ကိုယ်ဝန်မဆောင်ခင် ဘာကာကွယ်ဆေးတွေ ထိုးဖို့လိုသလဲ

    ကိုယ်ဝန်မဆောင်ခင် ဘာကာကွယ်ဆေးတွေ ထိုးဖို့လိုသလဲ

    အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာပုံမှန်ထက်ပိုပြီး အားနည်းနေလေ့ရှိတာကြောင့် နာမကျန်းဖြစ်မှုတွေ၊ကူးစက်ပိုးဝင်မှုတွေကိုခံစားရနိုင်ပြီး မိခင်ကိုရောဖွံ့ဖြိုးဆဲကလေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ကာကွယ်ဆေးတွေ ထိုးထားခြင်းဟာဒီလိုအခြေအနေတွေ မဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့အစီအစဉ် ရှိတယ်ဆိုရင် ကာကွယ်ဆေးတွေအားလုံးကိုအပြည့်အစုံထိုးထားသင့်ပါတယ်။
    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပွားလာနိုင်ပြီးကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်တဲ့ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးနဲ့ ရေကျောက်ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။ ဒါ့အပြင် သင့်သွေးထဲမှာ ဒီရောဂါတွေကိုခုခံကာကွယ်နိုင်တဲ့ ခုခံအားတွေ ရှိမရှိကိုသိနိုင်ဖို့အတွက် ကိုယ်ဝန်မရသေးခင်ကာလမှာသွေးစစ်ကြည့်ဖို့ လိုအပ်ပြီးမရှိဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင် ကြိုတင်ပြီးကာကွယ်ဆေးတွေကို ထိုးထားနိုင်ပါတယ်။ ကာကွယ်ဆေးတွေဟာသက်ရှိ ဗိုင်းရပ်စ်တွေကနေထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် သင့်ကလေးကို ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေးထိုးပြီး တစ်လအတွင်းမှာကိုယ်ဝန်မရှိအောင် တားဆီးထားရပါမယ်။ ဒါပေမယ့် သင့်အနေနဲ့ ကိုယ်ဝန်မရှိခင်ကာလမှာဒီကာကွယ်ဆေးတွေကို မထိုးခဲ့ရဖူးဆိုရင် ကလေးမွေးပြီးတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံးထိုးရပါမယ်။ နို့တိုက်မိခင်တွေကိုကာကွယ်ဆေးထိုးပေးနိုင်ပြီး ဒီလိုထိုးပေးခြင်းအားဖြင့် ကလေးဆီရောဂါကူးစက်နိုင်ခြေကိုလျော့နည်းစေပါတယ်။

    ၁။ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးသုံးမျိုးစပ် ကာကွယ်ဆေး (MMR)

    ဝက်သက်ရောဂါဟာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး အဖျားတက်ခြင်း၊ချောင်းဆိုးခြင်းနဲ့ နှာစေးခြင်းစတဲ့ လက္ခဏာတွေကို စတင်ပြလေ့ရှိကာ ရက်အနည်းငယ်အကြာမှာအနီရောင်အစက်လေးတွေ ထွက်လာတတ်ပါတယ်။ ပါးချိတ်ရောင်ရောဂါကတော့ သူ့နာမည်အတိုင်းပဲပါးချိတ်(တံတွေးထုတ်ပေးတဲ့ ဂလင်းတွေ)ကို ရောင်ရမ်းစေတဲ့ ကူးစက်ရောဂါ တမျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဒီရောဂါတမျိုးမျိုး ဖြစ်လာခဲ့ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေပိုများလာစေပါတယ်(ဝက်သက်ကလမစေ့ဘဲမီးဖွားတာကိုလည်း ဖြစ်စေနိုင်ပါတယ်)။ ဂျိုက်သိုးရောဂါဟာလည်းကိုယ်ဝန်ဆောင်ကာလမှာဒုက္ခပေးနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမသုံးလပတ်မှာဂျိုက်သိုးရောဂါကူးစက်ခံရတဲ့ မိခင်တွေရဲ့ ကလေးတွေမှာနားမကြားတာ၊ဉာဏ်ရည်မမှီတာစတဲ့ မွေးရာပါချို့ယွင်းမှု ဆိုးဆိုးရွားရွားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သင့်အနေနဲ့ ငယ်စဉ်က MMR သုံးမျိုးစပ်ကာကွယ်ဆေးထိုးထားပြီးသားဆိုရင် နောက်တကြိမ် ထပ်ထိုးဖို့ မလိုပါဘူး။

    ၂။ ရေကျောက် ကာကွယ်ဆေး

    အဖျားတက်တာနဲ့ ယားယံအနေရခက်တဲ့ အစက်တွေထွက်တာဟာဒီရောဂါရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ပထမငါးလမှာ ရေကျောက်ရောဂါ ကူးစက်ခံရတဲ့ မိခင်တွေရဲ့ ကလေးတွေဟာ (ခြေလက်တွေ ပုံသဏ္ဍာန်မမှန်တာ၊သိမ်လှီပြီးမလှုပ်ရှားနိုင်တာစတဲ့) မွေးရာပါ အင်္ဂါချို့ယွင်းမှုတွေကို ခံစားရနိုင်ပါတယ်။ မီးဖွားခါနီးအချိန်မှာရေကျောက်ရောဂါ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကတဆင့်လည်းကလေးဆီကိုရောဂါကူးစက်စေနိုင်တာကြောင့် သင့်အနေနဲ့ ရေကျောက်ကာကွယ်ဆေး နှစ်ကြိမ်မထိုးရသေးဖူးဆိုရင် ၄ပတ်တစ်ခါ ဒါမှမဟုတ် ၈ပတ်တစ်ခါ ခြားပြီးကာကွယ်ဆေးနှစ်ကြိမ် ထိုးနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးတစ်လအတွင်းမှာ ကိုယ်ဝန်မရအောင် တားဆီးထားသင့်ပါတယ်။

    မီးဖွားပြီးချိန်မှာ ကလေးရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ရောဂါတွေ အများအပြားရှိတာမို့ ကိုယ်ဝန်မဆောင်ခင်ကာလမှာ ကြိုတင်ပြီးကာကွယ်ဆေးတွေထိုးတာဟာ သင့်အတွက်ရော ကလေးအတွက်ပါ အင်မတန် အကျိုးရှိပါတယ်။ မွေးကင်းစကလေးတွေဟာ အင်မတန်နုနယ်ပြီးမိဘတွေဆီကနေ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ ဒီလိုကူးစက်ခံရနိုင်တဲ့ ရောဂါတွေထဲကတချို့ဟာ အရွယ်ရောက်ပြီးသား လူကြီးတွေအတွက် အန္တရာယ်မရှိပေမယ့် မွေးကင်းစကလေးတွေအတွက်တော့ အရမ်းကို အန္တရာယ် များလို့ပဲ ဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    What Vaccines Do You Need Before and During Pregnancy?http://www.parents.com/pregnancy/my-body/pregnancy- health/pregnancy-vaccines/.Accessed:November 23 2016

    Vaccines to Get Before & During Pregnancy. http://www.whattoexpect.com/pregnancy/vaccines.Accessed : 8 November 2016

    စာရေးသူ ဓာတ်ပုံ
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 16/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။