အအေးမိတုပ်ကွေးကြောင့် ဖျားပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးဝေဒနာက ပြေးမလွတ်ပါဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်း ခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့် ပျောက်ကင်းသွားမှာဖြစ်ပေမယ့် ချောင်းလေး တဟွတ်ဟွတ်တော့ ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ
အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတော့
- ပူရှိန်းငုံဆေး နဲ့ သကြားလုံးတွေစားပါ။
Menthol နဲ့ တချို့ငုံဆေးတွေက လည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။
- ပျားရည်စားပါ။
ပျားရည်က ချောင်းဆိုးရော လည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခု ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မကျွေးပါနဲ့။
- အရည်များများ သောက်ပါ။
လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ၊ အာဆွတ်လိုက်ရမှ နေသာတယ် ထင်ကြပါတယ်။ လည်ချောင်းကို ပိုခြောက်သွေ့စေနိုင်တဲ့ အရက်နဲ့ ကဖင်းပါတဲ့ အရည်တွေကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။ ဆေးသကြားပါတဲ့၊ အချိုများတဲ့ အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။
- ပူနွေးတာလေး သောက်ပါ။
ကြက်စွပ်ပြုတ်အရည် သို့မဟုတ် ရေနွေးကြမ်းသောက်တာ အသက်ရှူလမ်းကြောင်းကို အနွေးဓာတ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြန်ဖြည့်နိုင်တဲ့အပြင် ပူနွေးမှုကြောင့် ချွဲသလိပ်တွေကို ကြေစေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ရလွယ်စေပါတယ်။
- ချောင်းဆိုးပျောက်ဆေး၊ ချွဲပျော််ဆေး သောက်ပါ။
တစ်ခါတရံ သလိပ်တွေထွက်ဖို့ ချောင်းပဲဆိုးနေရတာ ပင်ပန်းပါတယ်။ ချွဲထရင် ချွဲပျော်ဆေး သောက်ပါ။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်ပါ။
- ရေနွေးငွေ့ရှူပါ။
အာခေါင်ခြောက်ပြီး လည်ချောင်းယားတာက ချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင် ရေနွေးပူပူရဲ့ အငွေ့ကို ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓာတ်ထိန်းစက် (humidifier) လေး သုံးပါ။ ချွဲသလိပ်တွေပါ ပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။
- လေကောင်းလေသန့် ပဲ ရှူပါ။
မီးခိုးငွေ့တွေ၊ ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့ လေတွေကို ရှောင်ပါ။ နေမကောင်းချိန်မှာ လေကောင်းလေသန့်ရတဲ့နေရာမှာ နေပါ။ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။ ဆေးလိပ်လည်း မသောက်ပါနဲ့။
- အနားယူပါ။
အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးက ကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင် စားရမယ့်အပြင် အနားယူဖို့လည်း လိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓာကိုယ်မှာ ဖိစီးမှုပိုများလာပြီး ရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။
- ဆားရည်နဲ့ အာလုပ်ကျင်းပါ။
လည်ချောင်းနာ၊ ချောင်းဆိုးတဲ့အခါ လည်ချောင်းထဲမှာ ခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။ လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်း အာလုပ်ကျင်းပေးပါ။ ဆားရည်က ပိုးသေတဲ့ အာနိသင်လည်း ရှိပါတယ်။
အဖျားမရှိတော့ဘဲ နေကောင်းလာတောင် ချောင်းဆိုးကျန်နေတာက ဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက
- ချွဲသလိပ်တွေ အများကြီးထွက်လောက်အောင် တော်တော်ဆိုးနေတာ၊
- အသက်ရှူသံ တရွှီရွှီနဲ့ အသက်ရှူရခက်နေတာ (ပန်းနာရင်ကျပ်ထတာ သို့မဟုတ် တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်)၊
- ရင်ဘတ်ထဲ မောကျပ်လာရင်၊
- နေပြန်ကောင်းပြီး တစ်လလောက်ကြာတဲ့အထိ ချောင်းဆိုးမသက်သာရင်၊
- ချောင်းဆိုးတဲ့အထဲ သွေးစတွေပါလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူပါ။
[embed-health-tool-bmi]