ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။
ဆေးခြောက်စေ့ မှာ အပင်ကနေရတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါဝင်နေပါတယ်။
ဒါ့အပြင် နာကျင်မှု ကိုသက်သာစေနိုင်တဲ့ gamma-linolenic acid (GLA) လည်းပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်က နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောတွေတောင့်တင်းတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆေးခြောက်စေ့က အရေပြားပြဿနာတွေနဲ့ နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါသေးတယ်။
သက်သတ်လွတ်စားသုံးသူတွေအတွက် ပရိုတင်းကြွယ်ဝစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်မှာ ပရိုတင်းက ၁၁ ဂရမ်အထိပါဝင်နေတာပါ။
ဒီပမာဏက အမဲသား၊ သိုးသား ၁.၂ ဂရမ်ကနေ ရရှိတဲ့ ပရိုတင်းပမာဏနဲ့ အတူတူပါပဲ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆေးခြောက်စေ့မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုးတောင်ပါဝင်နေပါသေးတယ်။
ဒီအမိုင်နိုအက်ဆစ်တွေကို ပုံမှန်အစားအစာတွေကနေရရှိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစာချေဖျက်ရာမှာ လွယ်ကူတဲ့ ပရိုတင်းကြွယ်ဝမှုက ခန္ဓာကိုယ်ကို ပရိုတင်းလိုအပ်ချက်မရှိအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ဆေးခြောက်စေ့မှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကိုလည်း အကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာမှာ အမျှင်ဓာတ်က တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄.၄ ရာခိုင်နှုန်းအထိပါဝင်နေပြီး အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။
ဆေးခြောက်စေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ၂၀ ရာခိုင်နှုန်းနဲ့ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရဓာတ်တွေအကောင်းဆုံး စုပ်ယူနိုင်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။
လေဒီလေးတွေဟာ တစ်လမှာတစ်ကြိမ်တော့ ရာသီမလာခင်နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း သွေးဆုံးအကြိုလက္ခဏာတွေကို ခံစားရနိုင်ပါသေးတယ် ဆေးခြောက်စေ့ကတော့ ဒီပြဿနာတွေကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။
ကိုယ်တွင်းမှာ prolactin လို့ခေါ်တဲ့ ဟော်မုန်းတုံ့ပြန်မှုပြင်းထန်တဲ့အခါမှာ ရာသီမလာခင်နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ Gamma-linolenic acid (GLA) ကနာကျင်ကိုက်ခဲမှုကိုဖြစ်စေနိုင်တဲ့ prolactin ဟော်မုန်းထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တဲ့ prostaglandin E1 ပါဝင်နေတာကြောင့် ရာသီမလာခင်မှာဖြစ်တတ်တဲ့ ရင်သားတွေ တင်းတာ၊ စိတ်ဓာတ်ကျတာ၊ နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
ဆေးခြောက်စေ့ကို ပုံမှန်စားသုံးပေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါ တယ်။ ဆေးခြောက်စေ့မှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ပြေလျော့စေနိုင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးနိုင်တဲ့ amino acid arginine ကြွယ်ဝစွာပါဝင်နေပါတယ်။ amino acid arginine ကြွယ်ဝမှုကပဲ နှလုံးရောဂါကိုဖြစ်စေတဲ့ ပြဿနာအရင်းခံတစ်ခုဖြစ်တဲ့ C-reactive protein (CRP) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဆေးခြောက်စေ့က သွေးတိုးကျစေနိုင်သလို သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရုတ်ရက်နှလုံးမရပ်အောင်ကာကွယ်ပေးသလို ရုတ်တရက်နှလုံးရပ်တာကနေ ပြန်သက်သာလာတဲ့သူတွေကိုလည်း ကျန်းမာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။
ဆေးခြောက်စေ့မှာ fatty acids ကြွယ်ဝစွာပါဝင်နေမှုက အသားအရေကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်သလို အရေပြား ပြဿနာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး အရေပြားခြောက်သွေ့ယားယံတာ၊ နှင်းခူအပါအဝင် ပြင်းထန်အရေပြားပြဿနာတော်တော်များများကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ အသားအရေကျန်းမာစေဖို့ ဘေးကင်းစိတ်ချရတဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခုဆိုလည်း မမှားပါဘူး။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Health Benefits Of Hemp Seeds: 5 Reasons To Sprinkle It On Your Food https://www.curejoy.com/content/health-benefits-of-hemp-seeds/ Accessed Date 21 October 2019
6 Evidence-Based Health Benefits of Hemp Seeds https://www.healthline.com/nutrition/6-health-benefits-of-hemp-seeds Accessed Date 21 October 2019
Why Are Hemp Seeds Good for Me? https://www.webmd.com/food-recipes/features/why-are-hemp-seeds-good-for-me#1 Accessed Date 21 October 2019