backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ထိကရုန်းပင် နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထိကရုန်းပင် နဲ့ ကျန်းမာရေး

အရွက်လေးတွေက စီစီရီရီနဲ့ အစိမ်းနဲ့ နီမြန်းမြန်းလေး ရောနေပြီး ပန်းရောင် ပန်းလုံးလုံးတွေ ပွင့်တာကြောင့် အမြင်က ချစ်စရာကောင်းသလို ထိခိုက်ရင်လည်း အရွက်လေးတွေက အိပ်သွားတာကြောင့် မြင်တာနဲ့ လက်ချောင်းလေးတွေနဲ့ သွားသွားထိပြီး ဆော့လေ့ရှိတဲ့ ထိကရုန်းပင် လေးကို ငယ်ငယ်က မဆော့ခဲ့ဖူးသူဆိုတာ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။

ဒီအပင်လေးက အမြင်အရ ချစ်ဖို့ ကောင်းသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိကရုန်းမှာ ကုန်းထိကရုန်းရယ်၊ ရေထိကရုန်းရယ်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ ကုန်းထိကရုန်းလေးရဲ့ ဆေးဖက်ဝင်ပုံလေးကို ပြောပြပေးချင်တာပါ။

ထိကရုန်းဆိုတာ

ထိကရုန်း ဆိုတာ

ထိကရုန်း ဆိုတာကအရွက် သေးသေးလေးတွေ အများကြီးပါတဲ့ အရွက်လေးတွေ ရှိပါတယ်။ မြေပြင်မှာ ကပ်ပေါက်လေ့ရှိပြီး အရိုးတံလေးတွေက အနီရောင်လေးတွေ ရှိပါတယ်။ အရွက် အပေါ်ပိုင်းက အစိမ်းရောင်လေး ဖြစ်ပြီး အရွက် နောက်ကျောဘက်ကတော့ ပန်းရောင် ရင့်ရင့်လေးပါ။

ပန်းရောင် ပန်းလုံးလုံးလေးတွေပွင့်လေ့ရှိပြီး အသီးလေးတွေလည်း သီးပါတယ်။ ထူးခြားချက်က အရွက်လေးတွေကို ထိလိုက်ရင် အိပ်သွားတာပါ။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ အတော်များများမှာ ပေါက်ရောက်ကြပါတယ်။

ထိကရုန်းပင် နဲ့ ကျန်းမာရေး

အမြင်မှာ ချစ်ဖို့ ကောင်းတဲ့ ထိကရုန်းပင် လေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်

ထိကရုန်း အရွက်ကို သေချာစင်အောင်ဆေးပြီး သတ္တုရည်ကို အနာပေါ်မှာ လိမ်းပေးတာက အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာ အနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အဆိပ်ပြေစေတယ်

ထိကရုန်း အရွက်၊ ပင်စည်၊ အမြစ် အားလုံးမှာ အဆိပ်ပြေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပျား၊ ပုရွက်နီ တို့လိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့အခါ ထိကရုန်း ပြုတ်ရည်ကို အသုံးပြုပေးမယ်ဆိုရင် အဆိပ်ပြေစေမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ထိကရုန်းကို စိတ်ဖိစီးမှု ပြေလျော့ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို စိုးရိမ်ပူပန်မှု များတာကိုလည်း ပြေလျော့ စေနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

လိပ်ခေါင်း သက်သာစေတယ်

လိပ်ခေါင်းကြောင့် စအိုက သွေးကျနေတာကို သက်သာစေဖို့ဆိုရင် ထိကရုန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဒီကုထုံးကို ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။

အရွက်ကို ရေစင်အောင်ဆေးလို့ အနှစ်ရအောင်ကြိတ်ပြီး အသုံးပြုပေးရမှာပါ။ အရောင်ကျစေနိုင်သလို လိပ်ခေါင်းကြောင့် သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ ဖြစ်လေ့ရှိတဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက်လည်း ထိကရုန်း အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ရေစင်အောင် ဆေးပြီး ကြိတ်လို့ အသုံးပြုပေးရမှာပါ။

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက်လည်း ထိကရုန်းကို အသုံးပြုပေးလို့ ရပါသေးတယ်။ ဝမ်းသွားတာကို သက်သာစေဖို့ အရွက်ကြိတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရောင်ရမ်း နာကျင်မှုတွေ ဖြစ်တဲ့အခါ အရောင်ကျစေဖို့ နဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် ထိကရုန်းကို အသုံးပြု ပေးလို့ ရပါတယ်။ ထိကရုန်းကို ပြုတ်ပြီး ပြုတ်ရည် နွေးနွေးလေးနဲ့ နာကျင် ရောင်ရမ်းတဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာပါ။

ဒါတွေအပြင် ထိကရုန်း ကို ဆီးချို ကာကွယ်ဖို့၊ အသည်း ကျန်းမာစေဖို့၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ဖို့ အသုံးပြုပေးလို့ ရပါသေးတယ်။

ဘေးထွက်ဆိုးကျိုးများ

ထိကရုန်း က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ထိကရုန်းကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။။

သတိပြုရန် အချက်များ

  • နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို အသုံးမပြုခိုင်းပါတဲ့။
  • ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ အသုံးပြုလို့ မရပါဘူး။
  • သွေးပေါင်ကျတတ်သူတွေ၊ သွေးချိုကျတတ်သူတွေ အသုံးမပြုသင့်ပါဘူး။
  • ဆီးချိူအတွက် ဆေးသောက်နေရသူတွေ နဲ့
  • သွေးကျဆေးသောက်နေရသူတွေအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။

ထိကရုန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာ သေချာသန့်စင်တာမျိုး မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement