သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။
သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။
အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိတတ်ပေမယ့် အခန့်မသင့်ရင်တော့ သားအိမ်ခြစ်တာကြောင့် ဖြစ်တတ်တဲ့ ရှုပ်ထွေးတဲ့ဆိုးကျိုးတွေရှိပါတယ်။ အဲဒါတွေကတော့
( ၁ )သားအိမ်ပေါက်ခြင်း
သားအိမ်ခြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက အဖြစ်များဆုံး တစ်ခုပါ။ လတ်တလောကိုယ်ဝန်ပျက်ကျပြီးသား မိခင်တွေနဲ့ သွေးဆုံးပြီးသားအမျိုးသမီးတွေကို သားအိမ်ခြစ်တဲ့အခါ ဒီလို သားအိမ်ပေါက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲလိုအချိန်တွေမှာ သားအိမ်က အရမ်းကို ပျော့နေတတ်တဲ့အတွက် အခန့်မသင့်ရင် ပေါက်သွားနိုင်တာမျိုးပါ။ သားအိမ်ပေါက်သွားတာကို သတိမထားမိလိုက်မိရင် သွေးထွက်လွန်တာ၊ သွေးဆိပ်သင့်တာမျိုးတွေကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
သားအိမ်ပေါက်တာရဲ့ လက္ခဏာတွေကတော့ သားအိမ်ခြစ်ပြီးဗိုက်အောင့်တာ၊ ဗိုက်တဖြည်းဖြည်းဖောင်းလာတာနဲ့ သွေးဆင်းတာတို့ပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီးနောက်ပိုင်းမှာ ဗိုက်က ဆက်အောင့်နေတာ၊ သွေးဆင်းများပြီး ဝမ်းဗိုက်က တင်းပြီးဖောင်းလာတာတွေက သားအိမ်ပေါက်တာဖြစ်နေနိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခြစ်ခါနီးရင် သားအိမ်ကျုံ့ပြီး မာမာလုံးလုံးလေး ဖြစ်သွားစေတဲ့ ဆေးလေးတွေ ထိုးပေးလေ့ရှိပါတယ်။ သားအိမ်ပျော့မနေအောင်လို့ပါ၊ သားအိမ်လည်း မြန်မြန်ဝပ်သလို သွေးထွက်လည်း နည်းပါတယ်။
ပြီးတော့ ခုခေတ်မှာ သားအိမ်ခြစ်တာအပြင် အထိအခိုက်နည်းတဲ့ manual vacuum aspirationဆိုတဲ့ နည်းလမ်းလည်း ရှိနေတာကြောင့် လူနာအခြေအနေပေါ်လိုက်ပြီး သင့်တော်တဲ့ နည်းလမ်း သုံးလို့ရပါတယ်။
( ၂ ) သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
ဒါကတော့ သားအိမ်ခြစ်ဖို့အတွက် သားအိမ်ခေါင်းကို ချဲ့တဲ့ အဆင့်မှာ ထိခိုက်သွားနိုင်တာမျိုးပါ။
( ၃ ) Asherman’s syndrome
သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း –ဒါကလည်း သားအိမ်ခြစ်ပြီးရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုဆိုပေမယ့် အဖြစ်နည်းပါတယ်။ Asherman’s syndrome ဆိုတဲ့ သားအိမ်မှာ ကျန်ခဲ့တဲ့ အမာရွတ်ကြောင့်ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
( ၄ ) သားအိမ်ခြစ်ပြီး သေချာ ဂရုမစိုက်၊ သန့်ရှင်းမှုတွေ မရှိတဲ့အခါ သားအိမ်တွင်း ပိုးဝင်ပြီး သွေးဆိပ်တက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ကိုယ်ဝန်ပျက်ကျထားပေမယ့် ဆိုးကျိုးတွေကို ကြောက်လို့ သားအိမ်မခြစ်ဘဲနေလို့ မရဘူးလား။
ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း သွေးဆင်းနေတာ ရက်အတော်ကြာတဲ့အထိ မရပ်သေးဘူးဆိုရင် ဒါ သန္ဓေသားအပိုင်းအစတွေ ကျန်ခဲ့တဲ့ လက္ခဏာဖြစ်တဲ့အတွက် ဒီ ကျန်ခဲ့တဲ့ သန္ဓေသား အပိုင်းအစလေးတွေ ဖယ်ရှားဖို့ သားအိမ်ခြစ်ကိုခြစ်ရမှာပါ။ မဟုတ်ရင် သွေးလွန်ပြီး အသက်ဆုံးရှုံသွားတတ်ပါတယ်။
သားအိမ်ခြစ်တယ်ဆိုတာ တကယ်တော့ ဗိုက်ခွဲစရာမလိုဘဲ ထုံဆေးလေးနဲ့တင်ပြီးသွားတဲ့ အသေးစားခွဲစိတ်မှုမျိုးပါ။ သူ့ကြောင့် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဆိုးကျိုးတွေက ရှားပေမယ့် အခန့်မသ့င့်ရင် ဒီလို တွေရှိတယ်ဆိုတာ လူနာတွေဘက်ကကြိုသိထားဖို့လိုပါတယ်။ ဒါတွေကို ကြိုသိထားတဲ့ ဆရာဝန်တွေဘက်ကလည်း ဒီလိုမျိုးပြဿနာတွေ မဖြစ်အောင် သေချာ ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။