backup og meta

ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

    ကလေးယူဖို့ ဘယ်အချိန်မှာ စမလဲ။

    ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ပြီးပြီ။ သားသမီးလေးတွေ မွေးမယ်။ ပျော်စရာ မိသားစုအသိုက်အမြုံလေးတစ်ခု ဖန်တီးမယ်။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ တော်တော်လေး သာယာစရာကောင်းတယ်ဆိုပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကလေးယူတယ်ဆိုတဲ့ကိစ္စရဲ့ နောက်မှာ လိုက်လာနိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းစရာတွေ အများကြီးရှိပါတယ်။ ကလေးယူဖို့ သေချာပြင်ဆင် ထားသင့်တာတွေ အများကြီးပါပဲ။ အဲ့တော့ အိမ်ထောင်ကျပြီးပြီဆိုတာနဲ့ ခင်ပွန်းရော ဇနီးပါ အတူတိုင်ပင်ပြီး ဘယ်အချိန်မှာ ကလေးယူသင့်လဲ၊ ကလေးယူချင်တာရော သေချာရဲ့လားဆိုတာ သေချာဆွေးနွေးကြည့်သင့်ပါတယ်။

    ကလေးမွေးတဲ့အချိန်နဲ့ ပတ်သက်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေက မိဘလောင်းဖြစ်မယ့်သူရဲ့ အခြေအနေနဲ့လည်း အများကြီးသက်ဆိုင်နေတယ်လေ။ အဲ့တော့ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ပြင်ဆင်နေတဲ့ မိဘလောင်းတွေ ခုပြောပြပေးမယ့် အချက်တွေကို သေချာစဉ်းစားပြီးပြီလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။

    ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

    ၁။ ကလေးယူချင်တာ သေချာပြီလား။

    အိမ်ထောင်ပြုပြီးတာနဲ့ ကလေးယူကို ယူမှဖြစ်မယ်၊ ကလေးရှိမှ သာယာတဲ့အိမ်ထောင်ဖြစ်မယ်ဆိုတာ ရှေးရိုးစွဲနေတဲ့ အယူအဆသက်သက်ပါပဲ။ တစ်ခါတလေ ဇနီးသည်က ကလေးလိုချင်ပေမယ့် ခင်ပွန်းဖြစ်သူက ကလေးမလိုချင်တဲ့အခါမျိုးမှာဆို ဒါကို သေချာညှိထားသင့်ပါတယ်။ သူရော ကိုယ်ရော အဆင်ပြေမယ့် ညှိနှိုင်းမှုမျိုးတစ်ခုခုပေါ့။ ဒါတွေရှိထားမှပဲ သာယာတဲ့ မိသားစုလေးဖြစ်နိုင်မှာပါ။

    ၂။ ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလား။

    ကလေးယူတယ်ဆိုတာ အပြောကသာ လွယ်တယ်။ တကယ်တမ်း ကြုံလာရမယ့် အခက်အခဲ၊ ပြဿနာတွေအားလုံးကို တွဲလက်မဖြုတ်တမ်း ရင်ဆိုင်နိုင်ဖို့ရာမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ဒါတွေအားလုံး အဆင်သင့်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်၊ ဘယ်လိုအခက်အခဲပဲ ရှိရှိ ရအောင် ကျော်လွှားသွားနိုင်မယ်လို့ ခံယူထားရင် ရပါပြီ။

    ၃။ မိဘနှစ်ဦးလုံး ကျန်းမာရဲ့လား။

    ဒါက အိမ်ထောင်မပြုခင်ကတည်းကရော အိမ်ထောင်ပြုပြီးတဲ့အခါမှာရော ပြင်ဆင်ထားသင့်ပါတယ်။ ခင်ပွန်း၊ ဇနီး နှစ်ဦးလုံးမှာ တစ်ယောက်ကို တစ်ယောက်၊ သို့မဟုတ် မွေးလာမယ့် ဗိုက်ထဲက ကလေးကို ကူးစက်နိုင်မယ့် ရောဂါတွေ ရှိလား၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါမျိုးတွေ၊ ရောဂါအခံတွေ၊ မျိုးအောင်နိုင်လား၊ ကျန်းမာရေးကောင်းလား။ ဒါတွေအားလုံးကို စစ်ဆေးထားမှပဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ကိုယ့်ကလေးကို မကူးစက်စေအောင် ဘယ်လိုကာကွယ်လို့ရမလဲ၊ ကုသမှုခံယူလို့ရမလဲ စတာတွေကို သိထားနိုင်မှာပါ။

    အိမ်ထောင်ဖက်က မျိုးမအောင်နိုင်ဘူးဆိုရင်လည်း ကလေးမွေးစားမလား။ ဒါမှမဟုတ် ကလေးမယူတော့ဘူးလားဆိုတာပါ ကြိုစဉ်းစားလို့ရတာပေါ့။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားထားတယ်ဆိုရင် မေမေရော ကလေးပါ ကျန်းမာအန္တရာယ်ကင်းဖို့ သိထားသင့်တာတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကိုလည်း ဆရာဝန်က အကြံပေးမှာပါ။

    ၄။ ငွေရေးကြေးရေး အဆင်ပြေပြီလား။

    တကယ့်ပြဿနာအများစုရဲ့ ရင်းမြစ်က ငွေကြေးအဆင်မပြေတာက စတာပါပဲ။ ကလေးမွေးတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွေးရမယ့်မိသားစုဝင်တစ်ယောက် တိုးလာတာပါပဲ။ နဂိုကတည်းကမှ ခင်ပွန်းနဲ့ ဇနီးနှစ်ယောက်စာအတွက်တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ ကလေးအတွက် နို့မှုန့်ဖိုး၊ စားစရိတ်၊ ကျောင်းထားဖို့စရိတ်၊ အဝတ်အစား၊ အသုံးအဆောင် ဒါတွေအတွက်ကိုပါ လုံးပန်းရမယ်ဆိုရင်တော့ ပြဿနာကြီးတစ်ခုလို ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ငွေရေးကြေးရေး ကျပ်တည်းပြီး ကုန်ဈေးနှုန်းတွေ အမြဲတက်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ပိုပြီးတောင် စဉ်းစားသင့်ပါတယ်။

    ၅။ ကလေးထိန်းကျောင်းနိုင်ရဲ့လား။

    ဒါကတော့ ၂ဦးလုံး အပြင်ထွက်အလုပ်လုပ်နေကြတဲ့အခါမှာ ညှိနှိုင်းရမှာပါ။ ခင်ပွန်း သို့မဟုတ် ဇနီးကပဲ အလုပ်နားပြီး အိမ်မှာကလေးထိန်းမလား၊ ဒါမှမဟုတ် ကိုယ့်မိဘတွေ၊ အမျိုးတွေကို ခေါ်ပြီး ကလေးထိန်းခိုင်းမှာလား။ အိမ်အကူခေါ်မှာလားဆိုတာ ကြိုပြီးစဉ်းစားဖို့တော့ လိုတာပေါ့။ အဲ့လိုမဟုတ်ဘဲ တစ်ယောက်က ကလေးထိန်းရင်း အိမ်ကနေ အလုပ်လုပ်မလား၊ အချိန်ပိုင်းဝန်ထမ်းလုပ်မလား စသဖြင့်လည်း ကြိုတွေးထားသင့်ပါတယ်။

    ၆။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ ရှိရဲ့လား။

    မေ့ဆေးတွေ၊ ခေတ်မီဆေးဝါး၊ စက်ကိရိယာတွေ မပေါ်ခင်က ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးရင်း မီးတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒီဘက်ခေတ်မှာတော့ တော်တော်အန္တရာယ်ကင်းနေပြီဆိုပေမယ့်လည်း လုံးဝစိတ်ချလို့တော့ မရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အခြေအနေက ကျန်းမာရဲ့လား၊ ရိုးရိုးမွေးလို့ အဆင်ပြေလား၊ ဗိုက်ခွဲမွေးသင့်လား။ ဒါတွေအားလုံးကို သားဖွားမီးယပ်နဲ့ သေချာတိုင်ပင်ထားဖို့ အရေးကြီးပါတယ်။

    ဖခင်လောင်းအနေနဲ့လည်း ကိုယ်နဲ့မဆိုင်သလို မလုပ်ဘဲ ကျန်းမာရေးဗဟုသုတရစေဖို့ စာအုပ်ဖတ်တာတွေ၊ မိဘလောင်းတွေအတွက် သိထားသင့်တဲ့ တာဝန်ဝတ္တရားတွေကို ဖတ်တာမျိုး လုပ်သင့်ပါတယ်။ ကိုယ့်ဇနီးအတွက် ဘေးကင်းစွာ ကိုယ်ဝန်ဆောင်နိုင်ဖို့ အစစအရာရာ ကူညီပေးသင့်ပါတယ်။

    ကိုယ့်မိသားစု အသိုက်အမြုံလေးနဲ့ အေးချမ်းပျော်ရွှင်စွာ ဘဝနေ့ရက်တွေ ဖြတ်ကျော်သွားချင်တယ်ဆိုတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ ခုပြောပြခဲ့တဲ့ အချက်တွေကို သေချာစဉ်းစားကြည့်ပါ။ နှစ်ဦးသား ကြိုတင်ညှိနှိုင်းတိုင်ပင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်အရာမဆို ကြိုပြီးပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပဲဆိုတာကိုတော့ မမေ့လိုက်ပါနဲ့။ အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ မိသားစုဘဝလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement