home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တစ်နေ့တာ Covid-19 ကူးစက်ခံရသူဦးရေ စံချိန်အသစ် စင်္ကာပူ ချိုးခဲ့ပြီ

တစ်နေ့တာ Covid-19 ကူးစက်ခံရသူဦးရေ စံချိန်အသစ် စင်္ကာပူ ချိုးခဲ့ပြီ

ယနေ့ ဧပြီလ ၂၀ ရက် ၂၀၂၀ ခုနှစ် နေ့လည် ၃နာရီ ၁၀ မိနစ်က နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ သတင်းအရ စင်္ကာပူနိုင်ငံမှာ တစ်နေ့တည်းနဲ့ နောက်ထပ် Covid-19 ကူးစက်ခံရသူ ၁၄၂၆ ဦး ရှိပြီလို့ သိခဲ့ရပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်မယ်ဆိုရင် တစ်နေ့တည်း ပိုးကူးစက်ခံရသူ တွေ့ရှိမှု အများဆုံးလို့ စံချိန်တင်သွားခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် လေ့လာချက်တွေအရ အသစ်စက်စက် ပိုးကူးစက်ခံရသူ အများစုဟာ နိုင်ငံခြားမှ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ဖြစ်ပြီး လုပ်ငန်းခွင် အဆောင်ကနေ လူတွေအကုန်လုံးနီးပါးဆီသို့ ပျံ့နှံ့ကူးစက်ခံရတယ် ဆိုတဲ့ အချက်ကိုပါ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုးကူးစက်ခံရသူတွေရဲ့ နောက်ကြောင်းရာဇဝင်နဲ့ တခြားနိုင်ငံဆီသို့ လည်ပတ်သွားရောက်ခဲ့ခြင်း ရှိမရှိကို စုံစမ်းလျက်ရှိပြီး ယနေ့ညမှာ သတင်းအမှန်ကို ပြည်သူတွေထံ တင်ပြပေးသွားမယ်လို့လည်း သိရပါတယ်။

ရောဂါပိုးနဲ့ ထိတွေ့မှုအများဆုံး ဖြစ်တဲ့ သံသယဖြစ် အဆောက်အဦးတွေကို သီးခြားဆောင် (Isolation Area) အဖြစ် သတ်မှတ်ထားပြီး ပြင်ပလူတွေ ဝင်ထွက်သွားလာခြင်း မပြုဖို့ကိုလည်း မှာကြားလျက် ရှိပါတယ်။ အဆောက်အဦးအတွင်းမှာ နေထိုင်နေတဲ့ နိုင်ငံရပ်ခြားမှ လာရောက်အလုပ်လုပ် နေထိုင်သူတွေကိုလည်း မေလ ၄ ရက်နေ့အထိ အိမ်တွင်းမှာသာ မဖြစ်မနေ နေထိုင်ဖို့ ဥပဒေအရ တားမြစ်ထားပါတယ်။ ဒီကာလအတွင်းမှာ နေထိုင်သူ အားလုံးရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

Covid-19 စတင်ပြန့်ခဲ့တဲ့ အချိန်ကနေ ယခု ဧပြီလအထိ ကြည့်မယ်ဆိုရင် စင်္ကာပူနိုင်ငံမှာ Covid-19 ကူးစက်ခံရတယ်လို့ အတည်ပြုပြီးသူ ၈၀၁၄ ဦး၊ ရောဂါ ပျောက်ကင်းသက်သာလာသူ ၇၆၈ ဦးနဲ့ သေဆုံးသူပေါင်း ၁၁ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံးထဲမှာ စင်္ကာပူနိုင်ငံရဲ့ အခြေအနေဟာ အဆိုးရွားဆုံး အဆင့်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒါကို သင်ခန်းစာယူပြီး အခုချိန်မှာ အလျင်စလိုနဲ့ အလုပ်သွားလာခွင့် ပြုတာမျိုးထက် အခြေအနေကို သေချာထိန်းချုပ်နိုင်ဖို့ကို အရင်ဆုံးလုပ်သင့်တယ်လို့ ထင်ပါတယ်။ Covid-19 ပိုးဟာ ကူးစက်ခံရခဲ့ရင်တောင် ဘာရောဂါလက္ခဏာမှ မပြဘဲ ကိုယ်ခန္ဓာထဲမှာ ရက်ရှည် နေနိုင်တဲ့အချက်က ပိုးကူးစက်ခံရသူ ဦးရေကို ဆထက်မနည်း တိုးပွားလာစေနိုင်တဲ့ အဓိက ပြဿနာပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင်တော့ တခြားနိုင်ငံနဲ့ ယှဉ်ရင် တော်တော်လေး ကောင်းနေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကိုပဲ ဆက်ထိန်းထားနိုင်မှ ပိုးကူးစက်ခံရသူ၊ အသေအပျောက် ဦးရေကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာပါ။

မြန်မာပြည်သူတွေလည်း တတ်နိုင်သလောက် အိမ်မှာပဲ နေထိုင်ဖို့၊ မလိုအပ်ဘဲ အပြင်ကို စုပြုံပြီးမထွက်ဖို့၊ အပြင်သွားတော့မယ်ဆိုရင် Mask တပ်ဖို့၊ ဘာပဲကိုင်ပြီးပြီး လက်သန့်စင်ဆေးရည်နဲ့ ဆေးဖို့၊ လူတွေနဲ့ ခပ်ခွာခွာ နေဖို့ အမြဲသတိထားပေးပါ။ ကုမ္ပဏီတွေအနေနဲ့လည်း အခြေအနေကို သေချာ စောင့်ကြည့်နေပြီး ပြန်ဖွင့်ဖို့ ဆန္ဒမစောဖို့ အကြံပေးချင်ပါတယ်။ အလုပ်ခွင်ရဲ့ သဘာဝက ဝန်ထမ်းအချင်းချင်းရော၊ ဖောက်သည်၊ စားသုံးသူတွေ၊ ပြောရမယ်ဆိုရင် ကျန်းမာရေးအခြေအနေ အတိအကျ မသိတဲ့ သူစိမ်းတွေနဲ့ ဆက်ဆံနေရတာပါ။ တစ်ယောက်မှာ ကူးရင် ကုမ္ပဏီတစ်ခုလုံး ကူးဖို့ဆိုတာ အချိန်ပိုင်းပဲ လိုပါတယ်။ တတ်နိုင်သလောက် လစာလျှော့ပေါ့ခွင့်၊ သို့မဟုတ် အိမ်ကနေ အလုပ်လုပ်ခိုင်းတာမျိုး၊ အစည်းအဝေး လုပ်စရာရှိရင် အင်တာနက်ကနေ video call နဲ့ လုပ်တာတွေနဲ့ လုပ်လို့ရပါတယ်။ မဖြစ်မနေ အလုပ်လုပ်ရမယ့်သူတွေကလွဲရင် လူအများကြီး အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့လို့ ထပ်ပြီး အကြံပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်တွေလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။