backup og meta

နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ

နားအူတာ က နားထဲမှာ တစီစီနဲ့ တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာပါ။ တိတ်ဆိတ်နေတဲ့အချိန်ဆို ပိုဆိုးပါတယ်။ နားအူတာက အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ တချို့က တစ်ခါတလေပဲ ဖြစ်ပြီး တချို့က ဆက်တိုက် ဖြစ်နေတာပါ။ အကောင်းဆုံးကတော့ နားအူစေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသတာပါပဲ။ ဒီလို ကုသနေတုန်းမှာ ဖြစ်ဖြစ်၊ လတ်တလောမှာ ဆေးခန်း မသွားနိုင်သေးလို့ ဖြစ်ဖြစ် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်နိုင်ပါတယ်။

နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ

  • ဘယ်အရာတွေက နားအူတာကို ပိုဆိုးစေတာလဲ။
  • တချို့တွေက တစ်ခုခု စားလိုက်ရင်၊ သောက်လိုက်ရင်၊ ဆေးသောက်လိုက်ရင် နားအူတာ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူချင်မှ တူမှာပါ။ ကိုယ့်ကို ပိုဆိုးစေတဲ့အရာတွေကို ရှာကြည့်ပါ။ ဥပမာ တချို့က ကဖင်းပါတာတွေ သောက်မိရင် ပိုဆိုးတတ်ပါတယ်။ တချို့က အရက်သောက်တဲ့နေ့၊ အငန်စားတာ များတဲ့နေ့ဆို ပိုဖြစ်တတ်ပါတယ်။

    ကိုယ့်ကိုရော ဘာတွေက ပိုဆိုးစေတာလဲ။ ဒါကို ရှောင်လိုက်ရင် ခဏခဏ နားမအူတော့ဘူးပေါ့။

    ဆေးလိပ်က နားအူတာကို နည်းလမ်း ၂သွယ်နဲ့ ပိုဆိုးစေပါတယ်။ သွေးကြောတွေကို ထိခိုက်စေတာကြောင့် အကြားအာရုံကို ထိန်းချုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေဆီကို သွေးကောင်းကောင်း မရောက်စေပါဘူး။ ဒါ့ပြင် ကိုယ်တွင်းက စနစ်တွေကို တက်ကြွစေပါတယ်။ ဒါကြောင့် နားအူတာ ပိုကျယ်လာပါတယ်။

    • သာယာနာပျော်ဖွယ် အသံလေးတွေ ဖွင့်ထားပေးပါ။

    တိတ်ဆိတ်နေရင် နားအူတာက ပိုသိသာပါတယ်။ ဒါကြောင့် နားအူတာကို သတိမထားမိအောင် ဒါတွေကို လုပ်ပေးပါ။

    -သီချင်းသံ တိုးတိုးလေး ဖွင့်ထားပေးပါ။

    -ရေဒီယို နားထောင်ပါ။

    -ပန်ကာဖွင့်ထားပါ။

    -white-noise လို့ခေါ်တဲ့ အသံဆူဆူ၊ သဘာဝအသံတွေကိုလည်း ဖွင့်ထားပေးလို့ ရပါတယ်။ ဥပမာ မိုးရွာတဲ့အသံ၊ ပင်လယ်လှိုင်းပုတ်သံလိုမျိုးပါ။

    နားအူတာက ပထမဆုံး ဖြစ်ရင် ဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်ရင်ဖြစ်ဖြစ် လူတွေက စိတ်ရှုပ်လာပါတယ်။ ဒီလို စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာကလည်း နားအူတာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နေ့တိုင်း အချိန် ၁၅မိနစ်လောက်ပေးပြီး စိတ်ဖိစီးမှု လျှော့ချဖို့ မမေ့ပါနဲ့။ အောက်ပါ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ မိမိအဆင်ပြေရာကို လုပ်နိုင်ပါတယ်။

    ယောဂကျင့်တာ

    တရားထိုင်တာ

    -ကြွက်သားဖြေလျှော့တာ

    -မျက်လုံးမှိတ်ပြီး မိမိသွားချင်တဲ့နေရာ၊ သာယာတဲ့နေရာကို မြင်ယောင်ကြည့်တာ စတာတွေပဲ ဖြစ်ပါတယ်။

    တရားထိုင်တာလိုမျိုး တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် နောက်ကနေ အသံတစ်ခုခု ဖွင့်ထားပေးပါ။ ဒါမှ နားအူတာကို သတိမထားမိဘဲ ပိုပြီး အာရုံစိုက်လို့ ရမှာပါ။

    အိပ်ရေး မဝဘဲ နုံးပြီး အားနည်းတဲ့အခါ နားအူတာ ပိုဆိုးတတ်ပါတယ်။ နားအူတဲ့အသံကို ပိုကျယ်စေပါတယ်။ နားအူလို့ အိပ်မပျော်၊ အိပ်ရေးမဝလို့ နားပိုအူနဲ့ သံသရာလည်နေတတ်ပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့

    -အိပ်ရာကို မှောင်ပြီး အေးနေအောင် ထားပါ။

    -အိပ်ခန်းက တိတ်ဆိတ်လွန်းနေရင် နားအူတာကို သတိမထားမိအောင် white-noise ဖွင့်ထားပေးပါ။

    -အိပ်ရာ ဝင်ချိန်၊ ထချိန် မှန်ပါစေ။

    -မအိပ်ခင်မှာ လုပ်ရမယ့် ပုံမှန်အလုပ်တွေ သတ်မှတ်ထားပါ။ ဥပမာ မအိပ်ခင်မှာ ရေချိုးမယ်၊ ပြီးရင် စာဖတ်မယ်၊ ပြီးရင် အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး အိပ်မယ် စသဖြင့်။

    -အိပ်ရာနဲ့ ခေါင်းအုံးတွေက သက်သောင့်သက်သာ ရှိပါစေ။

    -မအိပ်ခင် ၂-၃ နာရီအလိုလောက်ဆို ပြင်းထန်တွေ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အရက်သောက်တာ၊ ကော်ဖီသောက်တာ၊ အစားစားတာ ရှောင်ကြဉ်ပါ။

    • တစ်ပတ်ကို ၃ရက်ကနေ ၅ရက်လောက် လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်းလုပ်တာက အောက်ပါအချက်တွေကြောင့် နားအူတာကို သက်သာစေတာပါ။

    -စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။

    -အိပ်ပျော်စေတယ်။

    -နားအူတာကြောင့် ဖြစ်တဲ့ စိတ်ကျရောဂါကို သက်သာစေတယ်။

    ခုမှ စလုပ်မှာဆိုရင် ဖြည်းဖြည်းချင်း လုပ်ပြီး တိုးသွားပါ။ သက်သောင့်သက်သာ စလုပ်ပါ။ ပုံမှန်လုပ်ဖြစ်အောင် အရင်ကြိုးစားပါ။  ဘာမှမလုပ်တတ်ရင် လမ်းလျှောက်တာက စလုပ်ပါ။

    • အသံဆူဆူတွေကနေ ကာကွယ်ပါ။

    ဆူဆူညံညံ အသံတွေက နားအူစေရခြင်းရဲ့ အဓိက အကြောင်းရင်းပါ။ ဒါ့ပြင် နားအူတာကိုလည်း ပိုဆိုးစေပါတယ်။ ဒါကြောင့် မိမိရဲ့ နားကို အသံဆူဆူတွေကနေ ဒီလို ကာကွယ်ပေးပါ။

    – နားကျပ်နဲ့ သီချင်းနားထောင်တဲ့အခါ အကျယ်ဆုံးတင်လို့ရတဲ့ အသံရဲ့ တစ်ဝက်ထက် ပိုမတင်ပါနဲ့။ တစ်နာရီထက်ပိုပြီး ဆက်တိုက် နားမထောင်ပါနဲ့။

    -ဆူညံတဲ့ပွဲတွေ (ဥပမာ ရှိုးပွဲ၊ ဘား၊ ကလပ်) သွားတဲ့အခါ နားကျပ် ear plugs တပ်ပါ။ ကိုယ်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိတဲ့ လူက ပြောတာကို မကြားရဘူးဆိုရင် ဒီအသံက တော်တော်ကျယ်နေပါပြီ။ အကြားအာရုံ ပျက်စီးတာ၊ နားအူတာ ပိုဆိုးတာ ဖြစ်သွားနိုင်ပါတယ်။

    -မြက်ရိတ်စက်နဲ့ မြက်ရိတ်တဲ့အခါ၊ အသံဆူတဲ့ ကိရိယာတွေ သုံးတဲ့အခါ နားထဲမှာ ear plugs တပ်ပြီးမှ လုပ်ပါ။

    -ဆူညံတဲ့ စက်ရုံ၊ အလုပ်ရုံမှာ အလုပ်လုပ်တဲ့အခါ နားအကာအကွယ် အမြဲဝတ်ပါ။

    • ရောဂါအခံရှိတဲ့အခါ မပေါ့ဆပါနဲ့။
    • ဒီတိုင်း အကြောင်းအရင်း မရှိလည်း နားအူနိုင်သလို အောက်က ရောဂါအခံရှိရင်လည်း နားအူနိုင်ပါတယ်။ ဒီလို ရောဂါအခံရှိသူတွေ နားအူရင် ဆရာဝန်နဲ့ ပြပြီး ကုသမှု ခံယူသင့်ပါတယ်။

      သိုင်းရွိုက်ရောဂါ

      -သွေးတိုးရောဂါ

      Lyme disease

      -Fibromyalgia

      -နားဖာချေးပိတ်တာ

      -မေးရိုးအဆစ်လွဲတာ

      -ဦးနှောက်ထိခိုက်တာ

      -လေဖြတ်တာ

      -ဆီးချိုရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

      ဆေးဝါးတွေကိုလည်း ဂရုစိုက်ပါ။ ဆေးအသစ်တစ်မျိုး စသောက်ပြီးမှ နားအူတာဆိုရင် ဆရာဝန်ကို ပြန်ပြောပြပါ။

      ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ နားအူတာ အထိုက်အလျောက် သက်သာမှာပါ။ နေ့စဉ် အလုပ်တွေ လုပ်မရအောင် နားအူရင်၊ ညဘက် အိပ်မရရင်၊ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Htet Htet Zaw Win


      Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement