သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

    ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

    လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့တော်တော်လေးကိုအသားတကျဖြစ်နေကြပြီဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလု့းကောင်းကောင်းအိပ်စက်ခွင့်မရတာကိုဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်တာကခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။

    Noise Pollution

    ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါnoise pollutionဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာနေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဆူညံသံတွေက များပြားလာပြီးနေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်ကောင်းမွန်တဲ့ အစီအစဉ်မရှိဘူးဆိုရင်နေ့စဉ်နဲ့အမျှ noise pollutionတွေနဲ့ ထိတွေ့နေရမှာဖြစ်ပါတယ်။

    မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအတွင်း ယာဉ်သွားလာမှုတွေကနေဖြစ်ပေါ်တဲ့ ဆူညံသံတွေ နဲ့လေယာဉ်ကြောင့်ဖြစ်တဲ့ ဆူညံသံတွေကသွေးပေါင်ချိန်တိုးနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ညဘက်မှာဖြစ်ပေါ်တဲ့ ဆူညံသံတွေက ကျန်းမာရေးကိုပိုမိုထိခိုက်စေပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေကဆေးရုံတက်ရနိုင်ခြေကို တိုးစေနိုင်သလို။လေဖြတ်ဝေဒနာကြောင့်သေဆုံးနိုင်ခြေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလည်းတိုးစေပါတယ်၊ လို့တွေ့ရှိခဲ့ပါတယ်။လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေနဲ့ထိတွေ့မှုကသွေးတိုးနိုင်ခြေ။ ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေ နဲ့လေဖြတ်နိုင်ခြေကို ၇ ရာခိုင်နှုန်း ကနေ ၁၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ လို့ဖော်ပြထားပါတယ်။

    နောက်ထပ်လေ့လာမှုတစ်ရပ်မှာတော့ ဆူညံသံက ကလေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။လေ့လာမှု အခု ၂၀ကျော်အတွင်းလေယာဉ်နဲ့ယာဉ်တွေကနေထွက်ပေါ်တဲ့ ဆူညံသံတွေက ကလေးငယ်တွေရဲ့ စာဖတစွမ်းရည်ကို ထိခိုက်စေနိုင်သလို ကာလရှည်မှတ်ဉာဏ်ကို လည်းထိခိုက်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။

    ကျယ်လောင်လွန်းတဲ့ အသံတွေဆိုတာက

    လူမှုပတ်ဝန်းကျင်ဆူညံမှုဆိုတာက စက်မှုလုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ ဆူညံသံတွေကလွဲလို့ အခြားဆူညံသံအားလုံးကိုဆိုလိုတာပါ။ ပတ်ဝန်းကျင်က ဆူညံသံတွေ၊ အိမ်တွင်းဆူညံသံတွေကလည်း လူမှုပတ်ဝန်းကျင်ဆူညံသံတွေပဲဖြစ်ပါတယ်။

    လူတစ်ယောက်ရဲ့ အကြားအာရုံခံနိုင်မှုက ၂၀ Hz ကနေ ၂၀,၀၀၀ Hz အထိကိုအာရုံခံနိုင်စွမ်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ အာရုံခံနိုင်စွမ်းက ပတ်ဝန်းကျင်အနေအထားပေါ်မှာလိုက်ပြီးပြောင်းလဲနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကစက်မှုထွန်းကားတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်အကြားအာရုံပိုမိုကောင်းမွန်တာပဲဖြစ်ပါတယ်။

    ဆူညံသံတွေဖြစ်ပေါ်ရတဲ့အကြောင်းအရင်းတွေ

    စက်မှုထွန်းကားလာခြင်း –စက်မှုထွန်းကားတဲ့နိုင်ငံအများစုမှာ အကြီးစားစက်ကိရိယာတွေကို အသုံးပြုတာကြောင့် ဆူညံသံတွေ အများအပြားဖြစ်ပေါ်စေပါတယ်။ လျှပ်စစ်ဓါတ်အားပေးစက်တွေ၊လေပူစုပ်စက်တွေနဲ့ကြိတ်ခွဲစက်တွေက ကျယ်လောင်တဲ့ဆူညံသံတွေကို ထုတ်လွှတ်ပါတယ်။

    မြို့ပြစီမံကိန်းအားနည်းခြင်း – ဖွံဖြိုးဆဲနိုင်ငံအများစုမှာမြို့ပြစီမံကိန်းအားနည်းတာကလည်း ဆူညံသ့တွေကိုဖြစ်ပေါ်စေတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အိမ်ခြေစိပ်တာ၊နေရာကျဉ်းကျဉ်းလေးမှာ မိသားစုအများကြီးစုနေတာ၊ ကားပါကင် အတွက်တစ်ဦးနဲ့တစ်ဦးရန်ဖြစ်တာ၊ အခြေခံလိုအပ်ချက်တွေ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် မကြာခဏဆိုသလို စကားများရန်ဖြစ်တာတွေက လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

    လူမှုရေးရာကိစ္စရပ်များ –လူမှုရေးရာကိစ္စရပ်တွေရှိတဲ့အခါ ဆူညံသံကအမြင့်ဆုံးအနေအထားထိရောက်ရှိတာမျိုးတွေရှိတတ်ပါတယ်။ လက်ထပ်ပွဲအခမ်းအနားတွေ၊ပါတီတွေ၊ဘားတွေနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေမှာ ဆူညံသံတွေက အမြင့်ဆုံးအနေအထားတွေအထိရောက်ရှိတတ်ပါတယ်။ လူတွေနေထိုင်တဲ့ အနီးအနားမှာ သန်းခေါင်ယံအချိန်ထိ သီချင်းတွေကို ဘားဆုံးဖွင့်ပြီး လူတွေ ကခုန်နေတာကတော်တော်လေးကိုဆိုးဝါးတဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ဈေးတွေမှာလည်း အများပြည်သူကိုဆွဲဆောင်နိုင်ဖို့ အသံချဲ့စက်တွေကိုအသုံးပြုပြီး အဝတ်အထည်တွေရောင်းချမှုကလည်း ဆူညံသံတွေကိုဖြစ်ပေါ်စေပါတယ်။

    သယ်ယူပို့ဆောင်ရေးကဏ္ဍ – လမ်းတွေပေါ်မှာ ယာဉ်အသွားအလာများလာတာ၊လေယာဉ်ပျံတွေက လူနေအိမ်တွေပေါ်ကနေပျံသန်းတာ၊မြေအောက်ရထားတေါခုတ်မောင်းမှုက ကျယ်လောင်တဲ့ ဆူညံသံတွေထွက်ပေါ်စေပါတယ်။ အဆိုပါအသံတွေကို နားယဉ်ဖို့ဆိုကမလွယ်ကူပါဘူး။ ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေက လူတွေကိုအကြားအားရုံဆုံးရှုံတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းခွင်များ-မိုင်းတွင်းလုပ်ငန်းတွေ၊တံတားတည်ဆောက်တာ၊ တာတမံဆောက်လုပ်တာ၊ အဆောက်အဦးတွေ၊ဘူတာရုံတွေတည်ဆောက်တာ၊ လမ်းတွေဖောက်လုပ်တာ၊ ခုံးကျော်တံတားတွေက ကမ္ဘာ့နေရာတော်တော်များများမှာလုပ်ဆောင်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပါတယ်။ တိုးတက်လာတာနဲ့အမျှ အဆောက်အဦးတွေကလည်း ပိုမိုလိုအပ်လာတာကြောင့်ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်းနေ့စဉ်နဲ့အမျှလုပ်ဆောင်နေကြပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ကိရီယာတွေကနေထွက်ပေးလာတဲ့အသံတွေက ပတ်ဝန်းကျင်ကို တအားဆူညံစေပါတယ်။

    အိမ်သုံးပစ္စည်းတွေ – လူတွေရဲ့နေ့စဉ်ဘဝမှာ တီဗွီ၊မိုဘိုင်းဖုန်း၊ဟင်းပေါင်းအိုး၊ဖုန်စုပ်စက်၊အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်၊လေအေးပေးစက်၊အဲကွန်းတွေကို မပါမဖြစ်အသုံးပြုလာကြပါတယ်။ အဆိုပါ အိမ်သုံးပစ္စည်းတွေကနေ ထွက်ပေါ်တဲ့ဆူညံသံတွေက ဘဝရှင်သန်မှုကို ထိခိုက်စေနိုင်သလို အိမ်နီးနားချင်းတွေကိုလည်း ဆိုးကျိုးတွေခံားရစေနိုင်ပါတယ်။

    ဆူညံသံတွေကြောင့် ဘာတွေဖြစ်နိုင်သလဲ

    အကြားအာရုံထိခိုက်နိုင်ခြင်း

    နားတွေမှာ မကြားချင်တဲ့အသံတွေက စစ်ထုတ်ပစ်နိုင်စွမ်းမရှိတာကြောင့် ဆူညံသံတွေက ခန္ဒါကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ နားက ခံနိုင်စွမ်းရှိတဲ့အတိုင်းအတာအတွင်းရှိတဲ့ ကျယ်လောင်လွန်းတဲ့အသံတွေကြောင့် မပျက်စီးနိုင်ဘူးဆိုပေမယ့် အပေါက်ဖောက်စက်တွေ၊ကားဟွန်းသံတွေ၊စက်ကိရိယာတွေရဲ့အသံတွေ၊လေယာဉ်သံတွေနဲ့ယာဉ်အမျိုးမျိုးကနေထွက်ပေါ်လာတဲ့ အကြားအာရုံအတွက် အရမ်းကို ကျယ်လောင်လွန်းတဲ့အသံတွေဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေနဲ့ အမြဲတစေ ထိတွေ့နေမှုက နားစည်ကို ပျက်စီးစေပြီး အကြားအာရုံဆုံးရှုံးမှုကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။

    ကျန်းမာရေးပြဿနာများ

    ရုံးတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ဘားတွေနဲ့အိမ်မှာ အလွန်အကျွံဆူညံမှုတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေပါတယ်။လေ့လာမှုတွေမှာတော့ စိတ်ဆိုးလွယ်တာ၊ကောင်းကောင်းအိပ်မပျော်တာ၊ အမြဲတစေ စိတ်ဖိစီးတာ၊ခြေကုန်လက်ပန်းကျတာ နဲ့သွေးတိုးတာ (hypertension)တွေနဲ့ အလွန်အကျွံဆူညံမှုတွေကြားမှာ ဆက်စပ်မှုရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ အလွန်အကျွံဆူညံမှုတွေ နဲ့ အမြဲတစေ ထိတွေ့မှုက အသက်အရွယ်ကြီးရင့်လာတဲ့အခါ နာတာရှည်ရောဂါတွေခံစားရနိုင်ခြေကိုတိုးစေပါတယ်။

    အိပ်စက်မှု မူမမှန်ခြင်း

    ကျယ်လောင်တဲ့ဆူညံသံတွေက အိပ်စက်မှုပုံစံကိုအနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိတ်ဆိုးလွယ်တာ၊မအီမသာဖြစ်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ညဘက်ကောင်းကောင်းမအိပ်ရတဲ့အခါခြေကုန်လက်ပမ်းကျတာ နဲ့ အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်ကိုကောင်းမွန်တဲ့အနားယူမှုရရှိစေဖို့ကောင်းကောင်းအိပ်စက်ဖို့အကြံပြုလိုက်ပါရစေ။

    နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ခြင်း

    ဆူညံသံတွေကသွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ခြေကိုတိုးစေပါတယ်။လေ့လာမှုတွေအရ ကျယ်လောင်လွန်းတဲ့အသံတွေက သွေးဖိအားကိုတိုးစေပြီး နှလုံခုန်နှုန်းကိုတိုးစေနိုင်တာကြောင့် ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လို့သုံးသပ်ထားပါတယ်။

    လူမှုဆက်ဆံရေးမှာ အခက်အခဲတွေ့စေခြင်း

    ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေကပြောဆိုဆက်ဆံရာမှာအနှောင့်အယှက်ဖြစ်စေနိုင်သလို လူတစ်ဦးနြ့တစ်ဦး လွတ်တွတ်လပ်လပ်ပြောဆိုဆက်ဆံရာမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ အဆိုပါအနေအထားတွေက နားလည်မှုလွဲတာကိုဖြစ်စေသလို၊ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်ရခက်တဲ့အနေအထားမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆူညံသံတွေနဲ့ အမြဲတစေထိတွေ့မှုကပြင်းထန်တဲ့ ခေါင်းကိုင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေကို ထိန်းသိမ်းရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

    ဆူညံသံတွေကို ဘယ်လိုကာကွယ်မလဲ

    • အိမ်တွင်းကလျှပ်စစ်ပစ္စည်းတွေအားလုံးကို ပိတ်ထားပါ –ကွန်ပျူတာတွေ၊ဂိမ်းစက်တွေ၊ တီဗွီတွေ နဲ့ အခြားဆူညံသံထွက်နိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးကိုပိတ်ထားပါ။ အမြဲတစေတီဗွီဖွင့်ထားတာမျိုးမလုပ်ပါနဲ့။ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုရင်ပိတ်ထားပါ။ လျှပ်စစ်ဓါတ်အားကုန်ကျစရိတ်ကိုချွေတာနိုင်မယ့်အပြင် ပတ်ဝန်းကျင်ကဆူညံသံတွေကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။
    • အသံလုံအောင်ထားပါ –နေအိမ်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေမဝင်ရောက်နိုင်အောင် အသံလုံအောင်ထားပါ။ အဝတ်လျှော်စက်ကို သီးသန့်အခန်းတစ်ခန်းနဲ့ထားတာမျိုးလုပ်ပါ။
    • အနီးဝန်းကျင်မှာ သာယာနာပျော်ဖွယ် အသံထွက်တဲ့အရာလေးတွေထားရှိပေးပါ – အချို့သူတွေက သူတို့အနီးဝန်းကျင်မှာ သာယာနာပျော်ဖွယ် အသံထွက်တဲ့အရာလေးတွေကို ထားရှိရတာကြိုက်နှစ်သက်ကြပါတယ်။ မိမိကြိုက်နှစ်သက်တဲ့သီးချင်းလေးတွေနားထောင်ရင်း ဆူညံသံတွေကိုနှုတ်ဆက်လိုက်ပါ။
    • နားကြပ်တပ်ပါ –အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းတစ်ရပ်ပါ၊ ညဘက်မှာဖြစ်ပေးတတ်တဲ့ ဆူညံသံတွေကနေ ကင်းဝေးစေဖို့ ညအိပ်တဲ့အခါ နားကြပ်တပ်အိပ်ပါ။ နှိုးစက်ကိုလည်း အသံကျယ်ကြီးမထားပါနဲ့။
    • ပုံမှန်တရားထိုင်ပေးပါ – တရားထိုင်တာက ဆူညံတဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုတွေကိုသက်သာစေပါတယ်။ အရမ်းလည်းထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀လောက် ၂ ကြိမ်ခန့်တရားထိုင်ပေးပါ။ တစ်လလောက်ကြာတဲ့ အခါထူးခြားမှုကိုတွေ့ရမှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 14/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။