backup og meta

ကလေးတွေ သရေစာစားလွန်းရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ သရေစာစားလွန်းရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ

    မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေချင်တာ သဘာဝပါပဲ။ ဒီလို ကျန်းမာကြံ့ခိုင်ခြင်းအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိဖို့ လိုအပ်သလို မှန်ကန်ပြီး အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံ ရှိဖို့လည်း လိုအပ်ပါတယ်။

    မိဘတွေ စိုးရိမ်နေတတ်တဲ့ ပြဿနာတွေထဲမှာ ကိုယ့်ကလေးတွေ မုန့်ပဲသရေစာ စားလွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း တစ်ခုအပါအဝင်ပါပဲ။ မုန့်ပဲသရေစာတွေမှာ ဆီ၊ ဆား၊ သကြား ပါဝင်မှုများပြီး ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မရှိသလောက် နည်းပါးတာကြောင့် လျှော့စားတာတော့ အကောင်းဆုံးပါပဲ။

    ကလေးတွေနဲ့ မုန့်ပဲသရေစာ

    ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာတွေထက် မုန့်ပဲသရေစာကို ပိုသဘောကျနှစ်သက်ကြတာ သဘာဝပါပဲ။ အဆီများတဲ့ အကြော်အလှော်တွေ၊ သကြားပါဝင်မှုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ပူတင်း၊ ရေခဲမုန့်တွေအပြင် ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရတဲ့ အာလူးကြော်၊ ကြက်ကြော်၊ ဘာဂါ၊ ပီဇာတွေနဲ့ ဆိုဒါအအေးတွေ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက်တော့ မကြာခဏ စားချင်လောက်စရာ အစားအစာတွေပါပဲ။

    မုန့်ပဲသရေစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် အဝလွန်ရောဂါနှလုံးရောဂါဆီးချိုရောဂါ သွေးတိုးရောဂါတွေကို ဖြစ်လာနိုင်ခြေ ပိုများစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မပေးစွမ်းနိုင်တာကြောင့် အာဟာရဓာတ်ချို့တဲ့ပြီး အရိုးကြွက်သားအားနည်းတာ၊ သွေးအားနည်းတာ၊ အတန်းမှာ စာကောင်းကောင်းမလိုက်နိုင်တာ၊ ခဏခဏ သတိမေ့လွယ်တာ၊ လေးလံထိုင်းမှိုင်းတာ ဖြစ်စေနိုင်ပါတယ်။

    ကလေးတွေကို သရေစာ လျှော့စားအောင် ဘယ်လိုလုပ်သင့်လဲ။

    မိဘတွေက မစားရဘူးလို့ အတင်းအကြပ်တားမြစ်ကြတဲ့အခါမှာ ပိုပြီးစားချင်စိတ်ကို ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုသလို လုံးဝမစားရဘူးလို့ တားမြစ်မယ့်အစား ချင့်ချိန်ပြီး လျှော့ကျွေးပါ။

    ကလေးကို အာဟာရဖြစ်စေမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကို များများကျွေးပါ။ ကလေးတွေက မကြိုက်တဲ့အမူအရာ ပြလာရင်လည်း စိတ်ရှည်ပြီး ချော့ကျွေးပါ။ အတင်းအကြပ် ကျွေးဖို့ မလိုအပ်ပါဘူး။ ကလေးတွေ စားချင်စိတ်ဖြစ်လာအောင် ပုံစံအမျိုးမျိုး ပြင်ကျွေးပါ။

    အရောင်စုံတဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာချက်ပြုတ်တာဖြစ်စေ၊ ထမင်းစားပြီးရင်လည်း သစ်သီးမျိုးစုံကို သေချာပြင်ဆင် လှီးစိတ်ပြီး ကျွေးတာ ပိုကောင်းပါတယ်။ ဖစ်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေ ကျွေးတဲ့အခါမှာလည်း တစ်မျိုးကို နည်းနည်းစီ အမျိုးစုံအောင် ချက်ပြီး ကျွေးသင့်ပါတယ်။

    ထမင်းကျွေးရင်လည်း တစ်ခါတည်းနဲ့ အများကြီး ကျွေးတာထက် နည်းနည်းစီ ကျွေးတာ ကလေးကို စားချင်စိတ် ပိုဖြစ်စေပါတယ်။

    ရုပ်ရှင်ကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန်မှာ မုန့်ပဲသရေစာ ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် အချိုဓာတ်များတဲ့ မုန့်တွေဟာ ကလေးတွေကို ပိုစားစေချင်လာအောင် တွန်းအားပေးတဲ့အပြင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အဆီများတဲ့ မုန့်ပဲသရေစာ၊ ကလေးအများစု စားတတ်ကြတဲ့ အာလူးကြော်လို မုန့်တွေဟာ သွေးတိုးရောဂါ၊ အဝလွန်၊ နှလုံးရောဂါတွေကို ဖြစ်စေနိုင်တဲ့အပြင် အာဟာရဓာတ်တွေကိုလည်း သိပ်မပေးနိုင်တာကြောင့် မကြာခဏ မစားသင့်ပါဘူး။

    ကလေးတွေဟာ အာဟာရဓာတ်နဲ့ ကျန်းမာရေးအကြောင်းကို လူကြီးတွေလောက် နားလည်နိုင်မှာမဟုတ်တဲ့အတွက် သူတို့ကို ဘာကြောင့်စားသင့်လဲဆိုပြီး ပြောပြတာထက် လူကြီးတွေကိုယ်တိုင် စံပြအနေနဲ့ ကလေးတွေရှေ့မှာ စားပြတာက ပိုကောင်းပါတယ်။ ကလေးတွေဟာ လူကြီးတွေလုပ်သမျှကို အတုမြင် အတတ်သင်လွယ်တဲ့အတွက် ကိုယ့်ရဲ့ ကလေးကို အာဟာရဖြစ်အောင် စားစေချင်ရင် ကိုယ်တိုင်က အာဟာရဖြစ်စေတဲ့ စားသောက်မှုပုံစံနဲ့ နေပြဖို့ အရေးကြီးပါတယ်။

    ကလေးတွေအတွက် မရှိမဖြစ် အာဟာရ

    ကလေးတွေကို ကောင်းစွာကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ကျန်းမာသန်စွမ်းစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ် အစုံအလင် ပါဝင်တဲ့ အစားအစာတွေကို ချက်ပြုတ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးရာမှာလည်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အသည်းအမြစ်၊ နို့ထွက်ပစ္စည်း၊ အသီးအနှံတွေကို နေ့စဉ် မရိုးရလေအောင် သေချာစီစဉ်ပြီး ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အာဟာရမျှတတဲ့ အစားအသောက်၊ နေထိုင်မှုပုံစံက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို သေချာဂရုစိုက်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement