backup og meta

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။

Urine hCG test ဆိုတာ ကိုယ်ဝန်ဟော်မုန်း (သို့) hCG (Human Chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို ဆီးထဲမှာ စစ်ဆေးတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး ဓမ္မတာမလာပြီး နောက်တစ်ရက်လောက်က စပြီး hCG ကို ဆီးထဲမှာ တွေ့ရပါတယ်။ ကျားသုက်ပိုးနဲ့ မမျိုးဥတွေ ပေါင်းစပ်ပြီး ရက်အနည်းငယ်လောက်မှာ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းလေးတွေ တဖြည်းဖြည်းများလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကိုယ်ဝန် ၁၀ပတ်လောက်မှာ အများဆုံးအခြေအနေကို ရောက်ရှိပြီး တဖြည်းဖြည်းပြန်လျော့သွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း လုပ်မယ်ဆိုရင် အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာ သိထားသင့်ပါတယ်။

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ကို ဘယ်လိုနေရာတွေမှာ လုပ်နိုင်သလဲ။

အဲလို ဆီးစစ် နိုင်တဲ့ ပစ္စည်းလေးတွေဟာ ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်းတွေ အတော်များများမှာ အလွယ်တူ ရနိုင်ပါတယ်။ အဲလို ဆီးစစ်ခြင်းကို ဆေးခန်းတွေမှာလည်း စစ်ဆေးနိုင်သလို ကိုယ်တိုင်အိမ်မှာလည်း စစ်ဆေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်တိုင်အိမ်မှာ စစ်ဆေးတဲ့အခါ အဖြေမှားတွေ မဖြစ်ရအောင် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

Urine hCG စစ်ဆေးတဲ့ ရလဒ်တွေက ဘာတွေဖြစ်နိုင်သလဲ။

ပုံမှန်အားဖြင့်တော့ ဆီးထဲမှာ hCG ဟော်မုန်းတွေ တွေ့ပြီဆိုရင် ဆီးစစ်တဲ့ အတံလေးမှာ နှစ်ကြောင်းပေါ် ပြီး( Positive ) ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တစ်ကြောင်းပဲ ပေါ်ရင်တော့ (Negative) ကိုယ်ဝန်မရှိဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ အဖြေမှားတာမျိုးရှိနိုင်ပါတယ်။

၁။ ပထမ တစ်ခုကတော့ False Positive ပါ။ ဆိုလိုတာကတော့ ကိုယ်ဝန်မရှိဘဲ အဖြေက positive ထွက်တာမျိုးပါ။ hCG ဟော်မုန်းလေးဟာ ကိုယ်ဝန်ဆောင်တွေမှ အပြင် တခြားသော ရောဂါအခြေအနေတွေမှာလည်း တွေ့နိုင်တဲ့အတွက်ကြောင့်ပါ။ (ဥပမာ သားဥအိမ်ကင်ဆာ)

၂။ နောက်တစ်ခုကတော့ False Negative ဖြစ်ပြီး ကိုယ်ဝန်ရှိနေရက်နဲ့ negative (တစ်ကြောင်းပဲ) ပြတာပါ။ ဒီလို အဖြေမျိုးက အဖြစ်များပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ဝန်က အရမ်းနုနေတဲ့အတွက် hCG ဟော်မုန်းလေးတွေက ဆီးထဲမှာ အရမ်းနည်းနေသေးတာကြောင့် negative ပြတာလည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဓမ္မတာလာတဲ့ အချိန်အတွက်မှား၊ အမှတ်မှားပီး စစ်မိရင်တာမျိုး၊ မနက်စောစောဆီးမဟုတ်ဘဲ နေ့ခင်း၊ ည စတဲ့ အချိန်တွေမှာ စစ်မိတာမျိုး ဆိုရင်လည်း negative ထွက်နိုင်ပါတယ်။ နောက်ပြီး အဖြေကို စောဖတ်မိရင်လည်း နှစ်ကြောင်မပေါ််ဘူးလို့ထင်ပြီး မှားတတ်ပါတယ်။

ဒါ့ကြောင့် အဲဒီလို အဖြေမှားတွေ မဖြစ်ရအောင် ကိုယ်တိုင်စစ်ဆေးမယ်ဆိုရင် ဘာတွေဂရုစိုက်သင့်လဲ။

၁။စိတ်ရှည်ရှည်စောင့်ပါ။

ဓမ္မတာလာရမဲ့ရက် ကျော်တာနဲ့ ဆီးစစ်လို့ ရပြီ ဆိုပေမဲ့ ကိုယ့်စိတ်ထဲမှာ အဖြေမှားတယ်လို့ ယူဆရင် ၁ပတ်၊၂ပတ်လောက် စိတ်ရှည်ရှည်ထပ်စောင့်ပြီး နောက်တစ်ခါ  စစ်ဆေးသင့်ပါတယ်။ ပထမ ရာသီမပေါ်တဲ့လရဲ့ နောက်တစ်ရက်မှာ hCG တွေ ရှိနေနိုင်ပြီဆိုပေမယ့် စစ်ဆေးပြီး မတွေ့ရနိုင်တာလည်း ဖြစ်နိုင်တာကြောင့် တိကျသေချာတဲ့ အဖြေကိုရဖို့ စိတ်ရှည်ရှည် စောင့်သင့်ပါတယ်။ ဓမ္မတာလာတဲ့ ရက်ကိုလည်း သေသေချာချာမှတ်မိဖို့၊ တွက်ချက်ထားဖို့လိုအပ်ပါတယ်။

၂။ မနက်စောစောသွားတဲ့ ဆီးကိုအသုံးပြုပါ။

မစစ်ဆေးခင်မှာ ရေတွေ အများကြီးမသောက်သင့်ပါဘူး။ ရေတွေသောက်တာများသွားရင် (သို့) နေ့ခင်း၊ ညနေမှ ဆီးကို ယူပြီး စစ်မယ်ဆိုရင် သောက်ထားတဲ့ရေတွေများပြီး hCG ဟော်မုန်းလေးတွေ ကျဲသွားမှာ၊ ပမာဏ နည်းသလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ သကြားကို ရေနည်းနည်းနဲ့ ဖျော်ရင် ပိုပျစ်၊ အရသာ ပိုရှိပြီး ရေများများရောလိုက်ရင် ကျဲသွားပြီး၊ သကြားအရသာ ပျောက်သွားသလို မျိုးပေါ့။ ဒါ့ကြောင့် hCG ဟော်မုန်းတွေ ဆီးထဲမှာ အသိပ်သည်းဆုံး ဖြစ်နေတဲ့ မနက်စောစောမှာ ပထမဦးဆုံးသွားတဲ့ ဆီးကိုသုံးပြီး စစ်ဆေးသင့်ပါတယ်။

၃။ ဆီးစစ်ဆေးတဲ့ ပစ္စည်းကို အသုံးမပြုခင်မှာ expired date ကို စစ်ဆေးပါ။

Expired date လွန်သွားတဲ့ ပစ္စည်းတွေနဲ့ စစ်ဆေးမယ်ဆိုရင်လည်း အဖြေက မှားနိုင်ခြေများတာကြောင့် expired date ကိုလည်း မမေ့မလျော့ ကြည့်ကြပါနော်။

၄။ စစ်ဆေးတဲ့ ပစ္စည်းရဲ့ အညွှန်းကို သေချာဖတ်ပြီး အသုံးပြုပါ။

ပစ္စည်းတစ်မျိုးနဲ့တစ်မျိုး ထုတ်လုပ်ပုံလည်း မတူတာကြောင့် အသုံးမပြုခင်မှာ အညွှန်းကို သေသေချာချာဖတ်ဖို့ အရေးကြီးပါတယ်။ တချို့ဆီးစစ်တဲ့ ပစ္စည်းလေးတွေက ဆီးသွားနေတုန်းမှာ အဖျားကို ဆီးလမ်းကြောင်း မှာထားပြီး ၅ စက္ကန့်ကိုင်ထားရတာမျိုး၊ တချို့ကတော့ ဆီးကို ခွက်ထဲသွားပြီးမှ အဲဒီခွက်ထဲကို စစ်ဆေးမယ့် ပစ္စည်းလေးထည့်ပြီး စစ်ဆေးတာမျိုး စသည်ဖြင့် နည်းလမ်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ထည့်တဲ့ ဆီးလုံလောက်မှုရှိ၊ မရှိနဲ့ လုပ်ပုံလုပ်နည်း မှန်၊ မမှန်ကိုလည်း သိနိုင်ဖို့ အညွှန်းကို သေချာဖတ်သင့်ပါတယ်။

Negative ထွက်တယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာ ပိုပြီးသေချာအောင် နောက်တစ်ပတ်လောက်မှာ ပြန်ပြီး စစ်ဆေးပေးသင့်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်တိုင်အိမ်မှာ ဆီးစစ်ကြည့်တဲ့အခါ နည်းလမ်းမှန်မှန် စစ်ဆေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hcg-in-urine

https://www.webmd.com/baby/guide/pregnancy-tests#1

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/home-pregnancy-tests/art-20047940

ယခုပုံစံ

18/07/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

ရာသီထိန် တယ်။ နှစ်ကြောင်းလည်း မပေါ်ဘူး။ ဘာဖြစ်နိုင်လဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement