သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်ချင်လိုက်တာ၊ မျက်လုံးတွေ စပ်တယ်။ ညက အိပ်ရေးမဝဘူး၊ကောင်းကောင်းအိပ်မပျော်ဘူး။ တစ်နေကုန်ဘယ်လိုကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလိုဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာကောင်းကောင်းအိပ်မပျော်လို့နောက်တစ်နေ့မှာ အလုပ်ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် ညအိပ်ရာမဝင်ခင် ဒါလေးတွေရှောင်ပေးပါနော်။

ဒီတော့ပြည့်ဝစွာအိပ်စက်အနားယူနိုင်စေဖို့ ဘာတွေမစားရဘူးလဲပြောပြမယ်နော်

အိပ်စက်မှုက လူတစ်ယောက်ရဲ့ကိုယ်ရောစိတ်ပါကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတဲ့အရာပါ။ ဒီတော့ အဖိုးအခမပေးရဘဲ လူတိုင်းအတွက်မွေးရာပါအခွင့်အရေးတစ်ရပ်အနေနဲ့ ပါလာတဲ့ အိပ်စက်မှုကိုပြည့်ပြည့်ဝဝရရှိနိုင်စေဖို့ အိပ်ခါနီးမှာ ဒါတွေမစားပါနဲ့နော်။

ပရိုတင်းများတဲ့အစားအစာတွေပရိုတင်းက တစ်နေ့တာလှုပ်ရှားမှုတွေအတွက် လိုအပ်တယ်ဆိုပေမယ့် ညအိပ်ခါနီးတော့မစားပါနဲ့။ အစာကြေခဲပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေမှာပါတဲ့tyrosine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နီးနေပြီဆိုရင် ချိစ်၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားသောပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။

ရေလျှော့သောက်ပါ – ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အတွက်ရေဓါတ်ကလိုအပ်တာမှန်ပေမယ့် ညကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ ည ၈ နာရီနောက်ပိုင်းရေနဲ့အရည်ဓါတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှရှောင်ပါနော်။ လုံးဝကြီးမဟုတ်ပေမယ့် နည်းနည်းတော့လျှော့ပေါ။ တစ်ညလုံးမှာ ဆီးထသွားရင်း အချိန်ကုန်သွားနိုင်တာကြောင့်ပါ။

ကဖင်းပါတဲ့ စားစရာ၊သောက်စရာတွေ – ကဖင်းက စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပင်ပန်းနေတဲ့အချိန်မှာ ကဖင်းပါတဲ့ကော်ဖီ၊လက်ဖက်ရည်၊ အားဖြည့်အချိုရည်လိုမျိုး ကဖင်းပါတဲ့သောက်စရာတွေက ပင်ပန်းနေချိန်မှာ လန်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် အိပ်ရမယ့်အချိန်မှာ စိတ်ကလန်းနေမယ်ဆိုရင် သွားပြီလေ။ ဒီတော့ မနက်ခင်းမှာ မျက်တွင်းချောင်ချောင်လေးမနိုးချင်ရင် ညအိပ်ရာဝင်ခါနီး ကဖင်းပါတာတွေနဲ့ ခပ်ကင်းကင်းနေပါ။ လက်ဖက်သုပ်၊လက်ဖက်ရည်၊ကော်ဖီ၊ချောကလက်၊ အားဖြည့်အချိုရည်တွေနဲ့ ခပ်ကင်းကင်းလေးနေပါနော်။ အိပ်ရာမဝင်ခင် အနည်းဆုံး ၂ နာရီ ကနေ အများဆုံး ၆ နာရီအတွင်း ကဖင်းပါတာတွေကိုမစားပါနဲ့။ မသောက်ပါနဲ့။

နီကိုတင်း – ကဖင်းလိုပါပဲ။ စိတ်ကိုတက်ကြွအောင်လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နီကိုတင်းအရင်းအမြစ်တစ်ခုဖြစ်တဲ့ဆေးလိပ်ကို အိပ်ရာဝင်ခါနီး မသောက်ပါနဲ့။

အယ်လ်ကိုဟော – အရက်ကမူးစေတော့ ပိုအိပ်မပျော်ဘူးလားလို့မေးစရာရှိမှာပေါ့။ အရက်မူးလို့အိပ်ပျော်လည်း တစ်နာရီထက်ပိုပြီး အိပ်မပျော်နိုင်ပါဘူး။ ခဏခဏနိုးတာ၊ ဆီးခဏခဏထသွားရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုကတည်းက အရက်နဲ့ အခြားသော အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မသောက်ပါနဲ့။

အစပ်ကဲတဲ့ စားစရာတွေ – ခပ်စပ်စပ်လေးက စားရတာအရသာရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင်ရှိစေနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ခပ်စပ်စပ်စားစရာလေးကို ညအိပ်ခါနီးစားတာကတော့ အကြံကောင်းတစ်ခုမဟုတ်ပါဘူး။ ရင်ပူပြီးကောင်းကောင်းအိပ်မပျော်တာမျိုးခံစားရနိုင်ပါတယ်။

အဆီများတဲ့ စားစရာတွေ – အဆီများတဲ့ အစားအစာတွေက အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အဆီတွေက အစာကြေချက်မှုကိုဖြစ်စေပြီး အစာအိမ်ထဲမှာ အစာခြေရည်တွေကို ထွက်ရှိစေပြီး အစာခြေရည်တွေက အစာရေမြိုဆီကိုပြန်ဆန်တက်တဲ့အခါ မအမလည်ခံစားရပြီးကောင်းကောင်းအိပ်မပျော်တော့ဘူးပေါ့။

ကဲ ဒီအစားအစာတွေကို ညအိပ်ခါနီးမစားဘဲရှောင်ကြဉ်ရင်းပြည့်ဝတဲ့ အိပ်စက်ချိန်လေးရရှိပိုင်ဆိုင်ပြီးနေ့ရက်တိုင်းကိုပျော်ရွှင်လန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေနော်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Foods for Sleep: A List of The Best and Worst Foods for Getting Sleephttps://www.alaskasleep.com/blog/foods-for-sleep-list-best-worst-foods-getting-sleep Accessed Date 14 December 2018

9 foods that keep you awakehttps://www.health24.com/Medical/Sleep/Insomnia/9-foods-that-keep-you-awake-20120721 Accessed Date 14 December 2018

Foods That Help or Harm Your Sleephttps://www.webmd.com/sleep-disorders/ss/slideshow-sleep-foods Accessed Date 14 December 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 24/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။