home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

အိပ်တဲ့အခါ ဖြစ်သင့်တာကတော့ မီးပိတ်ပြီး သက်သောင့်သက်သာ အိပ်သင့်တာပေါ့နော်။ ဒါပေမယ့် လူတိုင်းကတော့ မီးပိတ်ပြီး အိပ်ဖို့ အဆင်မပြေပါဘူး။ တချို့က အမှောင်ထဲမှာ နေရတာ ကြောက်တဲ့အတွက် မီးဖွင့် ပြီးမှ အိပ်တတ်ကြတာမျိုးလည်း ရှိပါတယ်။ မီးဖွင့်ပြီး အိပ်တာက ယေဘူယျအားဖြင့်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ဒီလိုပဲ အိပ်တတ်ရင် ဘယ်လိုလုပ်ကြမလဲ။

မီးအလင်းရောင်နဲ့ အိပ်စက်ခြင်း

မီးအလင်းရောင် အထူးသဖြင့် ညမှာ ဖွင့်ထားတတ်တဲ့ မီးချောင်းတွေ၊ မီးလုံးတွေက အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။

ကိုယ်ထဲမှာ ဇီဝနာရီဆိုတာရှိပါတယ်။ ဒီဇီဝနာရီက အလင်းရောင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဆိုလိုတာက လင်းနေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က နေ့ဘက်လို့ မှတ်ယူပြီး လူကို လန်းနေအောင် လုပ်ထားပါတယ်။ မှောင်နေမှ ညရောက်နေပြီလို့ သတ်မှတ်ပြီး အိပ်ချင်စိတ်ပေါ်လာပါတယ်။ ဒါက ခန္ဓာသိ သဘာဝဖြစ်စဉ်ပါ။ ဒါကြောင့် လင်းနေရင် နေ့ဘက်လို့ ယူဆပြီး အိပ်ချိန်မှာ လန်းနေနိုင်ပါတယ်။

နောက်တစ်ခုက မယ်လတိုနင်ဟော်မုန်းပါ။ မှောင်နေရင် ခန္ဓာကိုယ်ရဲ့ Pineal glandကနေ အိပ်ချိန်ရောက်ပြီလို့ ယူဆပြီး မယ်လတိုနင် ထုတ်ပေးပါတယ်။ မယ်လတိုနင်များလာရင် လူက မှိန်းပြီး အိပ်ငိုက်လာပါတယ်။ လင်းနေရင်တော့ မယ်လတိုနင် ထုတ်တာနည်းသွားပြီး အိပ်ချင်စိတ်လည်း ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ချိန်မမှန်တဲ့သူ၊ အိပ်မပျော်တဲ့သူတွေကို မယ်လတိုနင် အားဆေးတိုက်ကြတာပါ။

လူတွေ အိပ်စက်တဲ့အခါ အပြင်က ကြည့်သလို မျက်လုံးမှိတ်ပြီး ခေါခနဲ အိပ်ပျော်သွားတာမဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ sleep cyclesတွေ အများကြီး ဖြစ်သွားပါတယ်။ မီးဖွင့်ထားတာက ဒီcyclesတွေကို ပျက်ယွင်းစေပါတယ်။ ဒါကြောင့် အိပ်နေတုန်း ခဏခဏ နိုးတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ခြုံပြောရရင် မီးပိတ်ပြီး အိပ်တာက ပိုကောင်းပါတယ်။

ဘာကြောင့် မီးဖွင့် ပြီး အိပ်ကြတာလဲ။

ဆောင်းပါးအစမှာ ပြောခဲ့သလို လူတိုင်းမှ မီးပိတ်ပြီးမှ အိပ်တတ်ကြတာ မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင်လည်း မီးအလင်းရောင်ကို မြင်နေရမှ အိပ်ပျော်တာမျိုးပါ။ မီးဖွင့်ပြီး အိပ်ကြတဲ့ အကြောင်းရင်း အများစုက

  • မီးဖွင့်ပြီး အိပ်ရတာ ကြိုက်လို့

အမှောင်ကို ကြောက်တာကြောင့် မီးပိတ်လိုက်ရင် အိပ်ရတာ သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖွင့်ထားတာပါ။ နောက်တစ်ခုက အမှောင်ကို ကြောက်လို့ မဟုတ်ပေမယ့် မျက်လုံးမှိတ်ထားရင်တောင် မီးရောင်လေးကို ခံစားမိနေမှ စိတ်လုံခြုံမှု ရတာကြောင့် ဖွင့်ထားတာဖြစ်ပါတယ်။

  • ချော်လဲမှာ ကြောက်လို့

အထူးသဖြင့်တော့ လူကြီးတွေပါ။ ညဘက်အိမ်သာထသွားတဲ့အခါ ကောင်းကောင်းမမြင်ရမှာ၊ မတော်တဆ ချော်လဲမှာကို ကြောက်တဲ့အတွက် အိပ်တည်းက မီးဖွင့်ထားတာပဲ ဖြစ်ပါတယ်။

  • အတူနေတဲ့သူက မီးဖွင့်ပြီးမှ အိပ်တတ်လို့

ဒါကတော့ ဇနီးမောင်နှံတွေကြားမှာ ဖြစ်တတ်တာပါ။ တစ်ယောက်က မီးပိတ်ထားရင် လုံးဝမအိပ်တတ်တဲ့အတွက် ဖွင့်ပြီး အိပ်ဖြစ်သွားတာပါ။

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

မီးဖွင့် အိပ်ခြင်းနဲ့ ကျန်းမာရေး

မီးဖွင့်ပြီး အိပ်တာက အိပ်စက်ခြင်းသာမကဘဲ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

  • ကင်ဆာဖြစ်စေနိုင်ပါတယ်။

လေ့လာချက်တွေအရ ညဘက်မှာ မီးဖွင့်ပြီး အိပ်တာက ရင်သားကင်ဆာဆီးကျိတ်ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။

မီးဖွင်ပြီး အိပ်တာက ကိုယ်တွင်းက ဇီဝဖြစ်စဉ်ကို သက်ရောက်မှု ရှိတာကြောင့် အဝလွန်နိုင်ခြေရှိပါတယ်။ မီးဖွင့်ပြီး ညဘက်မှာ အိပ်ပျော်နေသည့်တိုင် ရေရှည်မှာ ဒီပြဿနာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မျက်လုံးမှိတ်ထားပေမယ့်လည်း မီးလင်းနေတဲ့အခါ မျက်လုံးကြွက်သားတွေက အလိုအလျောက်ကျုံ့သွားပါတယ်။ ဒါကြောင့် မနက်မိုးလင်းလာတဲ့အခါ မျက်ရိုးတွေ ကိုက်ပြီး မျက်စိညောင်းတာ ဖြစ်တတ်ပါတယ်။

  • စိတ်ကျစေနိုင်တယ်။

ညဘက်မှာ မီးဖွင့်အိပ်တာအပါအဝင် အိပ်ခါနီး ဖုန်းသုံးတာကလည်း စကရင်ကထွက်တဲ့ အလင်းရောင်ကြောင့် ကော်တီစောလို့ ခေါ်တဲ့ stress hormone အပြောင်းအလဲကို ဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းက စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ်။

မီးဖွင့် ပြီးမှ အိပ်တတ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

မီးပိတ်ပြီး အိပ်တာက ကျန်းမာရေးအတွက် ပိုကောင်းတယ်။ ပိုအိပ်ပျော်တယ်ဆိုတာ မသိလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောခဲ့သလို အကြောင်းရင်းတွေ ရှိနေလို့သာ မီးဖွင့်ပြီး အိပ်ကြတာပါ။ လတ်တလောမှာ မီးပိတ်ပြီး မအိပ်နိုင်သေးဘူးဆိုရင်တောင် မီးဖွင့်ပြီး အိပ်လို့ အိပ်မပျော်တာ၊ ကျန်းမာရေး ထိခိုက်မှုတွေ မဖြစ်အောင် ဒီလို ပြောင်းလဲနိုင်ပါတယ်။

  • အိပ်ရာအဝေးက မီးကိုပဲ ဖွင့်ထားပါ။

ဆိုလိုတာက အိပ်ရာပေါ်၊ ကိုယ့်မျက်နှာပေါ် အလင်းကို တိုက်ရိုက် မကျစေဘဲ ခပ်ဝေးဝေးမှာပဲ မီးဖွင့်ထားပါ။ မီးအလင်းရောင် မြင်ရလို့ စိတ်လုံခြုံမှုရရင် ရပါပြီ။

  • မီးကို မှိန်ချပါ။

မလွဲသာလို့ အခန်းထဲမှာပဲ ထွန်းရရင်တောင် မီးကို မှိန်ချထားလိုက်ပါ။ ညအိပ်မီးလုံးတွေလည်း သုံးနိုင်ပါတယ်။ ဒါတွေက သုံးနေကျ မီးလုံး၊ မီးချောင်းတွေထက် ပိုမှိန်ပါတယ်။

  • စားပွဲတင် မီးအိမ်၊ ဓာတ်မီး ဆောင်ထားပါ။

လူကြီးတွေက ညတရေးနိုး အိမ်သာထသွားတဲ့အခါ ချော်လဲမှာ စိုးရင် လက်လှမ်းမီတဲ့နေရာမှာ မီးအိမ်၊ ဓာတ်မီးလေး ချထားပေးလိုက်ပါ။ ဒါလေး ထွန်းပြီးမှ ထရင် အန္တရာယ်ကင်းပါတယ်။

  • Warm lightကို သုံးပါ။

မီးအရောင် အဖြူတွေက မျက်လုံးကို စူးစေပြီး အိပ်မပျော်တာကို ဖြစ်စေပါတယ်။ မီးဖွင့်ထားမှ အိပ်လို့ရမယ်ဆိုရင်တော့ မီးလုံးအနီ၊ လိမ္မော်ရောင်ဖျော့ဖျော့လေးတွေကို ပြောင်းထွန်းပါ။ လေ့လာချက်တွေအရ ဒီအရောင်တွေက အဖြူရောင်လောက် အိပ်စက်ခြင်း ဇီဝနာရီကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။

  • မျက်လုံးအကာ သုံးပါ။

ဒါကတော့ တစ်ယောက်က မီးဖွင့်ပြီး တစ်ယောက်က မီးမှောင်မှ အိပ်တတ်တဲ့ သူတွေအတွက်ပါ။ ကိုယ်က မီးပိတ်ထားမှ အိပ်တတ်တယ်။ ဖွင့်ထားတာက အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆရင် မျက်လုံးအကာလေးတပ်ပြီး အိပ်ပါ။

မီးဖွင့်ထားတာက လုံးဝအိပ်မပျော်တာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ပင်ပန်းလာတဲ့အခါ အလိုလို အိပ်ပျော်သွားပါတယ်။ ဒါပေမယ့် မီးပိတ်အိပ်တာလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြောင့် တတ်နိုင်ရင် ပိတ်အိပ်တာကတော့ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။