backup og meta

ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား။

    ကိုယ်ဝန်ဆိပ်တက်လို့ ကလေးပျက်ကျသွားတယ်၊ ကိုယ်ဝန်ဆိပ်တက်လွန်းလို့ ခြေထောက်တွေ ဖောရောင်နေပြီး လမ်းလျှောက်လို့တောင် မရတော့ဘူး ၊ကိုယ်ဝန်ဆိပ်တက်လို့ နေ့မစေ့ လမစေ့တဲ့ ကလေး၊ ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးလာတယ်စသဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးကြောက်ရတဲ့ အိပ်မက်ဆိုးကြီးတွေပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာဟာလည်း ကိုယ်ဝန်ဆောင် ၂၀၀ မှာ ၁ ယောက်လောက်ကဖြစ်နေပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့လိုလာပြီပေါ့။ မဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်တာက အကောင်းဆုံးလေ။ ဒီတော့ ကိုယ်ဝန်ဆိပ် မတက်အောင် ဘယ်လို ကာကွယ်ကြမလဲ။ ။

    ကာကွယ်ရမယ့်အကြောင်း အရင်မပြောခင် ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း အကျဉ်းလေး ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ ။ ။

    ဆေးပညာအရ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာကို Preeclampsia နဲ့ eclampsia ဆိုပြီး ၂ မျိုးသတ်မှတ်ထားပါတယ်။

    Preeclampsia – ကိုယ်ဝန်ရှိနေတဲ့အချိန် သွေးပေါင်တွေတက်လာတာ နဲ့ ဆီးထဲ ပရိုတင်းပါ( proteinuria)ပြဿနာရှိနေတာ

    Eclampsia – Preeclampsia ကနေ နောက်တစ်ဆင့်တက်ပြီး ပိုဆိုးလာလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး မျက်ဖြူလန်တက်သွားတဲ့ ပြဿနာကို ပြောတာဖြစ်ပါတယ်။

    ကိုယ်ဝန်ဆိပ်တက်ခြင်း အဖြစ်များတဲ့သူတွေကတော့

    • အရင်တည်းက သွေးတိုး ဆီးချို ရောဂါဖြစ်နေတဲ့ အမျိုးသမီးတွေ
    • ပထမ တစ်ခါ ကိုယ်ဝန်ဆောင်တုန်းက ကိုယ်ဝန်ကြောင့် သွေးပေါင်တက်ခဲ့တဲ့သူတွေ ၊
    • ကိုယ်ဝန်ဆိပ်တက် တစ်ခါ တက်ဖူးထားတဲ့သူတွေနဲ့
    • ခုခံအား ဆိုင်ရာ ရောဂါတွေဖြစ်တဲ့ lupus ရောဂါ၊ အဆစ်အမြစ်နာရောဂါနဲ့ scleroderma ရောဂါရှိသူတွေပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ ထူးခြားချက်တွေကတော့

    • အရင်တုန်းက တစ်ခါမှ သွေးတိုးမရှိခဲ့ဖူးဘဲ ခုကိုယ်ဝန်ကြီးနဲ့ကျမှ သွေးပေါင်ချိန် ၁၄၀/၉၀ လောက်ထိ မြင့်လာတာ
    • ကိုယ်ဝန် ပတ် ၂၀လောက်ဆို စဖြစ်လာတာ
    • သေချာ ကုသမှုမရှိရင် ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ကျောက်ကပ်၊ ဦးနှောက်နဲ့ အသည်းတွေ ထိခိုက်စေပြီး
    • တက်လာတဲ့သွေးပေါင်ချိန်ကြောင့် သွေးလည်ပတ်မှုတွေလဲ မကောင်းတော့လို့ အချင်းဆီ သွေးရောက်တာနည်းသွားပြီး ဗိုက်ထဲက ရင်သွေးလေးဆီ အောက်ဆီဂျင်တွေ အာဟာရတွေ ရောက်တာနည်းသွားတတ်ပါတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးပေါင်မပြည့်တာ၊ နေ့မစေ့ လမစေ့တဲ့ကလေးတွေ မွေးတာ၊ ကလေး အသေမွေးတာ စတဲ့ ပြဿနာတွေ နောက်ဆက်တွဲပါလာနိုင်ပါတယ် ။

    ဒီတော့ ဒီလို ကြောက်စရာကောင်းတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကြိုတင်ကာကွယ်ဖို့ဆိုတာ အရေးကြီးလာပြီပေါ့။ လုံးဝကာကွယ်ပေးမှာလို့ ၁၀၀ ရာခိုင်နှုန်း အာမမခံပေမယ့် ကိုယ်ဝန်ဆိပ်တက်ခြင်း မဖြစ်အောင် လျှော့ချလို့ရတဲ့ နည်းတွေကတော့

  • ကိုယ်ဝန်သေချာအပ်ထားပြီး ရက်ချိန်းတွေမှာ မှန်မှန်သွားပြပါ။ ဒါမှ ကိုယ့်သွေးပေါင်ချိန်တိုင်းတာတာ၊ ဆီးစစ်တာနဲ့ ကိုယ့်ကျန်းမာရေးနဲ ကိုယ်ဝန်ကျန်းမာရေးကို စစ်ဆေးတာမျိုး လုပ်လို့ရမှာပါ။
  • အငန်လျှော့စားပါ။
  • တစ်နေ့ကို ရေ ၈ ခွက်လောက်သာက်ပါ။
  • သရေစာ ဆီကြော်မုန့်တွေရှောင်ပါ။
  • အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေရှောင်ပါ။.
  • ကောင်းကောင်း အနားယူအိပ်စက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
  • နေ့ခင်းဘက်တွေဆို ခြေထောက်ကို တစ်ချိန်လုံး ချမထားဘဲ ပက်လက်လှန် အနေအထားနဲ့ ခြေထောက်အောက်မှာ ခေါင်းဦးလေးထားပြီး ခြေထောက်ကို နည်းနည်းမြှင့်ပြီးမှ လှဲပါ။
  • ကိုယ်ဝန်ဆိပ်တက်တာကို ကုသလို့ရလား။ ။

    • ကိုယ်ဝန်ဆိပ်တက်ခြင်းဟ ကိုယ်ဝန်ကြောင့်ဖြစ်ရတာ ဖြစ်တဲ့အတွက် ဗိုက်ထဲက ရင်သွေးလေး မွေးပြီးမှ ကိုယ်ဝန်ဆိပ် တက်တဲ့လက္ခဏာတွေ သက်သာသွားမှာ ဖြစ်ပါတယ်။
    • မိခင်နဲ့ ကလေး ကျန်းမာရေး အခြေအနေကို ချိန်ဆပြီး ရိုးရိုးမွေးရမလား ခွဲမွေးရမလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
    • အရေးပေါ် မွေးဖို့မလိုသေးဘူးဆိုရင်တော့ တက်နေတဲ့သွေးပေါင်ချိန်ကို လျှော့ချဖို့ သွေးပေါင်ကျဆေးတွေ သောက်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းပိုဆိုးမလာအောင် ထိန်းရမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement