backup og meta

သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 13/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

    လူတွေက အချိန်အကြာကြီး အိပ်စက်အနားယူလိုက်ရင် အိပ်ရေးဝတယ် လို့ အကြမ်းဖျဉ်းတွေးလိုက်တတ်ကြတယ်။ တကယ်တမ်းမှာတော့ အိပ်ရေးဝတယ် ဆိုတာ အချိန်အကြာကြီး အိပ်စက်လိုက်တာကို မဆိုလိုပါဘူး။ ဘယ်လောက် ပြည့်ပြည့်ဝဝ စိတ်အေးအေးချမ်းချမ်းနဲ့ အနားယူလိုက်ရလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။

    ဒီလိုဆိုရင် သင်သိထားဖို့ လိုအပ်လာတာက သင် အိပ်ရေးဝတယ် ဆိုတာ သေချာရဲ့လား ဘယ်လိုနည်းနဲ့ အိပ်ရေးဝမဝ သိနိုင်မလဲဆိုတာပါပဲ။ လူတစ်ယောက် အိပ်ရေးမဝဘူးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်မှာ နိမိတ်လက္ခဏာတွေ ပြသလာတတ်ပါတယ်။

    အိပ်ရေးမဝဘူးဆိုတာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်ယွင်းမှုတွေ ရှိလာမှာပါ။ ကိုယ်ခံအားစနစ် ကျဆင်းတာအပါအဝင် ကျန်းမာရေးပြဿနာ အများအပြားကို ရင်ဆိုင်လာရမှာပါ။

    ဒီလို ခန္ဓာကိုယ်ကြီးက ပြသလာမယ့် လက္ခဏာတွေကို သတိထားမိမယ်ဆိုရင် သင် အိပ်ရေးဝတယ် မဝဘူးဆိုတာကို သိနိုင်ပြီပေါ့။

    သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

    အိပ်ရေးဝတယ် ဆိုတာ မှန်ရောမှန်ရဲ့လား

    သင် အိပ်ရေးတကယ်ဝရဲ့လားဆိုတာကို အောက်ပါအချက်တွေကို ကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။

  • မျက်လုံးက စကားပြောနေမယ် – မျက်လုံးတွေ နီနေတာ၊ ဖောင်းမို့နေတာ၊ မျက်တွင်းချိုင့်တာ၊ မျက်ရည်ပူတွေကျတာတွေ ကြုံနေရတယ်ဆိုရင် သင် အိပ်ရေးမဝတာ ဖြစ်ဖို့များပါတယ်။
  • ကိုယ်အလေးချိန် တက်လာမယ် – ညညအိပ်ရေးဝဝ မအိပ်ဖြစ်ဘူးဆိုရင် ခန္ဓာကိုယ်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ ghrelin နဲ့ leptin ဟိုမုန်းတွေကို ထိမ်းချုပ်နိုင်စွမ်းလျော့ပါးသွားစေပါတယ်။ ဒီတော့ ပိုစားမိပြီး ပိုပြီး ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။
  • Fast-food တွေ ပိုစားဖြစ်မယ် – အိပ်ရေးပျက်ပါများရင် Fast-food တွေ လမ်းဘေးစာတွေ ပိုစားဖြစ်ကြပါတယ်။ အိပ်ရေးပျက်ရင် ဦးနှောက်က ဒီလိုအစားအစာတွေကို စားချင်စိတ်ပိုဖြစ်ပေါ်လာတတ်တာကြောင့်လို့ ဆိုပါတယ်။ ဒီအစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တာမို့ ကျန်းမာရေးကို ပိုထိခိုက်စေတာကို သတိထားပါ။
  • ကော်ဖီတွေ ပိုသောက်ဖြစ်လာမယ် – အိပ်ရေးပျက်လို့ဆိုပြီး လန်းအောင် ကော်ဖီပိုသောက်ဖြစ်လာသလို စိတ်ထဲမှာလည်း ကော်ဖီသောက်ချင်စိတ် အမှန်တကယ်ပိုဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ရင် ပုံမှန်ထက် ၂ ဆ လောက် ကော်ဖီပိုသောက်ဖြစ်တတ်ကြပါတယ်။
  • စိတ်ခံစားချက် ပိုကဲမယ် – ပုံမှန်ထက်ပိုပြီး ထိလွယ်ရှလွယ် စိတ်ခံစားချက်တွေ ပိုဖြစ်လာပါလိမ့်မယ်။
  • စိတ်ဓာတ်ကျမယ် – အိပ်ရေးပျက်လွန်းရင် စိတ်ဓာတ်ကျမှုပိုဆိုးလာမှာပါ။ Depression ဝေဒနာ အခံရှိတဲ့လူတွေမှာ အခြေအနေပိုဆိုးနိုင်ပါတယ်။
  • အာရုံစူးစိုက်ရခက်တာ – ညည အိပ်ချိန်မမှန်တာ ဒါမှမဟုတ် အိပ်ရေးပျက်တာတွေဖြစ်ထားတယ်ဆိုရင် အာရုံစူးစိုက်ရခက်နေပါလိမ်မယ်။ တခါတလေကျ ဘာကြောင့်မှန်းမသိ အာရုံစူးစိုက်ရခက်နေတာမျိုးဖြစ်ရင် သင် အိပ်ရေးမဝထားတာကြောင့်ဖြစ်နိုင်ပါတယ်။
  • မအီမသာဖြစ်မယ် – ညမှာ ဘယ်လောက်အိပ်ခဲ့အိပ်ခဲ့ အိပ်ယာက နိုးချိန်တွေမှာ မအီမသာနဲ့ လန်းလန်းဆန်းဆန်းမရှိဘူးဆိုရင် ညက အိပ်ရေးမဝလို့ပါ။
  • သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

    အိပ်ရေးဝအောင် ဘယ်လိုအိပ်ကြမလဲ

    အိပ်ရေးဝအောင်အိပ်တာက ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် လူတိုင်း တတ်နိုင်သမျှ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝတယ် ဆိုတဲ့ အခြေအနေမျိုးအထိရောက်အောင် ဘယ်လိုအိပ်ကြမလဲ။

    အိပ်ရေးဝဖို့အတွက်ဆိုရင်

    • အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။
    • အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
    • အိပ်ခန်းကို အေးမြပြီး တိတ်ဆိတ်အောင်ထားဖို့လည်း မမေ့ပါနဲ့။
    • မီးပိတ်ပြီး အိပ်ပါ။
    • သက်သောင့်သက်သာရှိမယ့် မွေ့ယာ၊ ခုတင်မျိုးနဲ့ အိပ်စက်အနားယူပါ။
    • ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

    ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာဖြစ်ပြီး အိပ်ရေးမဝတာကြောင့်ဖြစ်လာမယ့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ အလှပျက်မှုတွေကိုလည်း တားဆီးနိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 13/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement