backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ......

ချောင်းတွေ တအားဆိုးနေတယ်။ ချွဲကျတော့လည်း မထွက်ဘူး။ ချောင်းခြောက်ဆိုးတာ ဖြစ်မယ်။ ချောင်းခြောက်ဆိုးတာကြောင့် ညဘက်တွေဆို အိပ်မရသလို လူကြားထဲမှာ ချောင်းဆိုးသံကြောင့် လူအများက ဝိုင်းကြည့်ခံနေရလို့ စိတ်ညစ်နေသူလေးတွေ ရှိလား ……

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ချောင်းခြောက်ဆိုးလို့ စိတ်ညစ်နေတာတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်မှာပါ။ ဒီတော့ ချောင်းခြောက်ဆိုးတဲ့အခါ သက်သာအောင် ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ချောင်းခြောက်ဆိုးတယ်ဆိုတာ

ချောင်းဆိုးတယ်လို့ လွယ်လွယ်ပြောလိုက်​ကြပေမယ့် ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးတာနဲ့ ချောင်းအစို ဆိုးတာဆိုပြီး ၂ မျိုး ခွဲကြပါတယ်။ သူတို့ ၂ မျိုး ဘာကွာသလဲဆိုတော့ ချောင်းအစို ဆိုးတာက ချောင်းဆိုးတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်တွေ ထွက်ပါတယ်။

ချောင်းခြောက်ဆိုးတာက ချောင်းဆိုးသံ ပိုကျယ်ပြီး ချွဲသလိပ်တွေ မထွက်ပါဘူး။ လည်ချောင်းယားတာ၊ ရင်ဘတ်အောင့်တာတွေပါ ခံစားရနိုင်ပါတယ်။

ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ……

ချောင်းခြောက်ဆိုးရင် သက်သာစေဖို့ ဒါလေးတွေ စားပေးဖို့ လိုပါမယ်။

ပျားရည်

ပျားရည်ကိုတော့ ချောင်းဆိုးတာ သက်သာစေဖို့ ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ပျားရည်က အရောင်ကျစေနိုင်ပြီး ချောင်းဆိုးတာကြောင့် ရောင်ရမ်းနေတဲ့ လည်ချောင်းအတွင်း ကြွက်သားတွေကို အရောင်ကျစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဘက်တီးရီးယားတွေကြောင့် ချောင်းဆိုးတာ ပိုဆိုးမလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ချောင်းခြောက်ဆိုးနေတယ်ဆိုရင် ပျားရည်ကို ရေနွေးနဲ့ ဖျော်သောက်လို့ ရသလို ဒီအတိုင်း စားပေးလို့လည်း ရပါတယ်။

နွယ်ချို

နွယ်ချိုက လည်ချောင်းယားတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ချွဲတွေကို ရှင်းပေးပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။ နွယ်ချိုကို ရှေးနှစ်ပေါင်း များစွာကတည်းက ချောင်းဆိုးတာ သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။

နွယ်ချိုကို ရေနွေးဆူဆူထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အထိ ထည့်ပြုတ်ပြီး သောက်ပေးရုံပါ။

ဇီယာရွက်

ဇီယာရွက်က ချောင်းဆိုးတာအတွက် သဘာဝ ဆေးတစ်မျိုးပါ။ ချောင်းဆိုးတာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ၊ နာတာရှည် ချောင်းဆိုးတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို သောက်လို့ ရသလို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး ပြုတ်ရည်ကို နွေးနွေးလေးမှာ သောက်ပေးလို့လည်း ရပါတယ်။

နနွင်း

နနွင်းမှာ curcumin ပါဝင်နေတာကြောင့် ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို အရောင်လည်း ကျစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေနိုင်သလို အသက်ရှူ လမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။

နာတာရှည် ချောင်းဆိုးတာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်ကိုလည်း သက်သာစေနိုင်ပါတယ်။

ချင်း (ဂျင်း)

ချင်း (ဂျင်း) က ချောင်းဆိုးတာကို သက်သာစေနိုင်သလို လေပြွန် ကြွက်သားတွေကို ပြေလျော့စေပြီး ချောင်းဆိုးတာ ကို သက်သာစေနိုင်ပါတယ်။ ချင်း ရေနွေးကြမ်း သောက်ပေးလို့ ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထောင်းထည့်ပြီး ရေနွေးငွေ့ ရှူပေးလို့လည်း ရပါတယ်။

ဟင်းထဲ ထည့်ချက် စားပေးလို့လည်း ရပါတယ်။

ကြက်သွန်ဖြူ

ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်သလို ကြက်သွန်ဖြူက အရောင်လည်း ကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။
ကြက်သွန်ဖြူရဲ့ နောက်ထပ် အားသာချက် တစ်ခုက ချောင်းခြောက်ဆိုးတာ ကို သက်သာစေနိုင်တာပါ။ ဟင်းထဲ ထည့်ချင်လို့ ရသလို ဟင်းခါး၊ အစိမ်းတို့စားတာတွေလည်း လုပ်ပေးလို့ ရပါတယ်။
Garlic tea သောက်ပေးလို့ ရသလို ရေနွေးဆူဆူထဲကို ကြက်သွန်ဖြူ ထောင်းထည့်ပြီး ရေနွေးငွေ့ ရှူပေးလို့လည်း ရပါတယ်။

ချောင်းခြောက်ဆိုးတာ ကြောင့် စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ ရပါတယ်။ ရက်အတော်ကြာအောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement