ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

    ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

    သင်ဟာ နေ့စဉ် ကိစ္စများမြောင်နဲ့ မအားမလပ် လှုပ်ရှားတက်ကြွနေမယ် ဆိုပါစို့။ အားရတယ် မရှိဘူး ဇယ်ဆတ်သလိုလုပ်နေရတာပဲ လို့လည်း နှုတ်ကနေ ဖွင့်ဟညည်းတွားမိပါလိမ့်မယ်။ သင်ဟာ တကယ်ကိုပဲ အလုပ်နဲ့လက်နဲ့မပြတ်သူဆိုရင် နောင်မှာလည်း အလုပ်တွေကို အင်ပြည့်အားပြည့် လုပ်နိုင်အောင် ခေတ္တအနားယူဖို့တော့ လိုပါတယ်။ စိတ်ရောကိုယ်ပါ အပြည့်အ၀ အနားယူခြင်းကို ဆိုလိုပါတယ်။ နားနေချိန်မှာတောင် စိတ်ထဲမှာ လုပ်စရာတွေကို တန်းစီစဉ်းစားနေခြင်းဟာ သင့်အားအင်တွေကို ထင်သလောက် ပြန်ပြည့်ဝစေမှာ မဟုတ်ပါဘူး။

    အထူးသဖြင့် အောက်ဖော်ပြပါ အခြေအနေတွေ ကြုံနေရမယ်ဆိုရင်တော့ သင့်အနေနဲ့ လုပ်လက်စအလုပ်တွေကို ရပ်တန့်ပြီး အနားယူဖို့ လိုအပ်ပါလိမ့်မယ်။

    ဂနာမငြိမ်ဖြစ်နေခြင်း

    သင့်အနေနဲ့ အလုပ်စားပွဲကထပြီး ထမင်းစားဖို့၊ တစ်နေရာမှာထိုင်ပြီး ကော်ဖီသောက်ဖို့တောင် အချိန်မပေးနိုင်ဖြစ်နေပါလိမ့်မယ်။ အပေါင်းအသင်းများနဲ့ တွေ့ဆုံစားသောက်စဉ်မှာလည်း သင့်စိတ်ဟာ စကားဝိုင်းမှာ ရှိမနေပါဘူး။ ထိုင်ရမလို ထရမလို အလုပ်ပဲပြေးလုပ်ရမလို ဝေခွဲမရဖြစ်နေတတ်ပါတယ်။

    ကောင်းကောင်း မအိပ်နိုင်ခြင်း

    အိပ်စက်ခြင်းဟာ အကောင်းဆုံးသော အနားယူခြင်း ဖြစ်ပါတယ်။ တစ်နေ့တာအလုပ်များကို လက်စမသတ်ဘဲ အိပ်ချိန်ထဲက ဖဲ့ပေးနေရတာ ကြာလာရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ အလားတူပဲ အလုပ်ပြီးချိန် အိပ်ရာဝင်ရင်တောင် နောက်တစ်ရက်လုပ်စရာတွေဆီ စိတ်ရောက်ပြီး အိပ်မပျော်တာတွေ ကြုံလာနိုင်ပါတယ်။ အိပ်ဆေးတွေသောက်လာရပါတယ်။

    စားသောက်ပုံ ပြောင်းလာခြင်း

    သင့်ရဲ့ပုံမှန်စားသောက်ပုံကနေ ပြောင်းလဲလာခြင်းဟာ သင့်လုပ်လက်စအလုပ်တွေကနေ ခဏအနားယူဖို့ ပြနေတဲ့လက္ခဏာပါပဲ။ အရင်စားသလောက် မစားနိုင်တော့တာ၊ မစားဘဲ လွတ်သွားတာ၊ စားချိန်မမှန်တာ စတာမျိုးတွေကို ဆိုလိုပါတယ်။ ထမင်းအစား သရေစာတွေကိုပဲ စားလာခြင်းဟာလည်း ဒီအချက်မှာ အကျုံးဝင်ပါတယ်။

    စိတ်အားထက်သန်မှုမရှိခြင်း

    သင် အလုပ်တွေလုပ်ဖို့လည်း ရှိသေးတယ်။ ဒါပေမယ့် ဆက်လုပ်ရမှာလည်း စိတ်မပါဖြစ်နေနိုင်ပါတယ်။ ဝါသနာပါပြီး စိတ်ပါလက်ပါလုပ်ဖူးတဲ့ အရာတွေကိုတောင် စိတ်ထက်သန်မှု မရှိတော့ပါဘူး။ အပေါင်းအသင်းများနဲ့ လူမှုရေးကိစ္စတွေကိုလည်း ရှောင်လာပါတယ်။

    မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း

    သင့်အနေနဲ့ ယခင်က ကျန်းမာရေးကောင်းရင်တောင် နောက်ပိုင်းမှာ ချူချာသလိုဖြစ်လာပါတယ်။ မကြာခဏ နှာစေးချောင်းဆိုးခြင်းတုပ်ကွေးဖြစ်ခြင်း စတာတွေ ကြုံလာတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားနည်းလာတဲ့ သဘောပါပဲ။

    အာရုံစူးစိုက်ရခက်ခဲလာခြင်း

    အစည်းအဝေးမှာ ထိုင်နေရင်းနဲ့ ရှေ့ကလူဘာပြောသွားသလဲ မမှတ်မိတော့ပါဘူး။ ဒါမှမဟုတ် သာမန်အချိန်မှာ နားလည်လွယ်တဲ့ စာတစ်ပိုဒ်ကို ဖတ်နေရင်းနဲ့ နားမလည်ဘဲ ခဏခဏပြန်ဖတ်နေရတာမျိုး ဖြစ်ပါတယ်။

    သင့်နေ့စဉ်ဘဝကို ရှုမြင်ပုံပြောင်းလာခြင်း

    သင့်တစ်နေ့တာအလုပ်တွေပြီးစီးချိန်မှာ သင့်အနေနဲ့ စိတ်ကျေနပ်မှု၊ အောင်မြင်ပြီးမြောက်မှုကို ခံစားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ နောက်တစ်ရက်မှာလည်း ဒါတွေပဲ ဆက်လုပ်နေရမှာပါလားဆိုပြီး စိတ်ပျက်လက်ပျက်ခံစားလာရင် သင့်ကိုယ်သင်ပြန်ဆန်းစစ်သင့်ပါတယ်။

    အဆိုးမြင်လာခြင်း

    သင့်လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ မကောင်းတဲ့အချက်တွေကိုပဲ တွေးလာမိပါလိမ့်မယ်။ အိမ်မှာလည်း မိသားစုဝင်တွေကို အဆိုးမြင်လာပါလိမ့်မယ်။ သူတို့ဘာပြောပြော သင်စိတ်မရှည်ဖြစ်လာပါတယ်။ ဆူပူအော်ဟစ်မှုတွေ လုပ်မိပြီးမှ ငါဘာဖြစ်သွားပါလိမ့်ဆိုပြီး စိတ်ပြန်ထိန်းရတဲ့အဖြစ်မျိုး မကြာခဏကြုံလာပါတယ်။
    …………………………………..
    အထက်ဖော်ပြပါ လက္ခဏာများကြုံလာရရင် သင့်အနေနဲ့ မိမိဖာသာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ လုပ်လက်စအလုပ်တွေကနေ ခေတ္တအနားယူဖို့ လိုပါတယ်။ မိမိယုံကြည်စိတ်ချရသူများနဲ့ ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ အနားမယူရင် နောင်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခြင်းအပြင် လူမှုဆက်ဆံရေးကိစ္စတွေမှာပါ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

    နောင်မှာ အလုပ်တွေကို ထိထိရောက်ရောက်ဆက်လုပ်နိုင်ဖို့ ယခုအချိန်မှာ အနားယူလိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    https://www.healthline.com/health/i-need-a-break Accessed Date 15 september 2020

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 21/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။