home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ကိုဗစ် (Covid-19) မပေါ်ခင်ကလည်း တခြားရောဂါပေါင်းများစွာကြောင့် သန်းပေါင်းများစွာသောလူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီရောဂါမတိုင်ခင်မှာလည်း ကပ်ရောဂါအနေနဲ့ တစ်ကမ္ဘာလုံးကို ဒုက္ခပေးခဲ့တဲ့အထာ ဆားစ်ရောဂါ၊ မားစ်ရောဂါတွေ၊ လက်ရှိအချိန်ထိ လူတွေနဲ့ ကလေးငယ်တွေကို ဒုက္ခပေးနေဆဲဖြစ်တဲ့ အအေးမိ၊ တုပ်ကွေး၊ ဝက်သက်၊ ခွေးရူးပြန်ရောဂါ စတဲ့ရောဂါပေါင်းများစွာကြောင့် လူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။ တချို့ရောဂါတွေဟာ လက်ရှိအချိန်ထိ လေထုထဲမှာ ရှိနေပြီး ကာကွယ်ဆေးပေါ်လာတာကြောင့်သာ သေဆုံးမှုနဲ့ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်အတွက် ​မျှော်လင့်ချက်က ဘယ်လိုလဲ။

လက်ရှိအချိန်မှာ ကိုဗစ်အတွက် ကာကွယ်ဆေးကို လျင်မြန်စွာထုတ်လုပ်နိုင်ဖို့ နိုင်ငံပေါင်းများစွာက သိပ္ပံပညာရှင်တွေ ကြိုးပမ်းနေကြပါတယ်။ ရုရှားနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်နေပြီး နိုင်ငံအတွင်း စမ်းသပ်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးစားနေဆဲဖြစ်ပြီး နိုဝင်ဘာလကုန် ထွက်နိုင်မယ်လို့တော့ မျှော်လင့်ထားကြပါတယ်။ ခန့်မှန်းချိန်ထက် နောက်ကျမလား၊ စောမလားဆိုတာတော့ လက်ရှိမှာ ဘယ်သူမှ အတည်ပြောလို့မရသေးတဲ့အတွက် ကာကွယ်မှုသည်သာ အကောင်းဆုံးသော ကုသခြင်းနည်းလမ်းပါ။

လက်ရှိအရာအားလုံး အရင်လို ပုံမှန်လည်ပတ်သွားလာနိုင်ဖို့၊ ရောဂါပိုးကူးစက်ခံရနှုန်း ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေး ထွက်လာမှသာ ဖြစ်နိုင်မှာပါ။ ရောဂါကို အမြစ်ပြတ်ကုသနိုင်ဖို့အတွက်တော့ လကနေ နှစ်လောက်ထိ ကြာမြင့်နေနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးရဲ့ သဘာဝဆိုတာ အမြဲတမ်း မျိုးဗီဇ၊ တည်ဆောက်ပုံတွေဟာ ပြောင်းလဲနေတဲ့အတွက် ဆေးထွက်ဖို့ကို အချိန်အတော်ယူပြီး စောင့်နေရမှာပါ။

ကိုဗစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ

ပထမလှိုင်း

ပထမလှိုင်းအခြေအနေမှာ မြန်မာနိုင်ငံဟာ တော်တော်ကံကောင်းခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ရောဂါထိန်းချုပ်မှုလျင်မြန်ခဲ့တာ၊ ပြင်ပနိုင်ငံကနေ ဝင်တဲ့သူအရေအတွက် နည်းလွန်းခဲ့တာတွေကြောင့် ကူးစက်သူနှုန်းရော၊ သေဆုံးသူနှုန်းရော အလွန်နည်းတဲ့နိုင်ငံတွေထဲ ပါဝင်ခဲ့ပါတယ်။

ကြားကာလ

တကယ့်ပြဿနာက ဒုတိယလှိုင်းမစတင်ခင် ကြားကာလ (မေလ – ဇူလိုင်လ) မှာ ဖြစ်တာပါ။ အစိုးရကလည်း အရင်ကလို တားမြစ်ထားတဲ့ ထုတ်ပြန်ချက်တွေကို ရုတ်သိမ်းခဲ့သလို ပြည်သူလူထုကလည်း ရောဂါပိုးလုံးဝမရှိတော့တဲ့ပုံစံလိုမျိုး ဂရုမစိုက်ဘဲနေထိုင်လာတာကြတယ်။ ဒါကြောင့်လည်း ဒုတိယလှိုင်းမှာ ပြည်တွင်း လူအချင်းချင်းကူးစက်ခံရတဲ့ အရေအတွက်တွေ များလာတာပဲ ဖြစ်ပါတယ်။

အဲဒီကာလမှာ လူတွေ Mask တပ်တာ ရပ်သွားကြတယ်။ ဘားတွေ၊ ကလပ်တွေ ပြန်ဖွင့်ကြတယ်။ လူစုလူဝေးတွေနဲ့ ပြန်ပြီးစုနေကြတယ်။ ရောဂါကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။ ဘတ်စ်ကားတွေမှာ လူတွေ ပြန်ကြပ်သိပ်လာတယ်။ တကယ်တော့ ရောဂါပိုးတွေဟာ ကာကွယ်ဆေးမပေါ်ခင်ထိက လုံးဝပေါ့ဆလို့မရတဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် တစ်ကမ္ဘာလုံးကို လျင်မြန်စွာပျံ့နှံ့နေတဲ့ ရောဂါပိုးဆိုတာ ကိုယ့်ဘက်က သတိမပြုမိလိုက်တဲ့ တစ်မိနစ်ဆိုတဲ့အချိန်လေးမှာ လူထောင်ပေါင်းများစွာကို ကူးစက်သွားစေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဒုတိယလှိုင်း

ဒုတိယလှိုင်းကာလမှာ အစိုးရအနေနဲ့ တဖြည်းဖြည်း ရောဂါပိုးထိန်းချုပ်ထားနိုင်ဖို့ ပိုပြီးတင်းကြပ်မှုတွေ လုပ်လာတယ်။ အခုဆိုရင် မြို့နယ်ခြားပြီး သွားလာခြင်းမရှိစေရဆိုပြီး စည်းကမ်းထုတ်ပြန်ချက်အသစ်တွေလည်း ထွက်လာပါပြီ။ ဒါကတော့ ကောင်းတဲ့အချက်ပါ။ မကောင်းတဲ့အချက်ကတော့ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ အနီးကပ်မှ စည်းကမ်းထုတ်ပြန်လိုက်တဲ့အခါ အခြေခံလူတန်းစားတွေ၊ သွားလာရခက်ခဲတဲ့၊ လူအရောက်အပေါက်နည်းတဲ့ မြို့နယ်တွေမှာ နေထိုင်နေသူတွေအတွက် စားဝတ်နေရေးမှာ အခက်အခဲဖြစ်သွားတော့ပါပဲ။ ဒါပေမယ့်လည်း ရောဂါထိန်းချုပ်နိုင်မှု အရေးကြီးလာတဲ့ ခုလိုအချိန်မှာ ပြည်သူအားလုံး တစ်တပ်တစ်အားနဲ့ ပါဝင်ကူညီနိုင်ဖို့တော့ လိုအပ်ပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ အပြစ်ဒဏ်တွေပါ ချမှတ်ပေးနိုင်ရင် ပိုပြီးတောင် ရောဂါထိန်းချုပ်မှုကို ကူညီပေးရာရောက်ပါတယ်။ ယခုလက်ရှိအခြေအနေအရ ကြည့်လိုက်ရင် တချို့မြို့နယ်တွေမှာ ပုံမှန်အတိုင်း Mask ကို စနစ်တကျမတပ်ဘဲ စျေးသွားလာ၊ စျေးရောင်းနေတဲ့သူတွေလည်း ရှိတယ်။ ကွမ်းယာဆိုင်၊ လမ်းဘေးမှာ Mask လုံးဝမတပ်ဘဲ ထိုင်ပြီးစကားပြောနေတာ၊ ကွမ်းတံတွေးထွေးနေတဲ့သူတွေလည်း ရှိနေဆဲပါပဲ။ ဒီလိုပြဿနာတွေအတွက်တော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုးနဲ့သာ ထိန်းချုပ်လို့ရမှာပါ။

ကိုဗစ်ဒုတိယလှိုင်းကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကျော်ဖြတ်ကြမယ်။

ကပ်ဘေးအတွက် မိမိကစလို့ ကိုယ်တိုင်မကူးစက်အောင် ကာကွယ်မယ်။ တခြားသူတွေကိုလည်း မကူးစက်စေဖို့ ဆင်ခြင်နေထိုင်မယ်။ မလိုအပ်ဘဲ အပြင်သွားတာမျိုး မလုပ်ပါနဲ့။ မဖြစ်မနေ အလုပ်သွားရမယ့်သူတွေအနေနဲ့ ကိုယ့်ကိုရော၊ ကိုယ်ကနေတစ်ဆင့် မိသားစုဝင်တွေဆီကိုပါ ရောဂါပိုးမကူးစက်စေဖို့ သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

  • ဘယ်ပဲသွားသွား အပြင်သွားရင် Mask ကိုစနစ်တကျ တပ်ပါ။
  • ဘာပဲကိုင်ပြီးပြီး လက်ကို ဆပ်ပြာ၊ ရေနဲ့ စက္ကန့် ၂၀ခန့် ပွတ်တိုက်ဆေးကြောပါ။
  • မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။
  • အပြင်ကနေ ပြန်လာရင် ပါလာတဲ့အဝတ်တွေကို လျှော်မယ့်နေရာပုံထားပါ ဒါမှမဟုတ် ချက်ချင်းလျှော်ပါ။
  • အစာအာဟာရတွေကို စုံလင်စွာစားသုံးပါ။
  • မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ပါ။ မနက်ဖြန်အတွက် ကောင်းသောမျှော်လင့်ချက်တွေကိုသာ ထားပါ။
  • ညဘက်တွေကို စောစောအိပ်ပါ။

အားလုံးပဲ ကပ်ဘေးကာလကို တစ်မိသားစုလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ကျော်ဖြတ်နိုင်စေဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 30/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။