ကိုဗစ်ကာလ မှာ ကိုဗစ်မဟုတ်တဲ့ တခြားပြဿနာတွေကလည်း အလားတူပဲ အရေးကြီးပါတယ်။ ကိုဗစ်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာတွေ (ဆိးချို၊ သွေးတိုး)ကစလို့ ကလေးကာကွယ်ဆေးထိုးတာအလယ် သားဆက်ခြားနည်းလမ်း ပြဿနာ၊ ကိုယ်ဝန်ဆောင် ဗိုက်နာပြီး ကလေးမွေးချင်တာ ဒါတွေကလည်း သူ့ဟာနဲ့သူ အရေးကြီးတာချည်းပါပဲ။
ဒီထဲမှာ သားဆက်ခြားနည်းလမ်း ပြဿနာကို နည်းလမ်းပြောပြချင်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးလို့ ဆုံးဖြတ်ထားရင် သားဆက်ခြားနည်းလမ်းတစ်ခုခုကို ပုံမှန်သုံးနေဖို့ လိုပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရသွားရင် နောက်ဆုံးအနေနဲ့ ဖျက်ချတဲ့ နည်းလမ်းကို ရွေးချယ်လာနိုင်လို့ မဖြစ်ခင် ကြိုကာကွယ်ထားတာ ကောင်းပါတယ်။ ဒီလို သားဆက်ခြားတဲ့နေရာမှာသူတို့ ဘာပြဿနာတွေ ကြုံရနိုင်လဲ ဆက်ကြည့်ရအောင်ပါ။
ကိုဗစ်ကာလနဲ့ သားဆက်ခြားပြဿနာအဖြာဖြာ
- တားဆေးကတ်
ဟော်မုန်း တစ်မျိုးတည်းပါတာ ရှိမယ်။ နှစ်မျိုးပါတာရှိမယ်။ နှစ်မျိုးပါတာက အသုံးများပါတယ်။ ဆေးသောက်နေတဲ့သူတွေက နေ့တိုင်းပုံမှန်သောက်ရမယ်။ အချိန်မှန်သောက်ရမယ်ဆိုတာ သိပြီးသားပါ။ ကိုဗစ်ကာလမှာ နောက်နေ့ဘာဖြစ်မလဲ မှန်းရခက်ပါတယ်။ ဒါကြောင့် တားဆေးကတ်တွေကို အမြဲအပို ဝယ်ထားပါ။ ဆေးပြတ်သွားလိ့ မရတဲ့ထဲမှာ တားဆေးကတ်တွေလည်း ပါတာကြောင့်ပါ။
ကိုဗစ်ကာလမှာ စိတ်နဲ့ လူနဲ့ မကပ်တာကြောင့် ဆေးသောက်ဖို့ မေ့သွားနိုင်ပါတယ်။ မမေ့အောင် alarmလုပ်ထားပါ။ မေ့သွားခဲ့ရင် ဖြေရှင်းနည်းကို ဒီမှာ ကြည့်ပါ။ ကိုယ်က မေ့တတ်တဲ့သူဆိုရင် ကွန်ဒုံးတို့၊ အရေးပေါ်တားဆေးကတ်တို့ပါ အပိုဆောင်ထားဖို့ ပြောပြရစေ။ ရက်တွေအများကြီး ဆေးသောက်ဖို့ မေ့သွားရင် အပိုသားဆက်ခြားနည်းလမ်းတွေ သုံးရမှာ ဖြစ်ပါတယ်။
ဒါလည်း အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲ။ တစ်လခံဆေး၊ သုံးလခံဆေး အစားစား ရှိပါတယ်။ ဆေးက ရက်ပြည့်ရင် ဆရာဝန်ဆီမှာ သွားသွားထိုးရပါတယ်။ ဒီလိုကာလမှာ ဆေးခန်းရှားတဲ့အတွက် ထိုးရမယ့် ရက်မရောက်ခင် ကြိုပြီး ဆေးခန်းရှာထားပါ။ လူစုလူဝေး ရှောင်နိုင်ဖို့ ဘိုကင်တင်ထားပါ။
သွားသွားထိုးရတာ အလုပ်ရှုပ်တယ်ဆိုရင် ခဏတော့ သောက်ဆေးပြောင်းထားနိုင်ပါတယ်။ ပြောင်းနည်းကို ဒီမှာကြည့်ပါ။
ဒါတွေက နှစ်နဲ့ချီ ခံတဲ့ နည်းလမ်းတွေပါ။ နှစ်ချီခံတယ်ဆိုပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာ ရက်ပြည့်သွားလို့ ပြန်လဲရမယ့်သူတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ရက်မပြည့်ခင် ဆေးခန်းကြိုရှာထားဖို့ ပြောတာပါ။ ရက်ပြည့်သွားရင် ပစ္စည်းက ကိုယ်ထဲမှာ ရှိနေပေမယ့် သန္ဓေတားနိုင်တဲ့အစွမ်း နည်းသွားလို့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
သားအိမ်ထဲထည့်တဲ့ ပစ္စည်းဆိုရင် ၅နှစ်လောက်ခံပါတယ်။ ဟော်မုန်းပါတာ ရှိသလို မပါတာလည်း ရှိပါတယ်။ အမြဲလုပ်ရမှာက ကြိုးစစ်ဖို့ပါ။ အနည်းဆုံးတော့ ရာသီလာပြီးတိုင်းမှာ ကြိုးစစ်ပါ။ ကြိုးပျောက်ပြီဆိုရင် ဆေးရုံသွားရပါမယ်။ ဒါကြောင့် ဆေးရုံဆေးခန်း ကြိုရှာခိုင်းတာပါ။
ကြိုးပျောက်မှာကြောက်တယ်။ ဖြစ်လာရင် ဘာမှမလုပ်တတ်ဘူးဆိုတဲ့ သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားနည်းလမ်း ပြောင်းသုံးပါ။
လက်မောင်းအောက်ထည့်တာလည်း ဒီလိုပါပဲ။ ရက်ပြည့်ရင် ပြန်ထုတ်ပြီး အသစ်ပြန်ထည့်ရမှာပါ။ ဆရာဝန်ပဲ လုပ်ပေးနိုင်တာမို့လို့ ကြိုရှာထားပါ။
သုံးနေကြလူက ဆက်သုံးပါ။ သန္ဓေတားနိုင်တဲ့အပြင် လိင်ကတဆင့် ကူးနိုင်တဲ့ ရောဂါတွေလည်း ကာကွယ်ပေးတယ်။ သုံးရတာလည်း လွယ်ပါတယ်။ ကွန်ဒုံးသုံးတဲ့သူတွေက ပိုဝယ်ထားပါ။ ပူလွန်းတဲ့နေရာမှာ မသိမ်းပါနဲ့။ ပျက်စီးတတ်ပါတယ်။
တခြားတားနည်းတွေ သုံးတဲ့သူလည်း ကွန်ဒုံးဝယ်ထားတာ မမှားပါဘူး။ ဆေးသောက်ဖို့ မေ့သွားတဲ့အခါ၊ ဆေးထိုးဖို့ ရက်လွန်သွားတဲ့အခါ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်းတွေ အချိန်မီမလဲနိုင်တဲ့အခါ ကွန်ုဒုံးက ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။
ဆောင်ထားတာ မမှားပေမယ့် ခဏခဏတော့ မသုံးသင့်ပါဘူး။ သူ့အာနိသင်က conventional methodလို့ ခေါ်တဲ့ တားဆေးကတ်တို့၊ ထိုးဆေးတို့လောက် မကောင်းပါဘူး။ အရေးပေါ်မှပဲ သုံးသင့်ပါတယ်။
- အပြင်မှာ ပြီးမယ်။
ကိုယ်ဝန်မရဖို့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ သုက်ရည်မတိုင်ခင် ထွက်တဲ့ အရည်ကြည် precumမှာ တစ်ခါတလေ သုက်ကောင်လေးတွေ ပါနေတတ်ပါတယ်။
သုံးနေကြလူက ပြဿနာမရှိပေမယ့် ခုမှ စသုံးမယ်ဆိုရင် သိပ်တော့ အားမပေးပါဘူး။ ဓမ္မတာလာတဲ့ ရက်မှန်တဲ့သူတွေမှပဲ သုံးသင့်ပါတယ်။ ရက်မမှန်ဘူး။ ကိုယ်ဘယ်နှရက်ကြာမှတစ်ခါလာလည်း မသိဘူးဆို သိပ်တော့ အဆင်မပြေနိုင်ပါဘူး။
နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက ခုမှ သားဆက်ခြားနည်းလမ်းသုံးမယ့်သူတွေရော၊ သုံးလက်စသူတွေရော ဆေးရုံဆေးခန်းတွေ ကြိုစုံစမ်းထားပါ။ အပြင်မထွက်နိုင်ဘူးဆိုရင်တောင် အွန်လိုင်းကနေတဆင့် ပြသနိုင်တဲ့ ဆေးခန်းတွေ၊ telemedicineတွေ ရှိနေပါပြီ။ ကြိုပြီးရှာထားပါ။
ကိုယ်ဝန်မလိုချင်သေးတာ သေချာရင် သားဆက်ခြားနည်းလမ်းကို စနစ်တကျ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။
[covid_19]
[embed-health-tool-bmi]