စပျစ်သီးသန္ဓေတည်ခြင်း

    စပျစ်သီးသန္ဓေတည်ခြင်း

    စပျစ်သီးသန္ဓေဆိုတာဘာလဲ

    စပျစ်သီးသန္ဓေတည်ခြင်းဆိုတာ သားအိမ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးတစ်မျိုးဖြစ်ပေါ်လာခြင်းပါ။ သန္ဓေသားကလေးဖြစ်လာရမယ့် သင့်ရဲ့သားဥက သားအိမ်ထဲမှာ ပုံမှန်မဟုတ်တဲ့အိတ်တစ်မျိုးဖြစ်လာတာပါ။ ကလေးအစစ်မဟုတ်သော်လည်း ကိုယ်ဝန်ရသကဲ့သို့လက္ခဏာများပြတတ်ပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်တာကြောင့် အချိန်မီကုသရန်လိုအပ်ပါတယ်။

    ဘယ်လောက်ဖြစ်လေ့ရှိလဲ

    နေထိုင်တဲ့နေရာ၊ လူမျိုးစုပေါ်မူတည်ပြီး ဖြစ်နိုင်ချေကွဲပြားပါတယ်။ အမေရိကန်နိုင်ငံမှာ အမျိုးသမီး ၁၂၀၀ မှာ တစ်ယောက်ဖြစ်နိုင်ချေရှိတယ်။ အမျိုးသမီးများရဲ့ အသက်အရွယ်ပေါ်လည်းမူတည်တတ်ပြီး ဆယ်ကျော်သက်အပျိုဖော်ဝင်စအရွယ်၊ သွေးဆုံးခါနီးအရွယ်တွေမှာ အဖြစ်များလေ့ရှိပါတယ်။

    လက္ခဏာတွေ

    ဖြစ်လေ့ဖြစ်ထရှိတဲ့လက္ခဏာတွေကတော့

    • မိန်းမကိုယ်မှ အညိုရောင်ပုပ်ပုပ်၊ ဒါမှမဟုတ် နီညိုရောင်အရည်များ ဆင်းခြင်း၊
    • ပြင်းထန်စွာပျို့အန်ခြင်း
    • တင်ပါးဆုံနားတစ်ဝိုက်နာကျင်ခြင်း
    • သားအိမ်ကြီးလာခြင်း
    • စိတ်လှုပ်ရှားလွယ်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း ပုံမှန်မဟုတ်ခြင်း၊ ချွေးထွက်လွန်ခြင်း စသည့် သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာများကဲ့သို့ ဖြစ်ခြင်း
    • စပျစ်သီးကဲ့သို့ အရည်အိတ်ကလေးများ မွေးလမ်းကြောင်းမှဆင်းခြင်း တို့ဖြစ်ပါတယ်။

    အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် မူမမှန်သော လက္ခဏာတစ်ခုခုတွေ့ပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

    ဘယ်အချိန်ဆရာဝန်ပြရမလဲ

    • သားအိမ် ပုံမှန်နှုန်းထက် ပိုမြန်မြန်ကြီးလာခြင်း သင့်ကိုယ်ဝန်လမှာရှိသင့်တဲ့အရွယ်အစားထက် အများကြီးပိုကြီးနေခြင်း
    • ပုံမှန်မဟုတ်ဘဲ သွေးအရမ်းတိုးခြင်း
    • ကိုယ်ဝန်ပတ် ၂၀ အကျော်မှာ ဆီးထဲတွင်အသားဓါတ်ပါလာခြင်း ( ဆီးနောက်လာခြင်း)
    • သွေးအားနည်းခြင်း
    • သားဥအိမ်တွင် အရည်အိတ်တွယ်ခြင်း
    • စိတ်လှုပ်ရှားလွယ်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ပုံမှန်မဟုတ်ခြင်း၊ ချွေးထွက်လွန်ခြင်း စသည့် သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာများကဲ့သို့ ခံစားရခြင်း

    တို့ဖြစ်လာပါက ဆရာဝန်ထံအမြန်သွားသင့်ပါတယ်။

    ဘာကြောင့်ဖြစ်လာတာလဲ

    ပုံမမှန် မျိုးအောင်သွားတဲ့ သားဥဟာ သန္ဓေသားအစား အသားလုံးတစ်မျိုးဖြစ်သွားခြင်းကြောင့် စပျစ်သီးသန္ဓေတွယ်ခြင်းဖြစ်ပါတယ်။ ၂ မျိုးရှိပါတယ်

    • အပြည့်စပျစ်သီးသန္ဓေ

    မျိုးရိုးဗီဇတစ်ခုမှမပါတဲ့ သားဥဟာ သုက်ပိုးနဲ့တွေ့ပြီး ပေါင်းစပ်လိုက်တဲ့အခါ မျိုးရိုးဗီဇမရှိမှုကြောင့် သန္ဓေသားဖြစ်မလာဘဲ ပုံမှန်မဟုတ်သော တစ်ရှူးတုံးကြီးအနေနဲ့ ကြီးပြင်းလာပြီး သားအိမ်ထဲမှာ စပျစ်သီးခိုင်ကြီးလို အလုံးတစ်ခုဖြစ်နေခြင်း

    • တစ်ပိုင်းတစ်စပျစ်သီးသန္ဓေ

    သားဥတစ်လုံးကို သုက်ပိုးနှစ်ကောင်မှ ပေါင်းစပ်လိုက်သောအခါ မျိုးရိုးဗီဇတစ်ဝက်စီ ပါနေတာကြောင့်ပုံမှန်မဟုတ်ဘဲ ထိုမှဖြစ်ပေါ်လာသော သန္ဓေသား တစ်ရှူးဟာလည်း ချို့ယွင်းမှုအများအပြားပါနေခြင်း

    စပျစ်သီးသန္ဓေတွယ်စေနိုင်သောအချက်များ

    • မိခင်အသက် ၂၀ အောက်ငယ်သော၊ ၃၅ နှစ်အထက်ဖြစ်သော အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
    • အရင်ကဖြစ်ဖူးထားရင်လည်း နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ချေများပါတယ်။ အမျိုးသမီး ၁၀၀ မှာ ၁ယောက်မှ ၂ ယောက်ထိ တစ်ကြိမ်ထက်မနည်း စပျစ်သီးသန္ဓေတွယ်နိုင်ချေရှိပါတယ်။
    • ကိုယ်ဝန်ပျက်ကျဖူးထားရင်
    • ဗီတာမင် အေ (ကယ်ရိုတင်း)ချို့တဲ့ရင်လည်း ဖြစ်နိုင်ချေများလေ့ရှိပါတယ်။

    ဘယ်လိုစစ်ဆေးတွေ့ရှိမလဲ၊ ဘယ်လိုကုသရမလဲ

    ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။ ဘယ်လိုစစ်ဆေးတွေ့ရှိမလဲ

    • မိန်းမကိုယ်စမ်းသပ်ခြင်း
    • သွေးထဲတွင် ကိုယ်ဝန်ဆောင် ဟော်မုန်းစစ်ဆေးခြင်း
    • ဝမ်းဗိုက်နဲ့တင်ပါးဆုံရိုးရှိ တစ်ရှူးများကို အဓိကထားကာ အာထရာဆောင်းရိုက်ကြည့်ခြင်း တို့ဖြင့်သိနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    စပျစ်သီးသန္ဓေကို အကုန်ထုတ်ပစ်ဖို့လိုပါတယ်။ ပထမနည်းကတော့ လေစုပ်ကိရိယာနဲ့ စုပ်ထုတ်ခြင်းပဲဖြစ်ပါတယ်။

    တကယ်လို့စပျစ်သီးသန္ဓေရဲ့တစ်ရှူးတွေဟာ အများအပြား ပျံ့နေပြီး နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့လည်း အစီအစဉ်မရှိတော့ပါက သားအိမ်ထုတ်ပစ်တာကောင်းပါလိမ့်မယ်။

    ခွဲစိတ်ပြီးတဲ့အခါ အပြည့်အဝဖယ်ရှားပြီးမပြီး သိရဖို့ သွေးထဲမှာ HCG ဟော်မုန်းတစ်မျိုး(Human Chorionic Gonadotropin) ကို စစ်ဆေးရပါတယ်။ ထို့ကဲ့သို့ စောင့်ကြည့်စစ်ဆေးနေခြင်းက ၆လမှ ၁နှစ်ထိ ဆက်လုပ်ဆောင်နေဖို့လိုပါတယ်။

    အကယ်လို့နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့အစီအစဉ်ရှိပါက ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့လိုပါမယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်း

    စပျစ်သီးသန္ဓေတွယ်ထားဖူးပါက နောက်ထပ်ကိုယ်ဝန်မဆောင်ခင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ၆လ မှ ၁ နှစ်လောက်စောင့်ဖို့ အကြံပေးပါလိမ့်မယ်။

    နောက်ထပ်ကိုယ်ဝန်ဆောင်တွေမှာ သင့်အခြေအနေကိုသိရအောင်နဲ့ ကလေးပုံမှန်ကြီးထွားမှုဟုတ်မဟုတ် အတွက် စောစီးစွာ အာထရာဆောင်းရိုက်ပါလိမ့်မယ်။

    သင့်အတွက်အကောင်းဆုံးလုပ်ဆောင်မှုနဲ့ အဖြေအတွက် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်တာကောင်းပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Molar pregnancy. http://www.mayoclinic.org/diseases-conditions/molar-pregnancy/basics/definition/con-20034413. Accessed July 17, 2016.

    Molar Pregnancy – Topic Overview. http://www.webmd.com/baby/tc/molar-pregnancy- topic-overview. Accessed July 17, 2016.

    Hydatidiform Mole. http://emedicine.medscape.com/article/254657-overview#a6.

    Accessed July 17, 2016.

     

    စာရေးသူ ဓာတ်ပုံbadge
    Dr.Aye Myat Myat Noe မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။