backup og meta

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

    အသက်ရှူလမ်းကြောင်း ဆိုတာက ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် ရောက်ရှိစေပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ခန္ဓာကိုယ်ပြင်ပဆီ ပို့ဆောင်ပေးတဲ့ စနစ် တစ်ခုပေါ့။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းမှာ အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ရှိကြပါတယ်။ ဒီလို အပိုင်း ၂ ပိုင်း ခွဲခြားထားတဲ့ အသက်ရှူလမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ 

    အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ ဘာတွေပါဝင် ဖွဲ့စည်းထားသလဲ!

    အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ အဆုတ် နဲ့ အဆုတ်တွေကို တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်နေပါတယ်။ ဘာတွေလဲဆိုတော့ – 

    • လေပြွန် 

    လေပြွန်က အသက်ရှူလမ်းကြောင်း အောက်ပိုင်းအတွက် အရေးပါတဲ့ လေတွေကို သယ်ယူပို့ဆောင်ပေးတဲ့ အရာပေါ့။ ဒီလေပြွန်ကနေမှ လေပြွန်ငယ်လေးတွေအဖြစ် ခွဲဖြာထွက်သွားပြီး အဆုတ်ထဲက လေအိတ်လေးတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။ 

    • လေပြွန်ငယ် 

    လေပြွန်ငယ်လေးတွေက သေးငယ်တဲ့ ပိုက်လိုင်းလေးတွေလိုမျိုး ခွဲဖြာနေပြီး လေပြွန်ဆီကနေ အဆုတ်ဆီကို အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပြန်ထုတ်ပေးပါတယ်။ 

    • အဆုတ်တွေ

    အဆုတ်တွေက အသက်ရှူလမ်းကြောင်း အောက်ပိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ဖလှယ်ပေးပြီး အသက်ရှူမှု ဖြစ်စဉ်ကို ပံ့ပိုးပေးတာပါ။

    • လေအိတ်တွေ

    လေအိတ်ငယ်လေးတွေက အဆုတ်ထဲမှာ ရှိကြပြီး အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖလှယ်ပေးပါတယ်။ သွေးကြောထဲဆီကို အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးပြီး အသက်ရှူထုတ်ချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပါတယ်။ 

    အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

    အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်း ဆိုတာက အဆုတ်နဲ့ လေပြွန်တို့ကို ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ မှိုပိုးတွေကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    တွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ – 

    • ချောင်းဆိုးတာ
    • အသက်ရှူရခက်တာ
    • ရင်ဘတ်ထဲက မအီမသာဖြစ်တာမျိုးတွေပါ။ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာက ပြင်းထန်နိုင်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။

    အတွေ့ရများတဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းပိုးဝင် ကူးစက်ခြင်း

    အတွေ့ရများတဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းပိုးဝင် ကူးစက်ခြင်းတွေကတော့ – 

    • အဆုတ်ရောင်တာ 

    အဆုတ်ရောင်တာကို အသက်ရှူလမ်းကြောင်း ပိုးဝင်တာလို့ တော်တော်များများက သိကြပါတယ်။ ဒီလိုမျိုး အဆုတ်ရောင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို မှိုပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်တာက အခန့်မသင့်ရင် အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ 

    >>  လက္ခဏာတွေ အနေနဲ့ကတော့ – ချောင်းဆိုးတာ၊ အဖျားတက်တာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ အပြင် အရေပြားတွေ ပြာနှမ်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူသံ မြန်တာမျိုးတွေကိုပါ ခံစားရနိုင် ပါတယ်။ လက္ခဏာတွေက ပြင်းထန်မယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ 

    >> ကုသမှု အနေနဲ့ကတော့ – ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပြင်းထန်မှုအပေါ်မှာ လိုက်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာမျိုးဆိုရင်တော့ ပိုးသတ်ဆေး သောက်သုံးရတာမျိုး ရှိနိုင်ပြီး အနားယူတာ၊ ရေဓာတ်ပြည့်ဝအောင် နေတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ 

    • လေပြွန်ရောင်တာ

    လေပြွန်ရောင်တယ်ဆိုတဲ့ နေရာမှာ နာတာရှည် လေပြွန်ရောင်တာနဲ့  သာမန်လေပြွန်ရောင်ခြင်းဆိုပြီး ရှိပါတယ်။ သာမန်လေပြွန်ရောင်တာက ဗိုင်းရပ်စ်ကြောင့် အဖြစ်များသလို ရက်သတ္တပတ် အနည်းငယ်အကြာမှာ သက်သာ သွားတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်တာကတော့ ကာလရှည်ကြာ ပြဿနာ ဖြစ်ပြီး ဆေးလိပ် သောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ 

    >> လက္ခဏာတွေ အနေနဲ့ကတော့ – ချွဲထွက်တာ၊ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်ကြီး ဖြစ်တာမျိုး ခံစားနိုင်ပါတယ်။ သာမန် လေပြွန်ရောင်တာက အအေးမိတာ တုပ်ကွေးလိုမျိုး လက္ခဏာတွေနဲ့အတူ ခံစားရနိုင်ပါတယ်။  

    >> ကုသမှု အနေနဲ့ကတော့ –  အမျိုးအစားနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို လိုက်လို့ ကုသမှု ကွာခြားနိုင်ပါတယ်။ သာမန် လေပြွန်ရောင်တာဆိုရင်တော့ အလိုလို သက်သာနိုင်ပေမယ့် နာနတာရှည် လေပြွန်ရောင်တာအတွက် ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ လိုသလို ကုထုံးတွေကို ခံယူဖို့ လိုပါမယ်။ 

    • လေပြွန်လေးတွေ ရောင်တာ

    လေပြွန်လေးတွေ ရောင်တာက ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်တဲ့ အဆုတ်ထဲက လေပြွန်လေးတွေ ရောင်ရမ်းတာပါ။ ဒီအခြေအနေက ကလေးငယ်လေးတွေနဲ့ မွေးကင်းစတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုးပါ။

    >> လက္ခဏာတွေ အနေနဲ့ကတော့ – ချောင်းဆိုးတာ၊ အသက်ရှူ မြန်တာ၊ အဖျားတက်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ နှာခေါင်းပိတ်တာနဲ့ အခြားသော လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထတ်တဲ့ အခြေအနေမှာဆိုရင် ကလေးက အစားမဝင်တာ၊ အသက်ရှူရခက်တာမျိုး ခံစားရနိုင်သလို ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ 

    >> ကုသမှု အနေနဲ့ကတော့ – ရေဓာတ် ပြည့်ဝအောင် နေတာ၊ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာ၊ အဖျားကျစေမယ့်ဆေးတွေကို သောက်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးမှာ ဆိုရင် စနစ်တကျ ကုသမှု ခံယူရမှာပါ။

    • တီဘီရောဂါ 

    တီဘီရောဂါဆိုတာက Mycobacterium tuberculosis bacteria ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ တီဘီရောဂါက အဆုတ်တွေမှာ ကူးစက်နိုင်သလို ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း ခံစားရနိုင်ပါတယ်။ ရောဂါပိုး ရှိသူရဲ့ ချောင်းဆိုး နှာချေတာကနေတဆင့် လေထဲကနေ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။

    >> လက္ခဏာတွေ အနေနဲ့ကတော့ – တီဘီရောဂါရဲ့ လက္ခဏာတွေက အမျိုးမျိုး ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမြဲလိုလို ချောင်းဆိုးတာ၊ ချောင်းဆိုး သွေးပါတာ၊ ကိုယ်အလေးချိန် ကျတာ၊ အဖျားတက်တာ၊ ရင်ဘတ်အောင့်တာ၊ ညဘက်မှာ ချွေးစေးတွေ ပြန်တာ၊ ခြေကုန်လက်ပမ်းကျတာတွကို ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူပါ။ စောစောသိ စောစော ကုသမှု ခံယူလေ ပျောက်ကင်းနိုင်ခြေ များလေလေပါ။

    >> ကုသမှု အနေနဲ့ကတော့ – တီဘီအတွက် ကုထုံးအနေနဲ့ ဆေးကို တစ်ရက်မပျက်အနည်းဆုံး ၆ လသောက်ရပါမယ်။

    အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာကို ဖြစ်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ!

    အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကတော့ – 

    • ဆေးလိပ်သောက်တာ
    • ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာ
    • အသက်အရွယ်
    • ကိုယ်ခံအား နည်းတာ
    • ရောဂါအခံ ရှိတာတွေပါ။

    >> အအေးမိဖျားနာ ဖြစ်နေတာများလား!

    # ပန်းနာရင်ကြပ်ဖြစ်နိုင်ခြေ ရှိလား! ကိုယ်တိုင်စစ်ဆေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement