backup og meta

ချောင်းဆိုးပျောက်ဆေး တွေက တကယ်အိပ်ငိုက်စေတာလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုးပျောက်ဆေး တွေက တကယ်အိပ်ငိုက်စေတာလား

    ချောင်းဆိုးပျောက်ဆေး တွေသောက်ပြီးရင် အိပ်ငိုက်တတ်တယ်ဆိုတာကို တော်တော်များများသိကြပါတယ်။ တချို့ကလည်း ဒီလိုငိုက်တာကို မကြိုက်လို့ ချောင်းဆိုးတာကို သည်းခံပြီး မသောက်ကြတာ ရှိပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေက ဘာကြောင့် ငိုက်တာလဲ။ ဒီလို ငိုက်တာက အန္တရာယ်ရှိလားဆိုတာ ပြောပြပေးပါ့မယ်။

    ချောင်းဆိုးပျောက်ဆေးလား၊ ချွဲပျော်ဆေးလား

    ချောင်းဆိုးလို့ ဆေးသောက်မယ်ဆိုရင် ချောင်းခြောက်လား၊ ချောင်းစိုလားဆိုတာ အရင်ခွဲရပါတယ်။ ပေးရတဲ့ဆေး မတူသလို အာနိသင်ကလည်း မတူလို့ပါ။ ချောင်းခြောက်ဆိုရင် ချောင်းဆိုးပျောက်ဆေး ပေးရပါတယ်။ ဘူးမှာ Cough suppressant, Antitussives တို့ ရေးထားတတ်ပါတယ်။ ချွဲထွက်တဲ့ ချောင်းဆိုရင်တော့ ချွဲပျော်ဆေး ပေးရပါတယ်။ ဘူးမှာ  Expectorantတို့ Mucolyticတို့ ရေးထားတတ်ပါတယ်။

    ဒီနှစ်ခုက အလုပ်ပုံခြင်း မတူတာကြောင့် မှားသောက်မိလို့ မရပါဘူး။

    ချောင်းဆိုးပျောက်ဆေး အမျိုးအစားများ

    တစ်ခါ ချောင်းခြောက်ဆိုးလို့ သောက်ရတဲ့ ချောင်းဆိုးပျောက်ဆေး တွေမှာမှ နှစ်မျိုး ထပ်ခွဲထားပါတယ်။ တစ်မျိုးက

  • OTC (Over the counter) ဆေးဆိုင်မှာ ဆရာဝန် ဆေးစာ မလိုဘဲ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေပါ။ အသုံးအများဆုံးကတော့ Dextromethorphan (ဒက်ဇ်ထရိုမီသော်ဖန်) ပါတဲ့ဆေးရယ်၊ အလာဂျီမှာ သုံးတဲ့ Antihistamine (အန်တီဟစ်တမင်း) အမျိုးအစားရယ်ပါ။ ဥပမာ ပြောရရင် Chlorpheniramine (ကလော်ဖီနရာမင်း)။
  • နောက်တစ်မျိုးက မော်ဖင်းအနွယ်ဝင် ဆေးဝါးတွေပါ။ Codeineတို့ Hydrocodoneတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတဲ့ ဆေးမျိုးတွေပါ။
  • ချောင်းဆိုးပျောက်ဆေးတွေက အိပ်ငိုက်တတ်သလား။

    အသုံးများတဲ့ Dextromethorphanရဲ့ အလုပ်လုပ်ပုံက ဆေးသောက်လိုက်တယ်ဆိုရင် သွေးထဲကနေတဆင့် ဦးနှောက်ထဲကိုရောက်ပြီး ချောင်းဆိုးစင်တာကို တိုက်ရိုက် သက်ရောက်စေပါတယ်။ ဒီလိုနည်းနဲ့ ချောင်းဆိုးချင်စိတ်ကို ချိုးနှိမ်လိုက်တာကြောင့် ချောင်းဆိုး သက်သာသွားပါတယ်။

    ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းငယ် အိပ်ငိုက်တာမျိုး ရှိနိုင်ပါတယ်။

    နောက်တစ်ခု Antihistamineကတော့ ခန္ဓာကိုယ်မှာ အလာဂျီဖြစ်တဲ့အခါ ထွက်လာတဲ့ ဟစ်တမင်းဓာတ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာရည်ယိုတာ၊ မျက်ရည်ယိုတာ၊ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။

    သူကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်တက်ကြွမှုကို လျော့ပါးစေတာကြောင့် အနည်းငယ်အိပ်ငိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒီဆေးနှစ်မျိုးကို သက်သက်ထုတ်ထားတာရှိသလို အအေးမိရောဂါတွေအတွက် ပေါင်းပြီး ထုတ်ထားတာလည်း ရှိပါတယ်။

    ဒါဆိုရင် ဆေးသောက်ဖို့ စိတ်ချရပါ့မလား။

    ချောင်းဆိုးပျောက်ဆေးတွေက အိပ်ငိုက်တတ်တယ်ဆိုပေမယ့် လူကို ထိခိုက်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဆေးအညွှန်းအတိုင်း တိတိကျကျ သောက်မယ်ဆိုရင် စိတ်ချရပါတယ်။ အမြဲတမ်း မူးနေတာလည်း မဟုတ်ဘဲ ဆေးအာနိသင်ပြယ်သွားရင် သက်သာသွားပါတယ်။

    ချောင်းဆိုးပျောက်ဆေး သောက်ပြီးရင် ဘာတွေ ရှောင်ရမလဲ။

    ချောင်းဆိုးပျောက်ဆေးကိုယ်တိုင်က ပြဿနာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့် အန္တရာယ် မဖြစ်စေဖို့ ဒါတွေကို ဆင်ခြင်ဖို့ လိုပါတယ်။

  • ဆေးသောက်ပြီးတဲ့အခါ ကားမောင်းတာ၊ စက်ပစ္စည်း ကိုင်တွယ်တာမျိုး မလုပ်သင့်ပါ။ ဆေးက အိပ်ငိုက်တာ၊ မူးဝေတာ၊ နိုးကြားတက်ကြွမှု နည်းပါးတာ ဖြစ်စေတာကြောင့် မတော်တဆမှုတွေ ဖြစ်နိုင်လို့ပါ။
  • ဒါ့ပြင် အမြင့်တက်တာလည်း မလုပ်သင့်ပါဘူး။ မူးဝေပြီး မတော်တဆပြုတ်ကျနိုင်လို့ပါ။
  • ဆေးသောက်ပြီး အရက်သေစာသောက်တာကိုလည်း ရှောင်စေချင်ပါတယ်။
  • ချောင်းဆိုးပျောက်ဆေး တွေက အိပ်ငိုက်တတ်တယ်ဆိုပေမယ့် လူကို အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငိုက်တာရဲ့ နောက်ဆက်တွဲ မတော်တဆမှုတွေ မဖြစ်စေဖို့ အန္တရာယ်များတဲ့ အလုပ်တွေကိုတော့ ရှောင်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement