backup og meta

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

    Hello ဆရာဝန်မှာ တချို့တွေ လာမေးလေ့ရှိတယ်။ ကလေး လိုချင်လို့ ဘာဆေးသောက်ရမလဲဆိုတာမျိုး။ တကယ်က အားဆေးသောက်ရုံနဲ့ ကိုယ်ဝန်ရဖို့ (အထူးသဖြင့် ကျန်းမာပြည့်စုံတဲ့ ကိုယ်ဝန်ကို ဆောင်ရဖို့) မလုံလောက်ပါဘူး။ မိသားစုဘဝလေးတစ်ခုတည်ဆောက်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို  ကလေးယူတော့မယ့် လေဒီ တို့ သိထားသင့်ပါတယ်။ ဘာမှမပြင်ဆင်ထားဘဲ ကိုယ့်ဘဝထဲ ကလေး တစ်ယောက်ခေါ်ယူရင် ကမောက်ကမဖြစ်တတ်ပါတယ်။

    သန္ဓေအောင်နိုင်စွမ်းအပြင် ကိုယ့်ကျန်းမာရေးအတွက်ရော၊ သန္ဓေသားကျန်းမာရေး၊ ကိုယ်ဝန်ဖွံ့ဖြိုးမှု၊ မွေးဖွားရလွယ်စေရေး၊ ဘေးအန္တရာယ်ကင်းရေး တို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။ မိခင်လောင်းရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေအောင် နဲ့ ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်အောင် အားဖြည့်ပြင်ဆင်ထားသင့်ပါတယ်။

    ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေက

    • ရာသီစက်ဝန်းကို မှတ်တမ်းထားပါ

    တစ်လနဲ့ တစ်လ ရာသီလာရက်တွေကို မှတ်တမ်းတစ်ခုထားထားပါ။ ရာသီစက်ဝန်းကို မှတ်သားထားခြင်းအားဖြင့် ကိုယ့်ရဲ့သားဥကြွေချိန်ကို တွက်ချက်နိုင်တယ်။ အမျိုးသမီးတစ်ယောက်ဟာ သားဥကြွေပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းမှာပဲ သန္ဓေအောင်နိုင်ပါတယ်။ ဒါပေမယ့် သုက်ပိုးဟာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပါတယ်။

    • ကိုယ်အလေးချိန်ကို ထိန်းပါ

    ကိုယ်အလေးချိန်များလွန်းရင် ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်တယ်။ ဒါပေမယ့် ပိန်လွန်းရင်လည်း ကလေးရဖို့ မလွယ်ပါဘူး။ လေ့လာမှုတွေအရ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေက ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေထက် ကိုယ်ဝန်ရဖို့ နှစ်ဆပိုကြာနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ထက်နည်းတဲ့သူတွေမှာတော့ ကိုယ်ဝန်ရဖို့ လေးဆ ပိုကြာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးယူတော့မယ်ဆို ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ရောက်အောင်တော့ ထိန်းညှိသင့်ပါတယ်။

    ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ၊ အရက်၊ ဘီယာ၊ ဝိုင် တို့လို အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေနဲ့ ဆေးလိပ်ကို ရှောင်ပါ။ တာရှည်ခံပစ္စည်းတွေ၊ ဓာတုပစ္စည်း (ဆိုးဆေး၊ အနံ့အတု၊ စတာတွေ)တွေ မပါတာကို ရွေးချယ်စားပါ။ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ၊ လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါ အပြင်းစား ဓာတုပစ္စည်းတွေကို ရှောင်ပါ။

    • ကျန်းမာရေးနဲ့ ညီတာကို စားပါ

    ကလေးရဖို့ သေချာစေမယ့် သီးခြားဓာတ်စာရယ်လို့ မရှိပေမယ့် ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ သံဓာတ်တို့လို အရေးပါတဲ့ အာဟာရဓာတ်တွေ လုံလောက်မှ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ဖို့ အသင့်ပြင်ဆင်နိုင်မှာပါ။ ဒါ့ကြောင့် အဆီနည်းတဲ့အသား၊ နို့ထွက်ပစ္စည်း၊ ဂျုံပြောင်းနှံနဲ့ ပဲအမျိုးမျိူး၊ အသီးအရွက်တွေ မျှတအောင် စားသင့်ပါတယ်။ အသင့်စားတွေ၊ အပြင်စာတွေ၊ ဆိုးဆေးနဲ့ တာရှည်ခံပါတဲ့ စားစရာတွေနဲ့ အာဟာရမပြည့်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

    ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ရလွယ်စေဖို့ ပြင်ဆင်နိုင်အောင် အားဆေးလေးတွေ သောက်လို့ရပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန်စရှိကာစ (ကိုယ်မသိသေးတဲ့အချိန်မှာတောင်) ကိုယ်ဝန်ကို ကျန်းမာအားဖြည့်ပေးသလို မွေးရာပါချို့ယွင်းချက်မပါလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • ကာကွယ်ဆေးတွေ ထိုးထားပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်သက်၊ ဂျိုက်သိုးလိုမျိုး ရောဂါ တွေ ကူးခံရတဲ့အခါ ဗိုက်ထဲက သန္ဓေသားကို ထိခိုက်ပြီး ကိုယ်ဝန်ပျက်တာ၊ မွေးရာပါချို့ယွင်းချက်ပါတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်မဆောင်ခင်မှာ လိုတဲ့ကာကွယ်ဆေးတွေ အကုန်ထိုးထားပါ။ အားလုံးပြီးစီးလို့ ၁လလောက်နေရင် ခုခံအားလည်း ရပြီမို့လို့ စိတ်ချလက်ချ ကိုယ်ဝန်ဆောင်လို့ ရပါပြီ။

    • ကျန်းမာရေး စစ်ဆေးပါ

    ကလေးယူဖို့ အစီအစဉ်ရှိတယ်ဆို ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်တာ အကောင်းဆုံးပါ။

    ဒါ့ပြင် ကိုယ့်မှာရောဂါအခံတွေ ရှိတယ်ဆို (ဥပမာ သွေးတိုး၊ ဆီးချို) ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့ ပြပြီး ဒီရောဂါတွေကို သေချာထိန်းထားပါ။ သောက်လက်စ ဆေးတွေက သန္ဓေသားကို မထိခိုက်အောင် ဆေးတွေ ပြောင်းသောက်တာတွေလည်း လုပ်ရနိုင်ပါတယ်။ တခြားစွဲသောက်နေတဲ့ ဆေးတွေ ရှိရင်လည်း ဆက်သောက်သင့်မသောက်သင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    • ဘတ်ဂျက်ပြင်ဆင်ပါ

    ကလေးယူတော့မယ်ဆို ဇနီးမောင်နှံတွေ အချင်းချင်းတိုင်ပင်ပြီး ဘက်ဂျက်ပြင်ဆင်သင့်ပါတယ်။ ကုန်ကျရမှာတွေ များလာမှာမို့ ကြိုတင်ပြင်ဆင်ထားမှ အရာရာ စနစ်တကျပြီးဆုံးသွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement