ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။

    ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ညဦးပိုင်းလောက် ရောက်လာပြီဆိုရင် အိမ်နီးချင်းတွေဆီကနေ ချောင်းသံလေး တဟွတ်ဟွတ်ကို မကြာခဏ ကြားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တခြားအချိန်တွေထက် ချောင်းဆိုးတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလို ချောင်းဆိုးတာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

    ဆောင်းရာသီမှာ မကြာခဏ ချောင်းဆိုးရတဲ့ အကြောင်းရင်း

    အေးမြတဲ့ရာသီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေက ရှင်သန်လွယ်ပါတယ်။ အများစုက အိမ်ထဲမှာပဲ အလုံပိတ်နေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ တုပ်ကွေးအပါအဝင် ဗိုင်းရပ်စ်တော်တော်များများက ခေါင်းထောင်တတ်ပါတယ်။ ဒီလို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေက ချောင်းခြောက်ဖြစ်တာ များပါတယ်။

    ခြောက်သွေ့တဲ့ လေထုကိုပဲ အမြဲတစေ ရှူနေရတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နေရတာ ကသိကအောက် ဖြစ်လာပါတယ်။ ဒါကို သက်သာစေဖို့ လည်ချောင်းရှင်းတဲ့ အနေနဲ့ မကြာခဏ ချောင်းဆိုးရပါတယ်။

    ဆောင်းတွင်းမှာ ပန်းပွင့်တဲ့အတွက် ထွက်လာတဲ့ ဝတ်မှုန်တွေ၊ အိမ်ထဲက ဖုန်တွေ၊ မှိုတွေ စတာတွေက ဓာတ်မတည့် ရောဂါရှိသူတွေကို အလာဂျီထစေပါတယ်။ ဒါကြောင့် နေမကောင်း မဖြစ်ပါဘဲနဲ့ နေ့စဉ်နဲ့အမျှ ချောင်းဆိုးတာ၊ နှာချောတာ ဖြစ်တတ်ပါတယ်။

    အေးမြတဲ့ ရာသီဥတုက တချို့ပန်းနာရင်ကျပ်လူနာတွေအတွက် ရောဂါဟောင်းကို ပြန်ထစေပါတယ်။ ပြနေကျ လက္ခဏာတွေအတိုင်း တရွှီရွှီမြည်ပြီး ကျပ်တာလည်း ရှိနိုင်သလို ချောင်းတဟွတ်ဟွတ်ဆိုးတာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့် အအေးပိုတဲ့ ညဦးပိုင်းနဲ့ အရုဏ်တက်ချိန်မှာ ဖြစ်တတ်ပါတယ်။

    ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလို အနိုင်ယူလိုက်ပါ။

    ဆောင်းရာသီ မှာ ချောင်းဆိုးတာ က ရောဂါကြီးကြီးမားမားကြောင့် ဆိုတာထက် ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကို ပြုပြင်လိုက်ရင် အများစုက သက်သာသွားကြပါတယ်။

    ချောင်းဆိုးတာသက်သာဖို့ဆိုရင်တော့

    • ချောင်းခြောက်ဆိုးနေရင် Chlorpheniramine၊ Dextromethorphan တို့လိုမျိုး ချောင်းဆိုးတာကို သက်သာစေနိုင်တဲ့ အရာတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးမျိုးကို သောက်တာကတော့ အကောင်းဆုံးပါ။ ဒီလို သောက်သုံးပေးတာက လက္ခဏာတွေကို သက်သာစေတာကြောင့် ဘာကြောင့်ဆိုးဆိုး သောက်လို့ရပါတယ်။ အလာဂျီပါ ရှိနေရင်တော့ အလာဂျီပျောက်ဆေးပါ သောက်နိုင်ပါတယ်။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် နေ့စဉ်ချောင်းဆိုးနေတာက အလုပ်ပျက်၊ အိပ်ရေးပျက်ပြီး ရင်ဘတ်တွေ အောင့်လာတတ်လို့ပါ။

    ဗိုင်းရပ်စ်ပိုးတွေကြောင့် ချောင်းမဆိုးစေဖို့

    • မကြာခဏ လက်ဆေးပါ
    • နေမကောင်းတဲ့ သူနဲ့ ဝေးဝေး နေပါ။
    • အာဟာရပြည့်အောင် စားပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • များများအနားယူပါ။

    လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့

    • ရေများများသောက်ပါ။ လေထုခြောက်သွေ့တာကြောင့် လည်ချောင်းခြောက်သွေ့တာကို သက်သာစေပါတယ်။
    • ဒါ့ပြင် လည်ချောင်းခြောက်သွေ့ ယားယံတာကို သက်သာစေဖို့ ပျားသံပုရာ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူပူ သောက်ပေးနိုင်ပါတယ်။
    • ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။
    • လေထုခြောက်သွေ့တာကို ကာကွယ်ဖို့ အိမ်ထဲမှာ ရေငွေ့လွှတ်စက် ဖွင့်ထားနိုင်ပါတယ်။ ရေချိုးရင် ရေကျက်သီးနွေးနဲ့ ချိုးနိုင်ပါတယ်။

    အလာဂျီကြောင့် ချောင်းမဆိုးစေဖို့

    • မိမိနဲ့ မတည့်တာကို ရှောင်ပါ။
    • အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။

    ပန်းနာရင်ကျပ်ထတာကြောင့် ချောင်းမဆိုးစေဖို့

    • နွေးနွေးထွေးထွေးနေပါ။ အထူးသဖြင့် ညအိပ်ရင် လုံလုံခြုံခြုံ အိပ်ပါ။
    • မနက်အစောပိုင်းတွေမှာ အိမ်ပြင်ထွက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာကို ရှောင်ပါ။ နေပွင့်မှ အပြင်ထွက်ပါ။
    • ပန်းနာရင်ကျပ် ရှူဆေးကို အနီးအနားမှာ အမြဲဆောင်ထားပါ။

    ဒီလိုနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဆောင်းရာသီကို ချောင်းသံကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement