backup og meta

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

    ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမှာပေါ့။ အသည်းအစားထိုးရမယ်တို့၊ ကျောက်ကပ်အစားထိုးရမှာမို့လို့ အလှူရှင်လိုက်ရှာကြတာတွေ။ ကိုယ်အင်္ဂါတွေကို အစားထိုးမယ်ဆိုရင် လူအရှင်ဆီက ယူလို့ရသလို၊ လူသေဆီကလည်း ယူလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူအရှင်ဆီကနေ ကိုယ်အင်္ဂါအစားထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

    ဘာတွေ အစားထိုးလို့ရသလဲ။

    ကိုယ်တွင်းအင်္ဂါတော်တော်များများ အစားထိုးလို့ရပါတယ်။ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီစသဖြင့်ပေါ့။ လုံးဝကုသလို့မရတော့အောင် ပျက်စီးသွားတဲ့အခါမျိုးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးတာက နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ အစားထိုးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလှူခံတဲ့သူကလည်း အစားထိုးပြီးတဲ့ နောက်မှာ ပြန်ကျန်းမာရမယ်။ အလှူရှင်ကလည်း ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ရမယ်ဆိုတာပါပဲ။

    တစ်ခါတလေမှာ  အလှူခံရဲ့ ကိုယ်ခန္ဓာကိုယ်က အလှူရှင်ရဲ့ ကိုယ်တွင်းအင်္ဂါကို ပြန်တိုက်ထုတ်တာကြောင့် မအောင်မြင်တာလည်း ရှိနိုင်ပေမယ့် တတ်နိုင်သလောက်တော့ အစားမထိုးခင်တည်းက အချက်အလက်တွေ တူနိုင်သမျှ တူအောင်၊ ခုခံအားက ပြန်မတိုက်အောင် ပြင်ဆင်ပြီးမှ အစားထိုးပေးပါတယ်။

    ဘယ်လိုအချက်တွေ ကိုက်ညီမှ လှူလို့ရမှာလဲ။

    အလှူရှင်နဲ့ အလှူခံတို့ရဲ့

    • သွေးအမျိုးအစား
    • လှူဒါန်းမယ့် အင်္ဂါရဲ့ အရွယ်အစား
    • နှစ်ယောက်လုံးရဲ့ ကျန်းမာရေးအခြေအနေ
    • တချို့သော လှူဒါန်းမှုတွေမှာဆိုရင်တော့ နှစ်ယောက်လုံးရဲ့ ခုခံအားစနစ် ကိုက်ညီမှု၊ လူကြီးကို လှူရမှာလား ကလေးကို လှူရမှာလား စတဲ့အချက်တွေ အပေါ် မူတည်ပါတယ်။

    အလှူရှင်ရဲ့ အခွင့်အရေးတွေက ဘာတွေလဲ။

    အလှူရှင်အနေနဲ့

    • စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာတွေပါ ကျန်းမာနေဖို့လိုပါတယ်။ (ဆိုလိုတာက တစ်ယောက်ယောက်က သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး အတင်းအကြပ်လှူဒါန်းခိုင်းမှာ စိုးလို့ပါ။)
    • အသက်ပြည့်ရပါမယ်။ အသက်မပြည့်သေးရင် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်လိုပါတယ်။
    • ကိုယ်တိုင် လှူဒါန်းချင်စိတ်ရှိပါမယ်။ အချက်အလက်တွေ ကိုက်ညီပေမယ့် မလှူချင်ရင် ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။
    • အစားထိုးခွဲစိတ်မှုအကြောင်း ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ အလှူရှင်ကို ဖြစ်လာနိုင်တဲ့ အကြောင်းအကျိုးတွေကို သေသေချာချာ ရှင်းပြထားပြီး ဖြစ်ရပါမယ်။ ရှင်းပြပြီး နားလည်မှ လက်ခံရပါမယ်။
    • အလှူရှင်ကို သင့်တော်တဲ့ ကျန်းမာရေး ထောက်ပံ့မှု ပေးထားရပါမယ်။

    ကိုယ်အင်္ဂါအစားထိုးခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

    • အသက်ကန့်သတ်ချက် ရှိသလား။

    လှူဒါန်းဖို့ရာ အသက်ကန့်သတ်ချက်မရှိပါဘူး။ ဆရာဝန်က ခွင့်ပြုရင် ရပါတယ်။ ဒါပေမယ့် လှူမယ် မလှူဘူးဆိုတာတော့ အလှူရှင်နဲ့ပဲ ဆိုင်ပါတယ်။ ၁၈နှစ်ပြည့်ရင် ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ ၁၈နှစ်အောက်ဆိုရင်တော့ အုပ်ထိန်းသူက ခွင့်ပြုရပါမယ်။

    • ရောဂါတွေ ရှိနေရင် လှူလို့ရပါ့မလား။ 

    ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ တချို့ရောဂါတွေက ကုသလို့ ပျောက်ကင်းသွားရင် ဒါမှမဟုတ် ရောဂါကို ထိန်းချုပ်နိုင်ရင် လှူလို့ရပါတယ်။ ကူးစက်ရောဂါတွေ ရှိနေရင်တော့  (ဥပမာ HIV) ဆရာဝန်ကို အသိပေးပါ။

    ကင်ဆာရောဂါဆိုရင်လည်း လက်ရှိဖြစ်နေတာဆိုရင် မလှူသင့်ပါဘူး။ ကုသထားတာ ၃နှစ်လောက်ရှိပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လှူသင့် မလှူသင့် ဆုံးဖြတ်လို့ရပါတယ်။

    ဒါတွေ လုပ်ထားလို့ လှူလို့မရဘူးဆိုတာ မဟုတ်ပါဘူး။ လှူမယ့် ကိုယ်တွင်းအင်္ဂါက ကောင်းနေတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ တခြားဆေးစစ်ချက်တွေလည်း အဆင်ပြေတယ်။ အလှူခံနဲ့လည်း အချက်အလက် ကိုက်ညီတယ်ဆို လှူလို့ရပါတယ်။

    • အမျိုးအချင်းချင်းပဲ လှူလို့ရတာလား။

    အမျိုးအချင်းချင်းမှ မဟုတ်ပါဘူး။ အချက်အလက်ကိုက်ညီရင် သူစိမ်းလည်း လှူလို့ရပါတယ်။ ဒီလိုပဲ အချက်အလက်မကိုက်ဘူးဆိုရင် ညီအစ်ကို မောင်နှမအရင်း ဖြစ်နေရင်တောင် လှူလို့မရပါဘူး။

    ကိုယ်တွင်းအင်္ဂါအစားထိုးတာက အရင်ကလောက် မခက်ခဲတော့ပါဘူး။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုး နည်းနည်းနဲ့ အစားထိုးလို့ရနေပါပြီ။ အလှူရှင်ရော အလှူခံရော အန္တရာယ်ကင်းဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ်နဲ့ ကိုက်ညီတဲ့ အလှူရှင်ကို အမြန်ဆုံးရှာတွေ့ဖို့သာ လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement