home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

နေရာတကာမှာရှောင်မရအောင်ကြုံတွေ့နေရတာခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆိုတော်တော်လေးကိုဆိုးပါတယ်။ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။

ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင်

ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။

ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့်အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။

ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုကခြင်ဆေးထွန်းထားတာပါ။ ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။

ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ်ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလိုရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။

(၁) သွားတိုက်ဆေး

သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သွားတိုက်ဆေးရဲ့နောက်ထပ်အာနိသင်တွေကသွေးတိတ်စေတာနဲ့ အရေပြားရောင်ရမ်းနာကျင်တာတွေကိုလျော့ပါးသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါခြင်ကိုက်ဖုလေးအပေါ်ကု သွားတိုက်ဆေးခပ်ပါးပါးလေးလိမ်းလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်လိမ်းပေးလို့ရပါတယ်။

(၂) ပျားရည်

ပျားရည်က အသေးစားရောဂါတွေအတွက် သဘာဝဆေးတစ်မျိုးပါ။ ပျားရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို ကာကွယ်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။နောက်တစ်ချက်ကခြင်ကိုက်ခံရတာကြောင့်ဖြစ်တဲ့ ယားဖုတွေကိုမြန်မြန်သက်သာစေနိုင်တာပါ။ခြင်ကိုက်ဖုတွေဖြစ်တဲ့အခါ ယားဖုပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။

(၃) သံပရိုသီး

ခြင်ကိုက်ဖုတွေအတွက်သက်သာစေတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့နေအိမ်မှာတွေမှာ အလွယ်တကူရရှိနိုင်တဲ့ သံပရိုသီးပါ။ သံပရိုသီးမှာ အက်ဆစ်ဓါတ်ပါဝင်နေပြီး ခြင်ကိုက်တာကြောင့်ဖြစ်တဲ့နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါး သက်သာစေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကခြင်ကိုက်ဖုရဲ့ ယားယံမှုကိုပါသက်သာစေတာပါ။ ဒါကြောင့်ခြင်ကိုက်ခံရပြီး အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်ဆိုရင် သံပရိုသီးကို ထက်ခြမ်းခြမ်းလိုက်ပြီးခြင်ကိုက်ဖုပေါ်ကို သံပရိုခြမ်းနဲ့ ပွတ်တိုက်လိုက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိထားလိုက်ပါ။ခြင်ကိုက်ခံရပြီးပြီးချင်းလုပ်လေ ထိရောက်မှုပိုများလေလေပါ။

(၄) ပင်စိမ်း (Basil)

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သိထားတဲ့ ပင်စိမ်းကိုခြင်ကိုက်ဖုတွေသက်သာအောင်အသုံးပြုလို့ရပါသေးတယ်။ ပင်စိမ်းမှာပါတဲ့eugenol လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်းတစ်မျိုးကခြင်ကိုက်ခံရလို့ဖြစ်လာတဲ့ ယားဖုတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ လက်ဖက်ရည်ခွက်နဲ့ ရေနှစ်ခွက်စာကို ဆူအောင်တည်ပြီးရေနွေးဆူလာရင် အခြောက်ခံထားတဲ့ ပင်စိမ်းရွက် လက်တစ်ဆုပ်စာကိုထည့်လိုက်ပါ။ပြီးရင် အအေးခံလိုက်ပါ။ောက်တစ်ဆင့်အနေနဲ့ကတော့ ဂွမ်းစ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ပြုတ်ရည်ကိုတို့ပြီးခြင်ကိုက်ဖုပေါ်မှာဆွတ်ပေးပါ။ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး လူးပေးလို့လည်းရပါတယ်။

(၅)ရေခဲ

အေးမြမှုနဲ့ရေခဲတို့က အရေပြားရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အအေးဓါတ်က အရေပြားကို ထုံသွားစေပြီး ခဏလောက်တော့ သက်သာမှုရစေပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ အရေပြားယားယံမှုကို သက်သာစေဖို့အတွက်ရေခဲအိတ်ကပ်ပေးတာ ဒါမှမဟုတ်ရေခဲရေနပြဆေးချတာမျိုးလုပ်လိုက်ပါ။ရေခဲကပ်တဲ့အခါ ၅ မိနစ်ထက်ပိုမကပ်ပါနဲ့။ အရေပြားထိခိုက်ပျက်စီးနိုင်တာကြောင့်ပါ။ရေခဲကပ်တဲ့အခါမှာလည်း အရေပြားကိုတိုက်ရိုက်ကပ်တာမျိုးမလုပ်သင့်ပါဘူး။ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ ရေခဲတွေကို ထုပ်ပြီးကပ်ပေးပါ။

(၆) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အရေပြားအတွက်ကောင်းတယ်ဆိုတာအထွေအထူးတောင်ပြောစရာမလိုပါဘူး။ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားက နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နောက်တစ်ခုက အနာကျက်စေနိုင်ပြီးရောဂါကူးစက်ခံရနိုင်ခြေကျဆင်းစေတာပါ။ခြင်နဲ့အင်းဆက်ကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားကိုမထူမပါးလေးလှီးပြီးခြင်ကိုက်ဖုပေါ်မှာ ပွတ်တိုက်လိုက်ပါ။ခြောက်တဲ့အထိထားလိုက်ရုံပါ။ သက်သာလာပါလိမ့်မယ်။ခြောက်သွားတိုင်းထပ်လူးပေးလို့ရပါတယ်။

(၇) မုန့်ဖုတ်ဆိုဒါ

မီးဖိုချောင်ထဲကဆေးတစ်မျိုးပါ။ မုန့်ဖုတ်ဆိုဒါကို အရေပြားပြဿနာတော်တော်များမားအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ ကခြင်ကိုက်တာကြောင့်ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာစေပါတယ်။ခြင်ကိုက်ခံရတဲ့အခါ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေနဲ့ခပ်ပျစ်ပျစ်လေးဖျော်ပြီးခြင်ကိုက်ဖုပေါ်မှာလူးပေးပါ။ပြီးရင် ၁၀ မိနစ်လောက်ထားပြီးရေနဲ့ဆေးချပေးလိုက်ပါ။

ခြင်ကိုက်ခံရတဲ့အခါ ယားဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်ပြီးခြင်ကိုက်ဖုတွေကို သက်သာအောင်လုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 13/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။