backup og meta

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

    ကိုယ်တစ်ယောက်တည်း အနံ့တစ်ခုခုကို ရနေပြီး တခြားသူတွေက မရဘူးဆိုရင် ကိုယ်တိုင်က အနံ့ခံအာရုံပိုကောင်းတာ ဖြစ်နိုင်သလို မရှိတဲ့ အနံ့တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ သူများ မရဘဲ ကိုယ်တစ်ယောက်တည်း အနံ့တွေရနေတာက သာမန်လည်း ဖြစ်နိုင်သလို ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    မရှိတဲ့ အနံ့တွေရနေတာ

    ဒါကို အနံ့နဲ့ ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်တယ်လို့လည်း ပြောကြပါတယ်။ တကယ်မရှိပါဘဲနဲ့ အနံ့တွေ ရနေတာမျိုးပေါ့။ အနံ့တွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့ကတော့ မွှေးတဲ့အနံ့တွေရတာ ရှိသလို တချို့က စိမ်းရွှင်ရွှင်အနံ့တွေ ရနေတာမျိုးလည်း ရှိပါတယ်။

    နှာခေါင်းတစ်ဖက်တည်းက ရတာ ရှိသလို နှစ်ဖက်လုံးကနေလည်း ရတာ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ ရံဖန်ရံခါမှ ရပြီး ပျောက်သွားတတ်သလို တချို့တွေမှာလည်း အမြဲလိုလို ရနေတာမျိုး ဖြစ်တတ်ပါတယ်။

    ဘယ်လိုအနံ့တွေ ရတတ်သလဲ။

    မရှိတဲ့ အနံ့တွေ ရနေတယ်ဆိုပေမဲ့ သူတို့က တကယ်အနံ့ရနေတာ ဖြစ်ပါတယ်။ သူတို့ကို မေးကြည့်ရင်

    • တစ်ခုခု တူးတဲ့အနံ့
    • ရာဘာညော်နံ့
    • ဆေးလိပ်နံ့
    • သံထည်နံ့
    • ပုပ်အဲ့အဲ့နံ့
    • မှိုစွဲတဲ့အနံ့တွေ ရတယ်လို့ ပြောတတ်ပါတယ်။

    တချို့ကျတော့လည်း ဘာမှန်းမသိတဲ့အနံ့၊ တစ်ခါမှ မရဖူးတဲ့ အနံ့တွေရတယ်လို့ ပြောကြပါတယ်။ ဒီအနံ့တွေကြောင့် တချို့ဆိုရင် အစားအသောက်ပျက်တာ၊ ဘာစားစား အရသာ မရှိတာ၊ ဒါကြောင့် ပိန်သွားတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိတတ်ပါတယ်။

    မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

    အကြောင်းရင်းတွေကတော့ အများကြီး ဖြစ်နိုင်ပါတယ်။ နှာခေါင်းပြဿနာတွေကနေစလို့ ဦးနှောက်ပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။

    နှာခေါင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်တာတွေက

    • နှာခေါင်းအသားပို
    • နာတာရှည် ထိပ်ကပ်နာ
    • ဓာတ်မတည့်နှာစေး
    • အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
    • ဦးခေါင်းတစ်ဝိုက် ကင်ဆာဖြစ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    သာမန်အအေးမိနှာစေးတာ၊ ခံတွင်းရောဂါနဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ဆုံး Covid-19ဖြစ်ထားတဲ့သူတွေမှာလည်း မရှိတဲ့ အနံ့တွေရနေတာ ကို တွေ့ရတတ်ပါတယ်။

    ဦးနှောက်နဲ့ ပတ်သက်လို့ ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့

  • ‌ခေါင်းထိခိုက်မိတာ
  • အတက်ရောဂါ
  • ဦးနှောက်အကျိတ်
  • ပါကင်ဆန်ရောဂါ
  • အယ်ဇိုင်းမားရောဂါ
  • မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ
  • လေဖြတ်ပြီးတဲ့လူနာတွေမှာလည်း တွေ့ရတတ်ပါတယ်။
  • အသက်ကြီးလာတဲ့သူတွေမှာလည်း သဘာဝအရ တွေ့ရတာမျိုး ရှိသလို ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    မရှိတဲ့ အနံ့တွေရနေပြီ။ ဘယ်လိုလုပ်ကြမလဲ။

    ဘယ်လိုလုပ်ရမလဲဆိုတာကတော့ ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဥပမာ အအေးမိလို့၊ ဓာတ်မတည့်လို့ ဖြစ်တာဆို ဒါတွေ သက်သာသွားရင် ပျောက်သွားနိုင်ပါတယ်။ ထိပ်ကပ်နာတို့၊ ပိုးဝင်တာတို့ဆိုရင် ဆေးတွေနဲ့ ကုသလိုက်လို့ ရောဂါကောင်းသွားရင် အနံ့ရတဲ့ ပြဿနာပါ သက်သာသွားပါတယ်။

    ဆိုလိုတာက မရှိတဲ့အနံ့တွေရတာ လက္ခဏာဖြစ်တာကြောင့် ဖြစ်ရတဲ့ အကြောင်းရင်းကို ကုသမှ ပျောက်ကင်းမှာ ဖြစ်ပါတယ်။

    မရှိတဲ့ အနံ့တွေရနေတာ ဆိုရင် နှာခေါင်းကို ဆားရည် ဒါမှမဟုတ် ဆလိုင်းနဲ့ ဆေးကြည့်ပါ။ ရက်ပိုင်းလောက် ဒီနည်းကို အသုံးပြုကြည့်ပါ။ ဒီကြားထဲမှာ

    • ဆေးလိပ်မသောက်ပါနဲ့။
    • ဓာတ်မတည့်တဲ့အရာတွေကိ ရှောင်ပါ။
    • အအေးမိဖျားနာတာတွေ ရှိရင် ကုသပါ။

    ဒါတွေလုပ်တာ ၁ပတ်- ၂ပတ်လောက် ကြာတာတောင် မသက်သာဘူး။ အနံ့ရတာက ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ အောက်ပါ လက္ခဏာတွေကိုပါ ပူးတွဲခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

    • ခေါင်းကိုက်တာ
    • နှာပုပ်ရည်တွေ ထွက်တာ
    • အဖျားကြာရှည်တာ
    • ခေါင်းကိုက်တာ
    • သတိမကောင်းတာ
    • လှုပ်ရှားရခက်တာ စတဲ့လက္ခဏာတွေ ရှိနေရင်ပါ။

    ဒါဆိုရင် နှာခေါင်းနဲ့ ပတ်သက်တဲ့ ပြင်းထန်ရောဂါတွေ၊ ဦးနှောက်ပြဿနာတွေ ဖြစ်နိုင်လို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် သို့မဟုတ် ဦးနှောက်နဲ့ အာရုံကြောအထူးကုနဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement