အောက်စီဂျင် ဖြတ်မရရင် ဘယ်လိုလုပ်မလဲ။
ဒါကလဲ လူနာတွေ စိုးရိမ်နေတဲ့ ကိစ္စပါ။ ခုတော့ အောက်စီဂျင်စရှူနေရပြီ။ တစ်သက်လုံး အဲ့လို ပိုက်တန်းလန်းနဲ့ ဖြစ်နေမှာလားဆိုတာပါ။ ကိုဗစ်မှာ အောက်စီဂျင်ပေးထားသလို တစ်ဖက်ကလည်း အောက်စီဂျင်ကျစေတဲ့ အကြောင်းတွေကို ရှာပြီး ကုသနေတယ်ဆိုတာကို လူနာတွေ မြင်မှာပါ။ ဥပမာ အဆုတ်ရောင်တာကျအောင် ဆေးတွေပေးတာ၊ အဆုတ်မှာ ပိုးဝင်တာတွေအတွက် ဆေးတွေပေးတာ၊ စသဖြင့် အကြောင်းရင်းတွေ ရှာပြီး ကုနေတာပါ။
ဒါတွေ သက်သာလာလို့ လူနာက သူ့နှာခေါင်းနဲ့ သူ ပြင်ပကလေကို ပြည့်ပြည့်ဝဝရှူနိုင်ပြီဆိုရင် အပိုဆောင်း အောက်စီဂျင် ရှူစရာ မလိုတော့ပါဘူး။ ဒီ့မတိုင်ခင် ရောဂါမသက်သာသေးသရွေ့တော့ ရှူရဦးမှာပေါ့။ ခန္ဓာကိုယ်က အောက်စီဂျင်ကို မရှိမဖြစ်လိုတာကိုး။
ကိုဗစ်နဲ့ မဆိုင်ဘဲ တခြားတစ်ခုပြောပြပါ့မယ်။ COPDလို့ ခေါ်တဲ့ တချို့သော နာတာရှည်အဆုတ်ရောင်ရောဂါရှင်တွေကို ဆရာဝန်တွေက အိမ်မှာ အောက်စီဂျင်အိုးထားပြီး တစ်နေ့ ဘယ်နှနာရီရှူဆိုပြီး ညွှန်ကြားလေ့ရှိပါတယ်။ LTOTလို့ ခေါ်ပါတယ်။ သူတို့ကျတော့ စွဲနေလို့၊ ဖြတ်မရလို့ ရှူနေတာ မဟုတ်ပါဘူး။ ရောဂါကြောင့်မို့လို့ ရှူနေရတာပါ။
အောက်စီဂျင်ကို ဘယ်လို ဖြတ်ကြမလဲ။
ဖြတ်တယ်ဆိုတာထက် လူနာသက်သာလာလို့ အောက်စီဂျင်လျှော့ကြည့်တာမျိုးပါ။ အရင် ၁၀လီတာလောက်တင်မှ သွေးတွင်းအောက်စီဂျင် ၉၄လောက်ရတဲ့သူ၊ ခုတလော ရောဂါအခြေအနေလေးလည်း ကောင်းလာပြီဆိုရင် ၁၀လီတာကနေ ၈လီတာ ပြောင်းပေးကြည့်မယ်။ ၁၅မိနစ်လောက်နေရင် ထပ်တိုင်းမယ် ၉၃-၉၄လောက်ပဲဆို ဆက်စောင့်ကြည့်၊။ မရဘူး ၈၀ပတ်ချာလည်လောက် ဖြစ်သွားတယ်ဆို ၁၀လီတာပြန်တင်။
ဒီလိုကနေ ၁၀လီတာ၊ ၈လီတာ၊ ၆လီတာ စသဖြင့် ၁လီတာ၊ ၂လီတာချင်းစီလျှော့၊ လူနာကိုလည်း အနီးကပ် စောင့်ကြည့် ဒါကို ‘weaning’လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒါက ကောင်းလာတဲ့ သူကို စမ်းလျှော့ကြည့်တာနော်။ အခြေအနေမကောင်းတဲ့သူကိုတော့ သွားသွားပြီး မလျှော့ရပါဘူး။
အောက်စီဂျင် ပတ်သက်ရင် လူနာတွေ၊ လူနာရှင်တွေ သိထားရမှာက ပြင်ပကလေကို ကိုယ့်နှာခေါင်းနဲ့ ကိုယ်ရှူတာမဟုတ်ဘဲ စက်တွေကနေ၊ စလင်ဒါတွေကနေ ရှူနေရပြီဆိုရင် ‘ဆေး’ဖြစ်သွားပါပြီ။ ဆေးဆိုရင် ဆရာဝန်ညွှန်ကြားချက် လိုလာပါပြီ။ လူနာရဲ့ အကျိုးအတွက် ကိုယ့်ဘာသာကိုယ် အောက်စီဂျင်တွေ တိုးလိုက်၊ လျှော့လိုက်၊ ပေးလိုက်၊ မပေးလိုက် လုံးဝမလုပ်ဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။