backup og meta

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲ။

လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။

လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။

ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။

ကပ်ပါးရောဂါပိုးတွေဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ကောင်နဲ့ တစ်ကောင် မျိုးပွားပါတယ်။ မျိုးပွားပြီးနောက် အသားထဲမှာ ဥတွေ ချန်ထားခဲ့ပါတယ်။ ဒီဥတွေကြောင့် ဝက်ခြံလိုမျိုး သေးငယ်ပြီး ယားတဲ့ အဖုပုံစံ ဖြစ်လာရတာပါ။ အထူးသဖြင့် ကပ်ပါးပိုးတွေ ထိုးဖောက်ထားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အဖြူရောင်မျဉ်းလေးတွေကို မြင်ရပါတယ်။ ဝဲခြောက် တွေဟာ အလွန်အမင်းယားယံစေပြီး မကြာခဏ ကုတ်တဲ့အခါ အရေပြားပွန်းပဲ့ပြီး လက်သည်းကနေ ပိုးဝင်ကာ အနာပိုဆိုးသွားနိုင်ပါတယ်။ အထူးသဖြင့် ညဘက်အချိန်တွေမှာ ကပ်ပါးပိုးတွေ ပိုမိုလှုပ်ရှားတဲ့အတွက် ယားယံမှုဟာ ပိုပြီး ပြင်းထန်ပါတယ်။

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

ဝဲခြောက် တွေဟာ သင့်ဆီကို ဘယ်လိုနည်းနဲ့ ကူးစက်နိုင်လဲ။

အရေပြားချင်းထိတွေ့မှုကနေ အဓိကကူးစက်ပြီး ပျံ့နှံ့မှုနှုန်း အရမ်းမြန်ပါတယ်။ ပိုးမွှားရှိတဲ့သူနဲ့ လိင်ဆက်ဆံမိတာ၊ တစ်ဦးထက် မကသော လိင်ဆက်ဆံဖော်တွေနဲ့ အမြဲလိုလို ဆက်ဆံမှုရှိတဲ့သူတွေမှာ ကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကပ်ပါးပိုးရှိသူရဲ့ အဝတ်အစား၊ အတွင်းခံဘောင်းဘီတွေကို ယူဝတ်တာ၊ အိပ်ရာခင်းတစ်ခုထဲမှာ အတူတူအိပ်တာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

သိထားရမှာကတော့ ဝဲခြောက်ကို ဖြစ်စေတဲ့ ကပ်ပါးပိုးဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမဟုတ်ဘဲ လူအချင်းချင်းသာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ အမျိုးသားတွေမှာ ယားယံတဲ့ ဝေဒနာ ပိုပြင်းထန်တတ်ပြီး ဝဲခြောက်ထဲကို ဘက်တီးရီးယားပိုးဝင်ရာကနေ အရေပြားရောဂါတွေ ဖြစ်ပြီး ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။

ဝဲခြောက် ရှိတယ်ဆိုတာ ဘယ်လိုစစ်ဆေးမလဲ။

အကောင်းဆုံးကတော့ လိင်တံနေရာတစ်ဝိုက်မှာ မခံမရပ်နိုင်အောင် ယားယံနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ဝဲခြောက်ကြောင့်လည်း ဖြစ်နိုင်သလို တခြားအရေပြားရောဂါတွေ ဖြစ်တဲ့ နှင်းခူ၊ မွေးညှင်းပေါက် ရောင်ရမ်းခြင်း၊ ဆီးခုံမွေး သန်း၊ မွှားကောင် တွယ်ခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါအနာပေါက်တာ၊ ပေါင်ခြံပွေးပေါက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

ဝဲခြောက်ယားနာတွေကို ကုသပျောက်ကင်းနိုင်လား။

အချိန်ပေးပြီး ဆရာဝန်ညွှန်းပေးတဲ့ ဆေးအညွှန်းအတိုင်း သောက်ဆေး၊ လိမ်းဆေး မှန်မှန်သုံးစွဲပေးမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ အရေပြားပြဿနာဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့ နေ့စဉ်ရေချိုးပေးပါ။ ယားယံမှုကို သက်သာစေဖို့ လိမ်းဆေးလိမ်းပါ။ မလိမ်းခင်မှာ လိင်တံနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်သွားအောင် သေချာသုတ်ပေးဖို့ လိုအပ်ပါတယ်။

ကုသမှုခံယူနေစဉ် ကိုယ့်ရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို အပူချိန် ၅၀ ဒီဂရီ ဆဲလ်စီးယပ်ရှိတဲ့ ရေပူထဲမှာ ၁၀ မိနစ်ခန့် စိမ်ပြီးမှ လျှော်ပါ။ လျှော်ဖွပ်လို့မရတဲ့ ကြမ်းခင်း၊ ကော်ဇော်တွေကို အမြဲဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းပြီးတာနဲ့ ဖုန်တွေ၊ အမှိုက်တွေအကုန်လုံးကို အိတ်နဲ့ အလုံပိတ်ပြီး ပစ်ရပါမယ်။ ကပ်ပါးပိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာ ၇၂နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့တော့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement