုံးကို ခွဲစိတ်ဖယ်ရှားပါတယ်။
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်း ဘယ်လိုလုပ်ဆောင်သလဲ
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းဟာ ဆေးရုံမှပဲ ပြုလုပ်ရတဲ့ အကြီးစားခွဲစိတ်မှု ဖြစ်ပါတယ်။ မခွဲစိတ်ခင်မှာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့ကနေ ခွဲစိတ်ဖို့ သင့်တော်တဲ့ အခြေအနေရှိမရှိ ဆုံးဖြတ်ပါလိမ့်မယ်။ ခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်ဆီမှာ ကြိုတင်ပြီး မေးမြန်းနိုင်ပါတယ်။ ခွဲစိတ်မုှမပြုခင်မှာ အနည်းဆုံး ၈နာရီခန့် အစာမစား၊ အရည်မသောက်ဘဲ နေရပါတယ်။
ခွဲစိတ်ချိန်မှာ မေ့ဆေးပေးပြီး လည်ပင်းကို ခွဲစိတ်ပြီး သိုင်းရွိုက်ကို ခွဲစိတ်ကုသပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သေးငယ်တဲ့အပြင် ဘေးမှာလည်း သွေးကြောနဲ့ အာရုံကြောတွေ များစွာရှိတဲ့အတွက် ခွဲစိတ်မှုဟာ အနုစိတ်ပြီး အနည်းဆုံးနှစ်နာရီခန့် ကြာနိုင်ပါတယ်။
ခွဲစိတ်ပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားတဲ့အခန်းမှာထားပြီး စောင့်ကြည့်ပါလိမ့်မယ်။ အခြေအနေ စိတ်ချသွားရရင် ပုံမှန်အခန်းကို ပြောင်းရွှေ့ပြီး ၂၄-၄၈ နာရီ ထပ်မံစောင့်ကြည့်ကုသပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အတန်ကြာတဲ့အထိ လည်ပင်းမှာ နာခြင်း၊ ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပြန်လည်ပြသဖို့ လိုပါတယ်။
တခြားသော ခွဲစိတ်မှုတွေလိုပဲ ခွဲစိတ်ခြင်းကြောင့်၊ မေ့ဆေးထုံဆေးကြောင့် ကြုံနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ ကပ်လျက်က အသံအိုးနဲ့ဆက်သွယ်ထားတဲ့ အာရုံကြောကို ထိခိုက်မိခြင်း၊ ပါရာသိုင်းရွိုက်ဂလင်းကို ထိခိုက်မိခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာ နည်းသွားနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ သက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသသွားဖို့ လိုအပ်ပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။