backup og meta

သွေးပေါင်ကျဆေးနီးပါးအစွမ်းထက်တဲ့ နေ့ခင်းတစ်ရေးအိပ်ခြင်း


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးပေါင်ကျဆေးနီးပါးအစွမ်းထက်တဲ့ နေ့ခင်းတစ်ရေးအိပ်ခြင်း

    နေ့ခင်းအိပ်ရတာ ကြိုက်လား။ သတင်းကောင်းရှိတယ်နော်။နေ့ခင်း တစ်ရေးအိပ်တာကသွေးပေါင်ကျဆေးသောက်စရာ မလိုဘဲသွေးတိုးမဖြစ်အောင် ထိန်းပေးနိုင်ပါသတဲ့နော်။နေ့ခင်းတစ်ရေးအိပ်တာက မှတ်ဉာဏ်ကောင်းစေတယ်ဆိုတာကတော့ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက်လုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ နေ့ခင်းတစ်မှေးမှေးတာကသွေးတိုးကျစေနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်။

    နေ့ခင်းတစ်မှေးအိပ်ပါ ဆေးသောက်စရာမလိုဘဲ သွေးတိုးကျပါလိမ့်မယ်

    လေ့လာမှုအသစ်တစ်ရပ်အရ နေ့လယ်နေ့ခင်းတစ်ရေးအိပ်တာက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အချိန်အကြာကြီးအိပ်တာမဟုတ်ရင်တောင် အလုပ်ခွင်ထဲမှာ ထမင်းစားပြီးချိန် ခုံမှာ မျက်လုံးလေးမှိတ်လို့ ခဏလောက်မှေးတာကလည်းသွေးပေါင်ကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ခန္ဓာကိုယ်ကို အားပြည့်သွားစေပြီး စိတ်ခံစားမှုကောင်းစေမှာ အမှန်ပါ။

    ဂရိနိုင်ငံVoulaမြို့မှာရှိတဲ့ Asklepieion အထွေထွေရောဂါကုဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာ နေ့လယ်ခင်းတစ်မှေးအိပ်တာက သွေးပေါင်ကျစေနိုင်ပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    နေ့လယ်ခင်းမှာ တစ်မှေးအိပ်တာကြောင့် သွေးပေါင်ကျတာက ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုကြောင့်သွေးပေါင်ကျတဲ့ ပမာဏနဲ့ အတူတူပါပဲ။ ဥပမာပြောပြရရင် ဆားလျှော့စားတာ၊ အရက်လျှော့သောက်တာတွေကြောင့် သွေးပေါင်ချိန်က ၃ mmHg ကနေ ၅ mmHg အထိကျဆင်းစေနိုင်ပါတယ်။ နေ့ခင်းတစ်မှေးအိပ်ရင်လည်းသွေးပေါင်ချိန်က ဒီလောက်ပမာဏပဲကျဆင်းတာပါ။

    ဒီလေ့လာမှုအတွင်း လူ ၂၁၂ယောက်ကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေရဲ့သွေးပေါင်ချိန်က ၁၂၉.၉ mmHg ရှိပါတယ်။လေ့လာမှုမှာပါဝင်သူတွေရဲ့ အသက်က ပျမ်းမျှအားဖြင့် ၆၂ နှစ်အရွယ်တွေဖြစ်ကြပြီးဆေးလိပ်သောက်သူတွေလည်းပါဝင်သလို အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေလည်း ပါဝင်ကြပါတယ်။

    ပါဝင်သူတွေကို အုပ်စု နှစ်စုခွဲပြီးလေ့လာခဲ့တာပါ။ တစ်ဖွဲ့ကို နေ့ခင်းတစ်ရေးအိပ်စေပြီး အခြားအဖွဲ့ကိုတော့ နေ့ခင်းမအိပ်ခိုင်းပါဘူး။ ၂၄ နာရီပတ်လုံးလေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးပေါင်ချိန်ကို တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုရလဒ်အနေနဲ့ တွေ့ရှိရတာက နေ့ခင်းတစ်ရေးအိပ်သူတွေမှာ သွေးပေါင်ချိန်က ၅.၃ mmHg ကျနေတယ်ဆိုတာပါပဲ။ လူတော်တော်များများယူဆထားတာကနေထိုင်စားသောက်မှုပုံစံကို ဆင်ခြင်မှ ဒါမှမဟုတ် ဆေးသောက်တာတွေကပဲ သွေးပေါင်ကျတာလို့ ယူဆထားကြတာပါ။ နေ့ခင်းတစ်ရေးလောက်အိပ်တာက စိတ်ခံစားမှုကိုကောင်းစေတဲ့အပြင်သွေးပေါင်ကိုပါထိန်းညှိပေးနိုင်တာပါနော်။

    တကယ်လို့ သွေးပေါင်ကျဆေးသောက်မယ်ဆိုရင် သွေးပေါင်ချိန်ကို ၅ mmHg ကနေ ၇ mmHg အထိလျှော့ချပေးနိုင်ပြီး နေ့ခင်းတစ်ရေးအိပ်တာက သွေးပေါင်ချိန်ကို ၅.၃ mmHg ထိ လျှော့ကျစေနိုင်တယ်ဆိုတော့ ဆေးသောက်သလောက်ကို ထိရောက်နေတာပါ။ ခန္ဓာကိုယ်မှာဆေးကြောင့် side effect မရှိဘဲ သွေးပေါင်ကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့။ သွေးပေါင်ချိန် ၂ mmHg ကျရင်တောင် ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်ဆိုမှတော့ နေ့ခင်းတစ်ရေးအိပ်တာကတော်တော်လေးထိရောက်ပြီလို့ပြောလို့ရတာပေါ့။

    ကဲ….. ဒါကြောင့်နေ့ခင်းတစ်ရေးအိပ်ပြီး ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ……………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement