Hello Sayarwon ရဲ့ စာဖတ်ပရိတ်သတ်များမင်္ဂလာပါ ။ အခုအချိန်မှာ ကောလဟာလ အမျိုးမျိုးတွေ ထွက်နေတော့ ပုံမှန် ကိုယ့်ဖာသာကိုယ်ဖျားနေရင်တောင် ရောဂါများ ဖြစ်နေလားဆိုပြီး မသင်္ကာတာမျိုး ခံစားရနိုင်ပါတယ် ။ COVID-19 ရဲ့ ရောဂါလက္ခဏာတွေကိုလည်း ကျွန်တော်တို့ Hello Sayarwon အပါအဝင် မီဒီယာအမျိုးမျိုးကနေ အကြိမ်ကြိမ် တင်ပြနေတဲ့အတွက် ပိုတောင် နားယဉ်နေမယ်လို့ ယူဆပါတယ် ။
အများသိတဲ့အတိုင်းပဲ COVID19ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်နိုင်တဲ့အတွက် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ သိပ်မကွာခြားပါဘူး ။ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာဆိုးဝါးတာလည်း COVID-19 virus ကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အတွေ့များတတ်တဲ့ တခြားရောဂါတွေ ဥပမာ အဆုတ်ရောင်ခြင်း ၊ တီဘီရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ် ။
ဒီအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ဖြစ်နိုင်တဲ့ လူနာတွေအတွက် လုပ်ထုံးလုပ်နည်း guideline ဆွဲထားပါတယ် ။
COVID-19 ကူးစက်နေတယ်လို့ သံသယရှိတဲ့လူတစ်ယောက်ဟာ
လက်ရှိ ကိုရိုနာရောဂါပိုးဖြစ်ပွားနေတဲ့ နိုင်ငံဒေသတွေက ပြန်လာသူဖြစ်ခြင်း
သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတယ်လို့ အတည်ပြုအဖြေထုတ်ခံရတဲ့သူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့တဲ့လူကိုတော့ လူနာအမျိုးအစား A လို့ သတ်မှတ်ပါတယ်။ ဒီလိုလူမျိုးကိုတော့ ဆေးရုံ သို့မဟုတ် အိမ်မှာပဲ သီးသန့်ထားပြီး ၂၁ ရက် စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်ပါတယ် ။
လူနာအမျိုးအစား B ကတော့ မြန်မာနိုင်ငံမှာပဲနေပြီး ဖျားနာခြင်း ၊ ချောင်းဆိုးခြင်းတွေနဲ့ လာတာပါ ။ လက်ရှိအနေအထားအရတော့ တခြားသော သာမန်ဖျားနာခြင်း ၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း မေ့ထားလို့ မရသေးတဲ့အတွက် ရောဂါ ရှာဖွေခြင်း အဆင့်ဆင့်တွေ လုပ်ပြီး လိုအပ်တဲ့ကုသမှုတွေ လုပ်ရပါမယ် ။
အဆိုပါ ဝေဒနာတွေ ခံစားနေရတဲ့လူနာတွေအနေနဲ့ အိမ်မှာပဲ ၂၁ ရက် စောင့်ကြည့်စရာ မလိုအပ်ပေမဲ့ ခုခံအားကျနေတဲ့အတွက် တတ်နိုင်သမျှ အိမ်မှာပဲ နေဖို့၊ နေမကောင်းမချင်း အပြင်မထွက်ဖို့ အကြုံပြုလိုပါတယ် ။
လူနာအမျိုးအစား C ကတော့ ဘာရောဂါ ဘာအကြောင်းမှန်းမသိဘဲ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်းတွေနဲ့အတူ အသက်ရှူလမ်းကြောင်း ရောဂါဆိုးနေရင်တော့ COVID-19 ဖြစ်နိုင်တဲ့ သံသယလူနာလို့ သတ်မှတ်ပြီးတော့ သီးသန့်ထားရှိမှာ ဖြစ်ပါတယ် ။
ဒါ့ကြောင့် ဒီအချိန်မှာ မောပန်းလို့ ပင်ပန်းလို့ စတဲ့ ပုံမှန်ဖျားနေကျ အကြောင်းတွေကြောင့် သာမန်ဖျားနာနေတဲ့ လူတွေအတွက် စိတ်ပူစရာ မလိုအပ်သလို ပေါ့ပေါ့ဆဆ မနေဖို့ အကြံပြုလိုပါတယ် ။ ကိုယ်ခံအားတက်အောင် နေထိုင်ခြင်း ၊ မကြာခဏ လက်ဆေးခြင်း ၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတွေက COVID-19 ကို ကာကွယ်ရာမှာ အကျိုးရှိတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ် ။
ရေးသားသူ – Dr. Aung Kyaw Myint
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။