backup og meta

အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။

    အာသီးရောင်ပြီဆိုရင် ဆေးခန်း ဒါမှမဟုတ် ဆေးဆိုင်ကို သွားပြီး ပိုးသတ်ဆေးလေးပေးပါ။ အမောက်ဆေးလေး ပေးပါဆိုပြီး ဝယ်သောက်ကြတတ်ပါတယ်။ အာသီးရောင်တိုင်းမှာ ပိုးသတ်ဆေးသောက်ဖို့ လိုသလား။ မလိုဘဲ သောက်ရင် ဘာဖြစ်တတ်သလဲ။ အာသီးရောင်ရင် ဘာဆေးသောက် ရမလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။

    အာသီးဘာကြောင့် ရောင်သလဲ။

    အာသီးရောင်ရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် နှစ်ခုပဲရှိပါတယ်။

    (၁) ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ရယ်

    (၂) ဘက်တီးရီးယားပိုး (အရပ်အခေါ် လေးဖက်နာပိုး) ဝင်တာကြောင့်ရယ်ပါ။

    အဲ့နှစ်ခုမှာ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ပါပဲ။ ခံတွင်းရဲ့ ဟိုဘက် ဒီဘက်မှာ ရှိနေတဲ့ အာသီးက တကယ်တော့ ခုခံအားတစ်ရှူးပါ။ ဒါကြောင့် ပြင်ပကနေ ပိုးဝင်လာတဲ့အခါ ခုခံအားက တုံ့ပြန်တာကြောင့် ရောင်တာ ဖြစ်ပါတယ်။

    အရပ်ထဲမှာ ပြောသလို ‌ရေခဲရေသောက်လို့ အာသီးရောင်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိုးဝင်ကူးစက်တာကြောင့်ပဲ ဖြစ်ပါတယ်။

    အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။

    အာသီးရောင်တာ အများစုက ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ သောက်နေလဲ အကျိုးထူးမှာ မဟုတ်ပါဘူး။ ကိုယ်ခံအားကနေ တိုက်ထုတ်မှာ ဖြစ်တဲ့အတွက် ခုခံအားကောင်းအောင် နေထိုင်ဖို့ လိုပါတယ်။

    များသောအားဖြင့်လည်း ဗိုင်းရပ်စ်ကြောင့် အာသီးရောင်တာက ၃-၄ရက်လောက်ဆို သက်သာသွားတတ်ပါတယ်။ သောက်နိုင်တဲ့ ဆေးတွေကတော့

    • လည်ချောင်းနာ ပျောက်တဲ့ ငုံဆေးပြားတွေ (ကလေးဆိုရင် နင်တတ်တာကြောင့် အသက် ၄နှစ်ကျော်မှ တိုက်ပါ။)
    • ပါရာစီတမော
    • အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေတွေ သောက်လို့ ရပါတယ်။

    အထူးသဖြင့် အာသီးရောင်လို့ နာနေပြီး ဖျားပါဖျားလာပြီဆိုရင် သောက်သင့်ပါတယ်။

    ဒီဆေးတွေက ဆရာဝန်ဆေးစာမလိုဘဲ ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ ရပါတယ်။ ဒါကလွဲပြီး တခြားဆေးတွေ (အထူးသဖြင့် ပိုးသတ်ဆေး) တွေကို မသောက်သင့်ပါ။

    အာသီးရောင်ရင် ပိုးသတ်ဆေး သောက်ဖို့ လိုမလို

    လူအများစုက အာသီးရောင်ပြီ ဆိုတာနဲ့ တန်းပြီး ပိုးသတ်ဆေး သောက်တတ်ကြပါတယ်။ ဒါက မှားပါတယ်။ အာသီးရောင်တာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးသောက်လို့လည်း အကျိုးမထူးပါဘူး။

    အကျိုးမထူးတဲ့အပြင် မလိုအပ်ဘဲ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံရတာ၊ ဆေးပမာဏတွေ မှားသောက်မိတာ (အထူးသဖြင့် ကလေးငယ်တွေမှာ) ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက ဆေးပတ်လည်အောင် မသောက်ဘဲ လည်ချောင်းနာ သက်သာတာနဲ့ ရပ်လိုက်တာ၊ လည်ချောင်းနာတိုင်း ပိုးသတ်ဆေးပဲ သောက်နေတာကြောင့် နောက်ပိုင်းမှာ ဆေးမတိုးတော့တာတွေ ဖြစ်တတ်ပါတယ်။

    အာသီးရောင်တာကနေ လေးဖက်နာ ဖြစ်တတ်တယ်ဆိုပြီး ပန်နဆလင်တွေလည်း စွဲသောက်ကြတာကို တွေ့ရပါတယ်။ ဒါကလည်း အန္တရာယ်များတာကြောင့် ဒီလိုမလုပ်ဖို့ တားမြစ်လိုပါတယ်။

    ဒါကြောင့် အာသီးရောင်ပြီဆိုတာနဲ့ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးမသောက်ဖို့ အကြံပြုချင်ပါတယ်။

    ဘယ်အချိန်မှာ ပိုးသတ်ဆေး သောက်ဖို့ လိုမလဲ။

    အာသီးရောင်တာက ဘက်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင် လိုပါတယ်။ ဒါပေမယ့် အာသီးရောင်တာက ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လားဆိုတာ အမြင်နဲ့ ခွဲလို့ မရပါဘူး။ ဆေးစစ်ကြည့်မှ သိမှာပါ။

    ဒါကြောင့် အာသီးရောင်ပြီဆိုရင် ၃-၄ရက်လောက် စောင့်ကြည့်ပါ။ အဲ့ဒီရက်တွေမှာ အနာသက်သာအောင် အပေါ်က ဆေး ၃မျိုးကို သောက်နိုင်ပါတယ်။ ရက်ကြာတာတောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြပါ။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ပိုးတွေ့တယ်ဆိုရင် ပိုးသတ်ဆေး ညွှန်ပါလိမ့်မယ်။ အဲ့ဒီအခါ ဆရာဝန်ညွှန်တဲ့ ဆေးပမာဏ၊ ရက်အတိုင်း ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။

    ဒီတိုင်းပဲ ပိုးသတ်ဆေးသောက်လိုက်လို့ မရဘူးလား

    ဆေးတွေ ဘာတွေ စစ်မနေတော့ပါဘူး။ ဒီတိုင်းပဲ ပိုးသတ်ဆေးသောက်လိုက်မယ်လေဆိုပြီး ပြောကြတာလည်း ရှိပါတယ်။ အဲ့လိုသောက်တာက အန္တရာယ်များပါတယ်။

    ပိုးသတ်ဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ရတဲ့ ဆေးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သောက်တဲ့အခါ အပေါ်မှာ ပြောခဲ့သလို ပိုးနဲ့ဆေးနဲ့ လွဲတာ၊ ဆေးပမာဏတွေ၊ ရက်တွေ လွဲသောက်တာ၊ မလိုအပ်ဘဲ ဆေးဒဏ်တွေ ခံရတာ၊ ကိုယ်သောက်နေတဲ့ ဆေးတွေနဲ့ ဓာတ်ပြုတာတွေ ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ နောက်ပိုင်းမှာ ပိုးသတ်ဆေး မတိုးတော့တာတွေ ဖြစ်လာနိုင်လို့ပါ။

    အာသီးရောင်တာ သက်သာအောင် ဘာတွေ လုပ်နိုင်သေးသလဲ။

    သောက်ရမယ့် မသောက်ရမယ့် ဆေးတွေ သိသွားပြီဆိုတော့ ထပ်ပြီး အိမ်တွင်းနည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အာသီးရောင်ပြီဆိုရင် ဆေးတွေသောက်တာအပြင် ခုပြောတဲ့နည်းလမ်းလေးတွေကို လိုက်လုပ်ပေးမယ်ဆိုရင် နာတာသက်သာပြီး မြန်မြန်ကောင်းလာမှာ ဖြစ်ပါတယ်။

    အာသီးရောင်တဲ့အခါ

    • များများအနားယူပါ။ လည်ချောင်းကို အသုံးပြုရတဲ့ အလုပ်တွေကို နားထားပါ။
    • ရေများများသောက်ပါ။ လည်ချောင်းကို စိုစွတ်စေပြီး အနာသက်သာစေပါတယ်။
    • လည်ချောင်းကို သက်သောင့်သက်သာဖြစ်စေနိုင်တဲ့ အရည်နွေးနွေး၊ အေးအေး စသဖြင့် ကိုယ်အဆင်ပြေရာကို သောက်ပေးပါ။ တချို့က ရေနွေးနွေးလေးတွေ သောက်ရင် သက်သာတယ်။ တချို့ကျတော့လည်း ရေအေးအေးလေး သောက်ရင် သက်သာတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေရာကို သောက်ပါ။
    • ဆားရည်နဲ့ အာလုပ်ကျင်းပါ။ ရေကြက်သီးနွေးတစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်းဝက်ထည့်ပြီး ဟိုးအတွင်းက အာခေါင်ထဲထိ ရောက်အောင်ကျင်းပေးပါ။
    • ကိုယ်ရှူရတဲ့ လေက ခြောက်နေရင် လည်ချောင်းယားတတ်တာကြောင့် ရေနွေးငွေ့ ရှူပေးတာ၊ အစိုဓာတ်ထိန်းစက် ဖွင့်တာတွေ လုပ်ပေးနိုင်ပါတယ်။
    • အာသီးရောင်နေချိန်မှာ ဖုန်တွေ၊ အမှုန်တွေ၊ ဆေးလိပ်ငွေ့တွေကို ရှောင်ပါ။ လည်ချောင်းယားပြီး ပိုဆိုးတတ်ပါတယ်။

    အကြံပေးချက်

    အာသီးရောင်တဲ့အခါ ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ ရတဲ့ ဆေးတွေ ရှိပေမယ့် ပိုးသတ်ဆေးကိုတော့ ဆရာဝန်ညွှန်မှပဲ သောက်သင့်ပါတယ်။ ဒါ့ပြင် အိမ်တွင်းနည်းလမ်းတွေကိုပါ လိုက်လုပ်ပေးရင် အာသီးရောင်တာ အမြန်ဆုံးသက်သာလာမှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement