backup og meta

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။

    လေ့ကျင့်ခန်းလုပ်လည်းမကျ အစားအသောက်နဲ့ထိန်းလည်းမရတဲ့ ကိုယ်ပေါ်က အဆီ တွေကို စုပ်ထုတ်ပစ်ဖို့ စဉ်းစားနေပြီလား။ ခုနောက်ပိုင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းလေးကလည်း လူပြောများ ခေတ်စားလာတယ်ပြီး စိတ်ဝင်စားတဲ့သူတွေလည်း များလာတယ်လေ။ အဲဒီ စိတ်ဝင်စားတဲ့အထဲမှာ ကိုယ်လည်းပါနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။

    အဆီစုပ်ထုတ်တယ်ဆိုတာ ဘယ်လိုများလဲ ။ ။

    ဆေးပညာအရ အဆီစုပ်ထုတ်တယ်ဆိုတာကို Liposuction လို့ခေါ်ပြီး အစားလျှော့ လေ့ကျင့်ခန်းလုပ်တာတောင် မကျနိုင်တဲ့ အဆီတွေကို ဖယ်ရှားတဲ့ cosmetic procedure( အလှအပ ဆိုင်ရာနည်းပညာ) တစ်ခုပါ။

    Liposuction လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာတွေရှိသင့်လဲ။

    Liposuction ဆိုတာ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ကိုခံနိုင်မယ့်သူဖြစ်ဖို့လိုပါတယ်။ ဒီတော့ liposuction လုပ်တဲ့သူဟာ

    • ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းအတွင်းမှာရှိရမယ်
    • အသားအရေကလည်း ကျုံ့နိုင် ဆန့်နိုင်အားကောင်းတဲ့ အခြေအနေမှာရှိနေသင့်ပြီးူ
    • ဆေးလိပ်သောက်တဲ့သူ ဖြစ်လို့မရပါဘူး။

    နောက်ပြီး သွေးလည်ပတ်မှုဆိုင်ရာပြဿနာရှိတဲ့သူတွေ၊ နှလုံးရောဂါ ဆီးချိုရောဂါရှိတဲ့သူတွေ နဲ့ ခုခံအားနည်းတဲ့သူတွေ ဖြစ်လို့မရပါဘူး။

    Liposuction မလုပ်ခင် ဘာတွေ ကြိုသိထားသင့်သေးလဲ။ ။

    စစချင်းလုပ်ရမှာကတော့ ဆရာဝန်နဲ့သွားဆွေးနွေးပြီး ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓါအချိုးအစားက ဘယ်လိုလဲ၊ အခြားရွေးချယ်လို့ရတဲ့နည်းတွေရောရှိသေးလား ၊နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေရှိမလဲနဲ့ Liposuction လုပ်လိုက်ရင် ရလာမယ့် ကောင်းကျိုးတွေကရော ဘာတွေလဲ။ ကုန်ကျမှုကရော ဘယ်လောက်ရှိမလဲဆိုတဲ့ မေးခွန်းတွေသင့်ဘက်က မေးရမှာဖြစ်ပါတယ် ။

    အားလုံးမေးပြီးလို့ Liposuction လုပ်ဖို့ သင့်ဘက်က ဆုံးဖြတ်လိုက်ပြီဆိုရင်

    • ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာ
    • ကိုယ်စွဲသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေးတွေ
    • မတည့်တဲ့ဆေးတွေ အကြောင်း ဆရာဝန်ကို ပြောပြပါ။

    ဆရာဝန်ကနေပြီးတော့ သောက်နေတဲ့ တစ်ချို့ဆေးတွေကို Liposuction မလုပ်ခင် ကြိုရပ်ခိုင်းမှာ ဖြစ်ပြီး၊ အကိုက်အခဲပျောက်ေဆးတွေကို ကြိုပေးထားက လိုက်နာရမယ့် နေထိုင်မှုပုံစံ စားသောက်မှုပုံစံတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

    Liposuction လုပ်မယ့်နေရာကို သေချာမှတ်ထားမှာဖြစ်ပြီး လုပ်ချင်တဲ့ နေရာပေါ်မူတည်ပြီး မေ့ဆေးပေးမလား ထုံဆေးပေးမလား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    Liposuction ဘယ်နှစ်မျိုးရှိလဲ ။ ။

    Tumescent liposuction – အသုံးအများဆုံး အဆီစုပ်ထုတ်နည်းတစ်မျိုးဖြစ်ပြီး အဆီထုတ်ချင်တဲ့နေရာကို ဆေးရည်တစ်မျိုးထည့်လိုက်မှာ ဖြစ်ပါတယ်။ ဒီဆေးရည်လေးဟာ lidocaineepinephrine. နဲ့ saltwater တို့ပေါင်းထားတာဖြစ်ပြီး အဆီစုပ်ထုတ်ချိန် နာကျင်မှုနည်းအောင် သွေးထွက်တာနည်းအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

    Ultrasound-assisted liposuction, or UAL – အသံလှိုင်းကို အသုံးပြုပြီး အဆီစုနေတဲ့ ဆဲလ်နံရံတွေကို ဖောက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ထွက်လာတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းပညာဖြစ်ပါတယ်။

    Laser-assisted liposuction, or SmartLipo – လေဆာ အသုံးပြုပြီး အဆီတွေကို အရည်ဖျော်ပစ်တဲ့ နည်းပညာဖြစ်ပါတယ်။

    အဓိက ၃ နည်းရှိတယ်ဆိုပေမယ့် ၃ နည်းလုံးမှာ တူညီတာတစ်ခုကတော့ အဆီစုပ်ထုတ်တဲ့ ပိုက်လေးတစ်ချောင်းပါကိုပါရမယ်ဆိုတာပါပဲ။

    နောက်ဆက်တွဲ ပြဿနာဘာတွေရှိမလဲ ။။

    Cosmetic surgery ခွဲစိတ်မှု ဖြစ်တာကြောင့် Liposuction မှာ နောက်ဆက်တွဲဆိုးကျိုးလေးတွေ ရှိတတ်ပါတယ်။

    • သွေးထွက်တာမျိုးတွေရှိမယ်
    • မေ့ဆေး ထုံဆေးရဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိမယ်
    • သွေးထွက်လွန်တာ၊ ကိုယ်တွင်းအရည်ဓါတ်ဆုံးရှုံးမှုတွေ များပြီး shock ရတာမျိုးတွေဖြစ်တတ်ပြီး
    • ထိုးသွင်းတဲ့ ဆေးရည်တွေ အရေပြားအောက်မှာ စုနေတာ
    • ခွဲထားတဲ့နေရာကနေ ပိုးဝင်တာ
    • အဆီခဲလေးတွေ ပြုတ်ထွက်သွားပြီး သွေးကြောတွေမှာ သွားပိတ်နေတာ နဲ့
    • စုပ်ထုတ်တဲ့အဆီပြင်တွေ မညီညာတာမျိုး နဲ့
    • အဆီပြင်ပတ်ဝန်းကျင်က အရေပြား၊ တစ်ရှူးနဲ့ ကြွက်သားတွေ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဘယ်တော့လောက်ပြန်သက်သာမလဲ ။ ။

    • ကိုယ်လုပ်ထားတဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး ဆေးရုံမှာ ရက်ကြာကြာနေရမရ ဆုံဖြတ်ရမှာ ဖြစ်ပါတယ်။
    • ခွဲစိတ်မှုလုပ်ထားတဲ့နေရာမှာ အညိုအမဲစွဲတာ ။ ရောင်ရမ်းနာကျင်တာမျိုး ရက်သတ္တပါတ် အနည်းငယ်လောက် ရှိတတ်ပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းနေတဲ့ နေရာကို ဖိဖို့ compression garment တွေ ၁လ ၂လ လောက်တော့ဝတ်ပေးရပါလိမ့်မယ်။
    • ပိုးဝင်တာတွေကို ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးတွေ သောက်ပေးဖို့လည်း လိုအပ်ပါသေးတယ်။
    • Liposuction လုပ်ပြီး ၂ ပတ်လောက်အတွင်းမှာတင် ပုံမှန်အလုပ်တွေပြန်လုပ်လို့ရပါပြီ။

    ဘာဆေးတွေ ဆက်သောက်ရမလဲ၊ ချုပ်ရိုးရှိရင် ဘယ်တော့လောက်ပြန်ဖြေရမလဲ၊ ဘယ်တော့လောက်လေ့ကျင့်ခန်းပြန်လုပ်လို့ရမလဲ နဲ့ ရက်ချိန်းဘယ်တော့လောက်ပြန်ပြရမလဲဆိုတာတွေကို ဆေးရုံကဆင်းရင် တစ်ခါတည်းမေးခဲ့ဖို့ မမေ့ပါနဲ့။

    တစ်ခါလုပ်ပြီးရင် တစ်သက်လုံးခံမှာလား။

    Liposuction ဟာ ကိုယ်တွင်းမှာရှိနေတဲ့ အဆီဆဲလ်တွေကို အပြီးတိုင် ဖျက်ပစ်တဲ့ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် တစ်ခါလုပ်ပြီး တစ်သက်လုံးခံတယ်လို့ ပြောလို့ရပေမယ့် အစားအသောက်တွေ မဆင်ခြင်၊ လေ့ကျင့်ခန်း မှန်ှမှန်မလုပ်ရင်တော့ အဆီဆဲလ်အသစ်တွေပေါ်လာပြီး အဆီစုတာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆီကြော် တွေ ရှောင်စားမယ်၊ အသီးအရွက်များများစားမယ်၊ ပရိုတင်းတွေ များများစားမယ် လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင်တော့ Liposuction ( အဆီတစ်ခါစုပ်ထုတ်) ပြီးရင် တစ်သက်လုံးခံမှာ သေချာပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement