backup og meta

ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုနည်းပညာကို သုံးလို့ သိုင်းရွိုက်ပြဿနာကို ဖြေရှင်းလို့ရနေပါပြီ။


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းအရှေ့ဘက်က ရောင်နေတယ်၊ အသံတွေက ဘာ​ကြောင့်မှန်းမသိ ကွဲအက်နေတယ်၊ တော်တော်နဲ့ကို မသက်သာဘူး။ အစာမျိုချရတာ ခက်လာတယ်။ လည်ပင်းတဝိုက်က နာနေတယ်။ လည်ပင်းက ပြန်ရည်ကြော ဂလင်းတွေ ရောင်နေတယ်။ လည်ပင်းလည်း ကြီးလာသလိုပဲ။ ဘာဖြစ်နေတာလည်း မသိဘူးဆိုရင်တော့ ဒီလက္ခဏာတွေရဲ့ ဖြစ်နိုင်ခြေက သိုင်းရွိုက်ပြဿနာရှိနေတာပါ။ အဆိုးဆုံးအနေနဲ့ကတော့ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်တာပါ။

    သိုင်းရွိုက်ပြဿနာကို ကုသနိုင်မယ့်နည်းလမ်းတွေ ရှိပါ့မလား။ သိုင်းရွိုက် ကင်ဆာ ဖြစ်နေတယ်ဆိုရင်ရော ကုသလို့ ပျောက်ကင်းပါ့ဦးမလား။ သေရတော့မယ်ထင်ပါတယ်လို့ တွေးမိနေပြီလား။ ကင်ဆာဆိုတိုင်း သေရမယ်လို့ မဟုတ်ပါဘူး။ အခုပြောတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသလို့ ရောဂါကို အတည်ပြုတာ၊ ရောဂါ အခြေအနေကို အတည်ပြုတာ လုပ်ဆောင်ဖို့ လိုပါမယ်။ ရောဂါ အမျိုးအစားနဲ့ အခြေအနေကို အတည်ပြုပြီးလို့ သိုင်းရွိုက်ကင်ဆာ ဖြစ်နေခဲ့ရင်တောင် ကုသပျောက်ကင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။

    သိုင်းရွိုက်ပြဿနာတွေအတွက် ကုသနည်းတစ်ရပ် ( Thyroidectomy)

    Thyroidectomy ဆိုတာက သိုင်းရွိုက်ဂလင်း တစ်ခုလုံး ဒါမှမဟုတ် သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားတဲ့ ကုသနည်းပါ။ သိုင်းရွိုက်ဆိုတာက လည်ပင်းအောက်ဖက်နားမှာ ရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပါ။ ဒီဂလင်းက ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးဖြစ်စေဖို့ ထိန်းညှိပေးပါတယ်။

    ဘယ်လိုအခြေအနေမှာ Thyroidectomy ကို ခံယူဖို့လိုမလဲ။

    သိုင်းရွိုက်ကျန်းမာရေးပြဿနာ အမျိုးမျိုးအတွက် Thyroidectomy ကို အသုံးပြုကြပေမယ့်

    • သိုင်းရွိုက်ကင်ဆာ
    • ကင်ဆာမဟုတ်ဘဲ သိုင်းရွိုက်ဂလင်းကြီးလာတာ (လည်ပင်းကြီး)
    • သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက် လွန်ကဲနေသောရောဂါ (hyperthyroidism)တို့အတွက်တော့ အထိရောက်ဆုံး ကုသနည်းက Thyroidectomy ပါပဲ။

    Thyroidectomy အမျိုးအစား ကွဲသေးလား။

    သိုင်းရွိုက်ပြဿနာတွေအတွက် ကုသနည်း ( Thyroidectomy) ကို

  • သိုင်းရွိုက်တစ်စိတ်တစ်ပိုင်း ဖယ်ရှား ကုသမှု (partial thyroidectomy) နဲ့
  • သိုင်းရွိုက်တစ်ခုလုံး ဖယ်ရှားကုသမှု (total thyroidectomy)  ဆိုပြီး (၂) မျိုးရှိပါတယ်။
  • ဒီကုသမှုအတွင်း သိုင်းရွိုက်ဂလင်းကို ဘယ်လောက်အတိုင်းအတာအထိ ဖယ်ထုတ်ရမလဲဆိုတာက ခွဲစိတ်မှုခံယူရတဲ့ အကြောင်းအရာပေါ်မှာပဲ မူတည်မှာပါ။ ရောဂါအခြေအနေကို လိုက်ပြီး ကွာခြားမယ့် သဘောပါ။ တကယ်လို့ သိုင်းရွိုက်ကို တစ်စိတ်တစ်ပိုင်းပဲ ဖယ်ရှားရတဲ့ ကုသမှု (partial thyroidectomy) ကို ခံယူမယ်ဆိုရင် ခွဲစိတ်မှုခံယူပြီးချိန်မှာ သိုင်းရွိုက်က ပုံမှန် အတိုင်း အလုပ် လုပ်ဆောင်ပေးနိုင်မှာပါ။ တကယ်လို့ သိုင်းရွိုက်တစ်ခုလုံးကို ဖယ်ရှားရတဲ့ (total thyroidectomy) ကို ခံယူမယ်ဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်း အစားထိုးကုသမှုကို လုပ်ဆောင်ဖို့လိုပါမယ်။

    Thyroidectomy ခွဲစိတ်ကုသမှုက အန္တရာယ်များလား။

    သိုင်းရွိုက်ပြဿနာရှိနေပြီ ဥပမာ ကင်ဆာဖြစ်နေမယ်ဆိုရင်တော့ သေချာတာက ခွဲစိတ်ကုသမှု ခံယူရမှာပါ။ ဒီခွဲစိတ်ကုသမှုက များသောအားဖြင့်တော့ အောင်မြင်ကြပါတယ်။ အန္တရာယ် မများလှပေမယ့် လည်ပင်းမှာ ခွဲစိတ်မှုလုပ်ရမှာကတော့ အသေအချာပါ။ ခံစားနေရတဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲစိတ်မှုအတိုင်းအတာ ကွာခြားနိုင်ပါတယ်။ခံစားနေရတာက သိုင်းရွိုက်ကင်ဆာဖြစ်နေမယ်။ သိုင်းရွိုက်ဂလင်းတဝိုက်က တစ်ရှူးတွေကို ဖယ်ရှားရမယ်။ ကင်ဆာကျိတ်ကလည်း ကြီးနေမယ်ဆိုရင်တော့ ခွဲစိတ်ရတဲ့ အတိုင်းအတာက ကြီးနိုင်တာပေါ့။

    နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်လား။

    လည်ပင်းကို ခွဲစိတ်ရတယ်၊ ဖယ်ရှားရမယ့် တစ်ရှူးတွေများရင်များသလို ခွဲစိတ်မှုကကြီးနိုင်တဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကတော့ ရှိလာနိုင်ပါတယ်။ ဥပမာ

    • သွေးထွက်တာ
    • ပိုးဝင်ကူးစက်တာ
    • သွေးထွက်တာကြောင့် လေပြွန်ပိတ်ဆို့တာ
    • အာရုံကြောထိခိုက်မိတာကြောင့် အသံအိုး အားနည်းပြီး အသံတိုးသွားတာ၊ အသံ သိပ်မထွက်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒီလိုနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကလည်း ရှိ၊ လည်ပင်းကိုလည်း ခွဲရမှာ ကြောက်တယ်ဆိုရင်တော့ ဆေးပညာတိုးတက်မှုရဲ့ မှတ်တိုင်တစ်ရပ်အနေနဲ့ ပေါ်ထွက်လာခဲ့တဲ့သိုင်းရွိုက်ပြဿနာကို ထိခိုက်မှုအနည်းဆုံးနဲ့ ဖြေရှင်းပေးနိုင်မယ့် ကုသနည်း တစ်ရပ်ဖြစ်တဲ့ Robotic thyroid surgery ရှိပါတယ်။

    ထိခိုက်မှုအနည်းဆုံးနဲ့ သိုင်းရွိုက်ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု (Robotic thyroid surgery)

    Robotic thyroid surgery ကို  robotic thyroidectomy လို့လည်း သိကြပါတယ်။ robotic thyroidectomy ဆိုတာက ခန္ဓာကိုယ်မှာ ပုံမှန်ခွဲစိတ်မှုတွေလို ဓားရာအကြီးကြီးတွေ ပေးစရာမလိုဘဲအပေါက်သေးသေးလေးဖောက်ပြီးလုပ်ရတဲ့ ခွဲစိတ်ကုသမှုဖြစ်တဲ့ minimally invasive surgery အမျိုးအစားတစ်ခုပါ။ သိုင်းရွိုက်ဂလင်းဆီရောက်ရှိဖို့ ကြီးမားတဲ့ ခွဲစိတ်မှုကို လုပ်စရာမလိုဘဲ ချိုင်းအောက်ဘက်ကနေ အပေါက်လေးဖောက်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ ခွဲစိတ်မှုကို လုပ်ဆောင်မှာပါ။ စက်ရုပ်လက်ဆိုတဲ့နေရာမှာလည်း တုတ်တံလို ခပ်ရှည်ရှည်အရာလေးတွေသာဖြစ်ပါတယ်။

    ဒီခွဲစိတ်မှုအတွက် စက်ရုပ်လက် ၄ ခုကို အသုံးပြုမှာဖြစ်ပြီး စက်ရုပ်လက်တွေမှာ မြင်ကွင်းကို ပြတ်သားစွာမြင်ရစေဖို့အတွက် အရည်အသွေးမြင့်တဲ့ ကင်မရာပါဝင်ပါတယ်။ ဆရာဝန်ကို တိကျစွာ ကုသမှုပေးနိုင်စေဖို့အတွက် သံလိုက်စက်ကွင်းသုံး ပုံရိပ်ဖော်စနစ်က အထိရောက်ဆုံး အားဖြည့်ပေးမှာပါ။

    စက်ရုပ်လက်တွေကိုသုံးပြီးခွဲစိတ်မှုလုပ်တဲ့အခါ ခွဲစိတ်ကုဆရာဝန်က ခလုတ်ခုံကနေ လက်တံတွေကို လိုအပ်သလို ထိန်းချုပ်စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ၃ဖက်မြင်ကင်မရာတွေကိုအသုံးပြုထားတာကြောင့် ခွဲစိတ်မယ့်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရသလို စက်ရုပ်လက်တံတွေကို သုံးပြုပြီးခွဲစိတ်တာဖြစ်တဲ့အတွက် လိုအပ်သလို ထိန်းချုပ်ပြီး တိတိကျကျခွဲစိတ်မှုတွေကို လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ ခွဲစိတ်ပြီးတဲ့အခါ ဖောက်ထားတဲ့ အပေါက်သေးသေးလေးကို ပြန်ချုပ်လိုက်ရုံပါ။

    ဘယ်လိုအခြေအနေတွေ အသုံးပြုလို့ရမလဲ။

    ဒီ Robotic thyroid surgery ကို သိုင်းရွိုက်ပြဿနာအမျိုးမျိုးအတွက် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် မဖြစ်မနေ လည်ပင်းကို ခွဲစိတ်မှု ခံယူရမယ့်

    • သိုင်းရွိုက်အကျိတ်ဖြစ်တာ (ကင်ဆာကျိတ် သို့မဟုတ် ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ကို ဖယ်ရှားဖို့)
    • သိုင်းရွိုက်ကင်ဆာ
    • လည်ပင်းကြီးရောဂါ
    • သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက် လွန်ကဲနေသောရောဂါ (hyperthyroidism) တို့အတွက် အသုံးပြုလို့ရပါတယ်။

    အားသာချက်က ဘာတွေဖြစ်မလဲ။

    ဒီ Robotic thyroid surgery က ပုံမှန် Thyroidectomy ကုသမှုထက် ပိုမိုထိရောက်တယ်လို့ ပြောရတာက

    • လည်ပင်းမှာ ခွဲစိတ်ရမှုမရှိဘူး
    • ဒဏ်ရာက သေးသေးလေးပဲဖြစ်မယ်
    • အမာရွတ်ကျန်ခဲ့နိုင်ခြေနည်းတယ်
    • သွေး နဲ့ အရိုးထဲက ကယ်လ်ဆီယမ်ပမာဏကို ထိန်းညှိပေးတဲ့ parathyroid ဂလင်း ထိခိုက်နိုင်ခြေ နည်းတယ်
    • အာရုံကြော ထိခိုက်နိုင်ခြေနည်းတယ်
    • မြန်မြန်နလန်ထနိုင်မယ်
    • အနာပိုးဝင်ကူးစက်ခံရနိုင်ခြေနည်းတယ် စတဲ့ အချက်တွေကြောင့်ပါ။

    သိုင်းရွိုက်ကင်ဆာ အပါအဝင် သိုင်းရွိုက်ပြဿနာ အမျိုးမျိုးကို ထိခိုက်မှု အနည်းဆုံးနဲ့ မြန်မြန်ကျန်းမာလာစေဖို့ဆိုရင် Robotic thyroid surgery ကို ခံယူလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement