အပေါက်လေးဖောက်ပြီး ခွဲတယ်ဆိုတာ
ဆေးပညာအရ laproscopic surgeryလို့ ခေါ်ပါတယ်။ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်မှုတွေကို သေးသထက် သေးအောင် ကြိုးစားလာကြပါတယ်။ ခပ်သေးသေးပဲ ခွဲပြီး အနာမြန်မြန်ကျက်ဖို့ အားထုတ်လာကြပါတယ်။ ဒါကြောင့် အပေါက်ဖောက်ပြီး ခွဲတယ်ဆိုတဲ့ နည်းလမ်း ခေတ်စားလာတာပါ။
ဒီလို သေးသေးလေး ဖောက်ပြီး ခွဲစိတ်တာကို ခွဲစိတ်မှုတိုင်းအတွက် မလုပ်နိုင်သေးပါဘူး။ များသောအားဖြင့် အူအတက်ခွဲဖို့၊ နေရာမှာပြီး ရှိနေတဲ့ သန္ဓေသားကို ခွဲထုတ်ဖို့၊ အူကျတာကို ခွဲစိတ်ဖို့၊ သည်းခြေအိတ် ဖယ်ဖို့ စတဲ့ ခွဲစိတ်မှုတွေမှာတော့ လုပ်လေ့ရှိပါတယ်။
စက်ရုပ် လက်တံလေးတွေ အသုံးပြုပြီး ထိပ်မှာ ကင်မရာတပ်၊ ဝမ်းဗိုက်မှာ အပေါက်လေးတွေ ဖောက်ပြီး ဒီအပေါက်လေးတွေကတဆင့် စက်ရုပ်လက်တံတွေကို သုံးပြီး ခွဲစိတ်တာပါ။ လက်တံထိပ်မှာ ကင်မရာတပ်ထားတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို စကရင်ပေါ်မှာ အလွယ်တကူ ကြည့်လို့ရပါတယ်။
သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။
အားသာချက်တွေကတော့
- အပေါက်လေးပဲ ဖောက်တဲ့အတွက် ခွဲကြောင်းအကြီးကြီး မလိုပါဘူး။ ပြန်ချုပ်ရင်လည်း အမာရွတ်သေးပါတယ်။
- အမာရွတ်သေးတဲ့အတွက် နောက်ပိုင်း အူကျွံတာ သိပ်မဖြစ်ပါဘူး။
- အနာကျက်မြန်တဲ့အတွက် အဝလွန်သူတွေ၊ ဆီးချိုရှိသူတွေအတွက် သင့်တော်ပါတယ်။
- ပိုးဝင်တာလည်း ဖြစ်ခဲပါတယ်။
- ဆေးရုံကြာကြာ မတက်ရပါဘူး။
- အိမ်ပြန်ရောက်ရင်လည်း သိပ်မကြာခင်မှာပဲ သာမန်အတိုင်း ပြန်နေနိုင်ပါတယ်။
- ခွဲစိတ်ရာ သေးတဲ့အတွက် ခွဲစိတ်ပြီး နာကျင်တာမျိုးလည်း သိပ်မခံစားရပါဘူး။
အားနည်းချက်တွေကတော့
- လက်နဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်တာမျိုး မဟုတ်တဲ့အတွက် ခွဲနေတဲ့ အင်္ဂါအကြောင်းကို အသေးစိတ်မသိရပါဘူး။
- ကင်မရာကနေတဆင့် ခွဲရတာဖြစ်တဲ့အတွက် လက်နဲ့ မျက်လုံး အလေ့အကျင့် လိုပါတယ်။
- သေချာလေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်လိုပါတယ်။
- ရုတ်တရက် သွေးထွက်တာဖြစ်လာခဲ့ရင် သွေးတိတ်အောင် လုပ်ဖို့ ခက်ပါတယ်။ ဒါကြောင့် သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်ခွဲရတာမျိုး ရှိတတ်ပါတယ်။
- ရောဂါက ထင်ထားတာထက် ကြီးလို့ ခွဲကြောင်းကို ချဲ့ဖို့ လိုလာရင်လည်း အပေါက်ဖောက်ခွဲစိတ်တာကိုရပ်ပြီး သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်လည်ခွဲစိတ်ရတတ်ပါတယ်။
- မေ့ဆေး။ ထုံဆေးဒဏ် ခံရတတ်ပါတယ်။
- တစ်ခါတလေ အသားစ ယူခါနီး၊ ကိုယ်တွင်းအင်္ဂါထုတ်ခါနီး အပေါက်နဲ့ မဆန့်လို့ ခွဲကြောင်းချဲ့ရတာမျိုး ရှိတတ်ပါတယ်။
- အဆင့်မြင့် စက်ရုပ်လက်နဲ့ ကျွမ်းကျင်ဆရာဝန်လိုအပ်တဲ့အတွက် ငွေကုန်ကြေးကျများနိုင်ပါတယ်။
ခွဲစိတ်မှုတိုင်းကို ရိုးရိုးခွဲမှာလား၊ အပေါက်ဖောက်ပြီး ခွဲမှာလား လို့ ရွေးလို့မရပါဘူး။ တချို့ရောဂါတွေက သမားရိုးကျခွဲစိတ်မှုနဲ့ သင့်တော်သလို၊ တချို့ရောဂါတွေက အပေါ်ကဖောက်ပြီး ခွဲတာက ပိုကောင်းပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် အများကြီး မူတည်ပါတယ်။ နှစ်ခုလုံး ဘာနဲ့ ခွဲခွဲ အဆင်ပြေတယ်၊ ကြိုက်တာတစ်ခုကို ရွေးချယ်ပါလို့ အခွင့်အရေးရှိလာခဲ့ရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကြိုတင် လေ့လာထားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။