backup og meta

အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်!

    လည်ချောင်းနာပြီး လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ မနက်ခင်း အိပ်ရာနိုးလာရတာက အတော်လေး ကသိကအောက် ဖြစ်စေတာပါ။ စကားပြောဖို့လည်း ခက်၊ တစ်ခုခုကို မျိုချဖို့လည်း ခက်သလို ရေမျိုချရတာတောင် အတော်လေး မလွယ်ကူပါဘူး။ ဒီလိုမျိုး အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်!

    အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့် ဆိုတော့ အခု ပြောပြပေးမယ့် အချက်တွေကြောင့်ပါ။ 

    • လေထုက ခြောက်သွေ့နေတာ

    အိပ်ခန်းထဲက လေထုက ခြောက်သွေ့နေမယ်ဆိုရင်တော့ လည်ချောင်းထဲက အချွဲမြှေးတွေကို ခြောက်သွေ့စေပြီး လည်ချောင်း ခြောက်တာ၊ လည်ချောင်းနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းကာလတွေမှာပါ။ ဒါကြောင့် အိပ်ရာနိုးတိုင်း လည်ချောင်းနာနေပြီဆိုရင် အိပ်ခန်း လေထုကို သတိထားပေးပါ။

    • ရေဓာတ် ခမ်းခြောက်တာ

    ရေဓာတ် ခမ်းခြောက်တာက ခံတွင်းခြောက်တာ၊ လည်ချောင်းခြောက်တာတွေကို  ခံစားရစေနိုင်ပါတယ်။ ညဘက်တွေမှာ အိပ်စက်နေတာကြောင့် ရေမသောက်ဖြစ်ဘူးလေ။ ဒီတော့ ရေဓာတ် ခမ်းခြောက်ပြီး လည်ချောင်းနာရင်း အိပ်ရာနိုးလာရတာပါ။ တစ်နေ့လုံး ရေလုံလောက်အောင် မသောက်မိတာ၊ မအိပ်ခင်မှာ အငန်ကဲတာကို စားမိတာ၊ အရက်သောက်မိတာတွေကလည်း ရေဓာတ်ခမ်းခြောက်စေပြီး အိပ်ရာနိုးချိန်မှာ လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ 

    • အစာခြေအက်ဆစ် ပြန်ဆန်တက်တာ (GERD)

    အစာခြေ အက်ဆစ် ပြန်ဆန်တက်တာ (GERD) ဆိုတာက အစာခြေအက်ဆစ်ရည်တွေ အစာရေမျိုထဲကို ပြန်ဆန်တက်လာတာမျိုးပါ။ လှဲနေချိန်မှာ အက်စစ်တွေဆန်တက်လာတာကြောင့် မနက်ခင်းမှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ 

    • နှာရည်တွေ နောက်ပြန်စီးတာ

    နှာရည်တွေက နှာခေါင်းထဲကနေ နောက်ပြန်စီးပြီး လည်ချောင်းထဲကို ရောက်သွားတဲ့အခါ လည်ချောင်း အတွင်းနံရံတွေ ရောင်ရမ်းတာ၊ လည်ချောင်းနာတာတွေကို ခံစားရစေနိုင်ပါတယ်။ မနက်ခင်းမှာ လည်ချောင်းနာရက်နဲ့ နိုးလာရတာက နှာရည် နောက်ပြန်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    • အိပ်ရင်ဟောက်တာ

    အိပ်ရင်းဟောက်တဲ့အခါ ပါးစပ်နဲ့ အသက်ရှူရတာကြောင့် လည်ချောင်း ခြောက်စေပြီး လည်ချောင်းနာရက်နဲ့ အိပ်ရာနိုးလာရတာပါ။ အိပ်ရင်း ဟောက်တာက မနက်ခင်းမှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ 

    • ပိုးဝင်ကူးစက်တာ

    ဗိုင်းရပ်စ်တွေ ကူးစက်တာ ဘက်တီးရီးယားတွေ ကူးစက်တာကလည်း မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ အိပ်ရာနိုးလာတတ်ပါတယ်။ အအေးမိတာ၊ တုပ်ကွေးနဲ့ ပြင်းထန်တဲ့ ပိုးဝင်ကူးစက်မှုတွေက လည်ချောင်းနာတာကို ဖြစ်စေပြီး မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ နိုးလာနိုင်ပါတယ်။

    • ဓာတ်မတည့်တာ

    ဓာတ်မတည့်မှုက အိပ်ရေးပျက်စေနိုင်သလို လည်ချောင်းထဲမှာ ခြောက်တာ၊ ရှတတ ဖြစ်တာမျိုးတွေ ခံစားရစေနိုင်သလို လည်ချောင်း အတွင်းနံရံတွေ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်တာကလည်း နှာရည်နောက်ပြန်စီးတာကို ဖြစ်စေပြီး မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ အိပ်ရာနိုးလာစေနိုင်ပါတယ်

    • ညစ်ညမ်းမှုတွေ

    မီးခိုးမြူတွေနဲ့ ပိုးသတ်ဆေးတွေ၊ ဖုန်မှုန့်တွေက လည်ချောင်းထဲက တစ်ရှူးတွေကို ရောင်ရမ်းစေပြီး မနက်အိပ်ရာ  ထချိန်မှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ 

    • ဆေးလိပ်သောက်တာ

    ဆေးလိပ်သောက်တဲ့သူတွေမှာ လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ စီးကရက်ငွေ့က လည်ချောင်း နဲ့ အသက်ရှူလမ်းကြောင်းတွေကို ခြောက်သွေ့စေပြီး လေပြွန်တွေကို ရောင်ရမ်းတာ ဖြစ်စေနိုင်သလို အိပ်ရာနိုးချိန်မှာ လည်ချောင်းနာတာကို ခံစားရစေနိုင်ပါတယ်။ 

    • စကားအသံကျယ်ကျယ် ပြောတတ်တာ

    စကားသံ ကျယ်ကျယ် ပြောတာ၊ သီချင်းဆိုတာ၊ တစ်နေကုန် မနားတမ်း စကားပြောတာက လည်ချောင်းထဲက တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ရောင်ရမ်းစေပြီး အသံကြိုးတွေကို ရောင်စေနိုင်သလို အသံဝင်တာ၊ မနက်ခင်းမှာ လည်ချောင်းနာပြီး အိပ်ရာနိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ 

    ကဲ …. ဒီအချက်တွေကြောင့် လည်ချောင်းနာရက်နဲ့ အိပ်ရာနိုးလာရတာပါနော်။ ဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင်လိုက်တော့နော်။

    လည်ချောင်းနာနာနဲ့ အိပ်ရာနိုးထနေရပြီလား!

    အိပ်ရာနိုးတိုင်း လည်ချောင်းနာနေရတာက
    • အခန်းလေထုက ခြောက်သွေ့နေလို့
    • ရေသောက်နည်းနေလို့
    • အစာခြေအက်ဆစ် ပြန်ဆန်တက်တာ ခံစားနေရလို့
    • နှာရည်နောက်ပြန်စီးတာ ခံစားနေရလို့
    • အိပ်ရင်ဟောက်တတ်လို့
    • ပိုးဝင်ကူးစက်ခံထားရလို့
    • ဓာတ်မတည့်မှု ခံစားနေရလို့
    • ညစ်ညမ်းမှုတွေနဲ့ ထိတွေ့နေရလို့
    • ဆေးလိပ်သောက်တတ်လို့
    • စကားကျယ်ကျယ် ပြောတတ်လို့

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement