လိင်တံကျန်းမာရေးကိုထိခိုက်စေတဲ့အရာများနဲ့ ဖြစ်ပွားတတ်တဲ့ ရောဂါများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လိင်တံကျန်းမာရေးဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်တစ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင်လိင်တံကျန်းမာရေးဟာ လိင်တံထောင်မတ်ခြင်း၊ သုက်ထွက်ခြင်းနဲ့ မျိုးပွားခြင်းဆိုင်ရာ လုပ်ဆောင်မှုတွေထက်ပိုပါတယ်။ လိင်တံမှာ ဖြစ်တဲ့ ရောဂါတွေဟာ အောက်ခြေအရင်းခံ တစ်ခြားရောဂါကြောင့် ဖြစ်တတ်ကြပါတယ်။ လိင်တံမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေဟာ သင်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အိမ်ထောင်ရေး ဆိုင်ရာပြဿနာတွေနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း ပျက်ဆီးစေနိင်ပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် အဖြစ်များတဲ့ လိင်တံကျန်းမာရေးဆိုင်ရာ လက္ခဏာတွေကို သိထားဖို့လိုပါတယ်။

လိင်တံကျန်းမာရေးအပေါ်ကို ဘာတွေက သက်ရောက်နေပါသလဲ။

လိင်တံရဲ့ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအချက်တွေကတော့

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။

အကာအကွယ်မဲ့ လိင်ဆက်ဆံမယ်ဆိုရင်သင့်မှာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံနိုင်ပြီး လိင်တံကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နှလုံးရောဂါနဲ့ ဆီးချိုရောဂါ။

ဆီးချိုရောဂါနဲ့ သွေးဖိအားများခြင်းက နှလုံးရောဂါကို ဖြစ်စေနိုင်ပြီး နှလုံးရောဂါ ဖြစ်တဲ့အခါမှာ erectile dysfunction လို့ခေါ်တဲ့ လုံလောက်တဲ့ ကြာချိန်တစ်ခု အထိ လိင်တံမထောင်မတ်နိုင်တဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

ဆေးဝါးတစ်ချို့နဲ့ ကုသမှုများ။

စိတ်ကျခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေနဲ့ သွေးဖိအားကို နည်းပါးစေတဲ့ ဆေးဝါးတွေက လိင်စိတ်ဆန္ဒကို နည်းပါးစေပြီး လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လိင်တံနဲ့ ဆီးအိမ်အကြားမှာတည်ရှိတဲ့ သစ်ကြားသီး အရွယ်ရှိ ပရော့စတိတ် ဂလင်းကို ခွဲထုတ်ထားရခြင်းနဲ့ ပရော့စတိတ်ကင်ဆာကို ကုသဖို့ အတွက် ဘေးနားက တစ်ရှုးတွေကို ဖယ်ထုတ်ထားတဲ့ လူနာတွေမှာလည်း ဆီးမနိုင်ခြင်းနဲ့ လိင်တံထောင်မတ်မှု ပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်ခြင်းဟာ တစ်ခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အပြင်ကို လိင်တံထောင်မတ်မှု ပြဿနာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဟော်မုန်း ပမာဏ။

အဝလွန်ခြင်းကလည်း တက်စတိုစတီရုန်း ဟော်မုန်းကို နည်းပါးစေနိုင်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမဏ မညီမျှခြင်းဟာ လိင်တံထောင်မတ်မှု ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ။

သင့်ဟာ တစ်ကြိမ်လောက် လိင်ဆက်ဆံစဉ်မှာ ထောင်မတ်မှု ပြဿနာ ဖြစ်ဖူးခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို စိုးရိမ်နေနိုင်ပြီး စိုးရိမ်မှုနဲ့ စိတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေမယ်ဆိုရင်တော့ နောက်တစ်ကြိမ် လိင်တံမထောင်မတ်နိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

အာရုံကြော စနစ်ဆိုင်ရာရောဂါများ။

လေဖြတ်ခြင်း၊ ကျောရိုးနာဗ်ကြော၊ နောက်ကျောဘက် ဒဏ်ရာများ၊ ကိုယ်ခံအား စနစ်က နာဗ်ကြောတွေမှာ ဖုံးအုပ်ထားတဲ့ အကာကို တိုက်ခိုက်တဲ့အခါ ကျောရိုး အာရုံကြော စနစ် ပျက်ဆီးတဲ့ Multiple sclerosis (MS) ရောဂါ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုတွေကလည်း ဦးနှောက်မှ လိင်တံသို့ အာရုံကြော အချက်ပြ စနစ်တွေကို ထိခိုက်စေနိုင်ပြီး လိင်တံထောင်မတ်မှု ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

အသက်ကြီးလာခြင်း။

လိင်တံ ထောင်မတ်မှု ပြဿနာနဲ့ တစ်ခြားသော လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ သင်အသက်ကြီးတာနဲ့ အမျှ ပိုအဖြစ်များလာမှာ ဖြစ်ပါတယ်။

လိင်တံတွင် အပေါက်ဖောက်ထားခြင်း။

လိင်တံတွင် အပေါက်ဖောက်ခြင်းကလည်း အရေပြားကူးစက်ရောဂါကို ဖြစ်စေနိုင်တဲ့အပြင် ဆီးလမ်းကြောင်း စီးဆင်းမှုကိုလည်း နှောင့်ယှက်နိုင်ပါတယ်။ သင်ဘယ်နေရာမှာ အပေါက်ဖောက်ထားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး လိင်တံထောင်မတ်ခြင်းနဲ့ လိင်ဆက်ဆံချိန် ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။

ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်းနဲ့ ကြမ်းတမ်းစွာအာသာဖြေခြင်း။

လိင်တံထောင်မတ်နေချိန်မှာ လိင်တံဟာ အားပြင်းစွာနဲ့ ကွေးခံလိုက်ရမယ်ဆိုရင် လိင်တံ အရွတ်တွေ အက်ခြင်းဆိုတဲ့ပြင်းထန်တဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ လိင်တံဟာ အရိုးမဟုတ်ပေမဲ့ corpus cavernosum ဆိုတဲ့ ထောင်မတ်တစ်ရှုးတွေ ရုတ်တရက် အကွေးခံလိုက်ရမယ်ဆိုရင် လိင်တံထောင်မတ်တစ်ရှုးတွေ ပေါက်ပြဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို လိင်တံထောင်မတ်တစ်ရှုးတွေ ပေါက်ပြဲသွားခြင်းဟာ နာကျင်တဲ့ ဒဏ်ရာရမှု ဖြစ်ပြီး ဒီလို ဒဏ်ရရမယ်ဆိုရင် လိင်တံမှ ဖြောက်ခနဲက မြည်သံကို ကြားရမှာ ဖြစ်ပြီး ထောင်မတ်မှုလည်း ပျော့သွားမှာ ဖြစ်ပါတယ်။ ဒီလို လိင်တံ အရွတ်တွေ အက်ခြင်းဟာ လိင်တံကို အမြဲတမ်းကောက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးများ အပြင်ထွက်လာခြင်းကြောင့် လိင်တံမှာ အညိုအမည်း စွဲလာခြင်းကိုလည်း တွေ့ရမှာပါ။

အဖြစ်များတဲ့ လိင်တံနဲ့ ပတ်သတ်တဲ့ ရောဂါများ။

လိင်တံမှာလည်း တစ်ခြားသော အင်္ဂါ အစိတ်အပိုင်းတွေလိုပဲ ရောဂါ တွေ ဖြစ်နိုင်ပါတယ်။ လိင်တံမှာ အဖြစ်များတဲ့ ရောဂါတွေကတော့ –

ထောင်မတ်မှု ပြဿနာနဲ့ သုက်ထွက်ခြင်း ပြဿနာများ။

ထောင်မတ်မှု ပြဿနာတွေထဲမှာ အဖြစ်များတဲ့ ဝေဒနာတွေကတော့ လိင်ဆက်ဆံချိန်မှာ လုံလောက်တဲ့ အချိန်တစ်ခု အထိ လိင်တံက မထောင်မတ်ထားနိုင်တဲ့ ပြဿနာနဲ့ အတွေ့ရနည်းပြီး priapism လို့ခေါ်တဲ့ တစ်ချိန်လုံးလိင်တံ နာကျင်စွာ ထောင်မတ်နေတဲ့ ဝေဒနာတို့ ဖြစ်တတ်ပါတယ်။ သုက်ထွက်ခြင်းနဲ့ ပတ်သတ်ပြီး ဖြစ်တတ်တဲ့ ဝေဒနာတွေကတော့ သုက်မထွက်နိုင်ခြင်း၊ သုက်လွှတ်စောခြင်း၊ သုက်လွှတ်နှေးခြင်း၊ သုက်လွှတ်ချိန် နာကျင်ခြင်း၊ သုက်ပမာဏ နည်းပါးခြင်း၊ retrograde ejaculation လို့ခေါ်တဲ့ လိင်တံမှ သုက်ထွက်ရမယ့်အစား ဆီးအိမ်ထဲသို့သုက်ဝင်သွားတဲ့ သုက်နောက်ပြန်စီးဆင်းခြင်းဝေဒနာ တို့ ဖြစ်ပါတယ်။

Orgasm မရနိုင်ခြင်း (လိင်ခံစားမှု မရခြင်း)။

တစ်ချို့သော ဖြစ်ရပ်တွေမှာ အမျိုးသားတွေဟာ လုံလောက်တဲ့ လိင်ပိုင်းဆိုင်ရာ လှုံဆော်မှု ရရှိတဲ့ အချိန်မှာတောင် လိင်ပိုင်းဆိုင်ရာခံစားမှု အထွတ်အထိပ် မရောက်တော့တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို ဖြစ်ခြင်းဟာ ဟော်မုန်းဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးခြင်းနဲ့ နာဗ်ကြော ကျန်းမာ ရေးပြဿနာ များ ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဆေးဝါးတွေနဲ့ ဆီးချိုရောဂါ တို့ကလည်း ဒီ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

လိင်ဆက်ဆံလိုစိတ် အတက်အကျဖြစ်ခြင်း။

လိင်ဆက်ဆံဖို့ အတွက် စိတ်ဆန္ဒနည်းပါးလာခြင်းဟာ ဟော်မုန်းဆိုင်ရာ ပြဿနာ ဖြစ်ပွားလာခြင်း၊ အိမ်ထောင်ရေးဆိုင်ရာ ပြဿနာများနဲ့ စိတ်ကျရောဂါလို အမျိုးမျိုးသော အခြေအနေတွေ ကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လူကြီးပိုင်းအရွယ်မှာတော့ ရုတ်တရက် လိင်ဆက်ဆံလိုစိတ်ရုတ်တရက် မြင့်တတ်လာခြင်းဟာ ဦးနှောက်ကို ထိခိုက်နေတဲ့ ဆေးဝါးများနဲ့ ရောဂါတို့ကြောင့် ဖြစ်နိုင်ပြီး လိင်ဆက်ဆံဖို့ အတွက် စိတ်ဆန္ဒရုတ်တရက်ပြောင်းလဲခြင်း ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံး သွားရောက်ပြသ သင့်ပါတယ်။

လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါများ။

လိင်အင်္ဂါ အသားပိုတွေ၊ ဆီးပူညောင်းကျ ကာလသားရောဂါ၊ Chlamydia ရောဂါ ၊ ဆစ်ဖလစ်ရောဂါနဲ့ လိင်အင်္ဂါ ကြွက်နို့တွေက လိင်တံကျန်းမာရေး အပေါ်သက်ရောက်မှု ရှိပါတယ်။ ခံစားရနိုင်တဲ့ ဝေဒနာတွေကတော့ဆီးသွားချိန် နာကျင်ခြင်း၊ လိင်တံမှ စွန့်ပစ်အရည်များထွက်ခြင်း၊ လိင်တံနားနဲ့ လိင်အဂါ နားတစ်ဝိုက် အရည်ကြည်ဖုများပေါက်ခြင်း တို့ဖြစ်ပွားနိုင်ပါတယ်။

လိင်တံထိပ်ငုံ အရေပြားနဲ့ ပတ်သတ်ပြီး ဖြစ်ပွားတတ်တဲ့ ရောဂါများ။

လိင်တံထိပ်ငုံအရေပြား မဖြတ်ရသေးတဲ့ အမျိုးသားတွေမှာ လိင်တံထိပ်ငုံ အရေပြားက နောက်ကို လှန်လို့ မရတဲ့ ဝေဒနာကို Phomosis လို့ခေါ်ပါတယ်။ ဒီဝေဒနာက ကူးစက်ရောဂါတွေ၊ ဆီးသွားချိန် နာကျင်ခြင်းနဲ့ ထောင်မတ်တဲ့ အချိန် နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ နောက်ထပ်ဖြစ်တတ်တဲ့ ဝေဒနာကတော့ Paraphimosis လို့ခေါ်ပြီး လိင်တံထိပ်ငုံ အရေပြားကို နောက်သို့ ဆွဲလှန်လိုက်ပြီးရင် ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်တဲ့ ဝေဒနာ ကိုခေါ်တာ ဖြစ်ပါတယ်။ ဒီဝေဒနာက လိင်တံကို နာကျင်စွာ ရောင်ကိုင်းလာစေနိုင်တဲ့ အပြင် သွေးစီးဆင်းမှုကိုလည်း နည်းပါးလာစေနိုင်ပါတယ်။

တစ်ခြားသော ရောဂါနဲ့ ဝေဒနာများ။

မှိုရောဂါကူးစက်ခြင်းဟာ လိင်တံပေါ်မှာ အနီရောင်အကွက်တွေနဲ့ အဖြူရောင် အကွက်တွေကို ဖြစ်စေနိုင်ပါတယ်။ လိင်တံထိပ်ခေါင်း ရောင်ရမ်းခြင်းဟာ လိင်တံကို နာကျင်ပြီး အနံ့ပြင်းတဲ့ စွန့်ပစ်အရည်တွေကို စီးဆင်းစေနိုင်ပါတယ်။ Peyronie’s ရောဂါ လို့ခေါ်တဲ့ ရောဂါ ဖြစ်ပွားမယ်ဆိုရင်တော့
လိင်တံအတွင်းက ထောင်မတ်တစ်ရှုးတွေမှာ ပုံမမှန်တဲ့ အမာရွတ်တွေ ဖြစ်ပေါ်လာနိုင်ပြီး လိင်တံကွေးခြင်းနဲ့ ထောင်မတ်ချိန်နာကျင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။

လိင်တံကင်ဆာ။

လိင်တံကင်ဆာ ဖြစ်ပွားတံ့ အချိန်ဆိုရင် လိင်တံထိပ်ငုံအရေပြား၊ လိင်တံထိပ်ခေါင်းနဲ့ လိင်တံမှာ အရည်ကြည်ဖုလို အနာမျိုးတွေ စတင်ဖြစ်ပေါ်မှာ ဖြစ်ပြီး ကြွက်နို့ကဲ့သို့သော အသားပိုတွေ ဖြစ်လာနိုင်ကာ ဒီအသားပိုမှ ပြည်အရည်ကြည်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီကင်ဆာမျိုးက ဖြစ်ပွားတာရှားပါတယ်။

လိင်တံမှာ ရောဂါ ဖြစ်နေပြီဆိုရင် ဘာလက္ခဏာတွေကို အရင်တွေ့ရမလဲ။

အောက်ပါ ဝေဒနာတွေ ခံစားနေရမယ်ဆိုရင်တော့ လိင်တံရောဂါ ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်ထံအမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။

  • သုက်ထွက်မှု ပုံစံပြောင်းလဲလာခြင်း၊
  • ဆီးသွားချိန်၊ သုက်ထွက်ချိန်သွေးထွက်ခြင်း။
  • လိင်တံဧရိယာ နားတစ်ဝိုက်မှာ အသားပိုများ၊ အဖုများ၊ အနာများနဲ့ အနီကွက်များ ဖြစ်ပေါ်လာခြင်း။
  • လိင်ဆက်ဆံချိန်မှာ ဒုက္ခရောက်လောက်အောင် လိင်တံနာကျင်ခြင်း၊ လိင်တံ ကွေးနေခြင်း။
  • ဆီးသွားချိန် ပူစပ်ပူလောင် ခံစားရခြင်း။
  • လိင်တံမှ စွန့်ပစ်အရည်များထွက်ခြင်း။
  • လိင်တံထိခိုက်ဒဏ်ရာမှု အပြီးမှာ ပြင်းထန်စွာ နာကျင်ခြင်း။
  • လူကြီးပိုင်းအရွယ်မှာ လိင်စိတ်ဆန္ဒ ရုတ်တရက်များပြားလာခြင်း။
  • လိင်စိတ်ဆန္ဒ ရုတ်တရက် နည်းပါးလာခြင်း။

လိင်တံ ကျန်းမာဖို့အတွက် ကျွန်တော် ဘာတွေ လုပ်ရမလဲ။

လိင်တံရဲ့ ကျန်းမာရေးနဲ့ သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဆိုင်ရာ ကျန်းမာဖို့ အတွက်အောက်ပါ အချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

လိင်ဆက်ဆံရာမှာ တာဝန်ယူမှု အပြည့်ရှိခြင်း။

လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံး အသုံးပြုခြင်း၊ သို့မဟုတ် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ၁၀၀ ရာခိုင်နှုန်း မရှိဘူးဆိုတာ သေချာအောင် စစ်ဆေးထားတဲ့ ကိုယ့်ရဲ့ ဇနီး ဖြစ်သူနဲ့သာ ပေါင်းဖော်ခြင်းကိုသာ ပြုလုပ်ပါ။

ကာကွယ်ဆေးထိုးခြင်း။

သင်ဟာ ၂၆ နှစ်နဲ့ အောက်တိုရင် human papillomavirus (HPV) ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါ အသားပိုဖြစ်ပေါ်လာခြင်းကို ကာကွယ်လို့ရပါတယ်။

ကိုယ်လက်အားကစားလုပ်ပါ။

သင်တင့်မျှတတဲ့ ကိုယ်လက် အားကစားလုပ်ခြင်းဖြင့် သင့်အနေနဲ့ ထောင်မတ်မှု ပြဿနာတွေ ဖြစ်ပေါ်လာခြင်းကို သိသိသာသာ လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ ကျန်းမာရေး ပုံမှန် ဂရုစိုက်ပါ။

သင်ဟာ လိင်တံ ထိပ်ငုံ အရေပြား မဖြတ်ထားဘူးဆိုရင် သင့်ရဲ့ လိင်တံထိပ်ငုံအရေပြားအောက်က နေရာတွေကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါအပြင် လိင်ဆက်ဆံပြီးချိန်မှာလည်း လိင်တံထိပ်ငုံအရေပြားကို ပုံမှန်နေရာ ရောက်အောင် ပြန်ထားဖို့ လိုပါတယ်။

သောက်သုံးရတဲ့ ဆေးဝါးတွေကို ဂရုစိုက်ပါ။

တစ်ခြားသော ရောဂါတွေ ရှိနေတဲ့အတွက် ပုံမှန်ဆေးဝါးတွေ မှီဝဲနေရတယ်ဆိုရင်လည်း ဒီဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပါ။

စိတ်ကျရောဂါနဲ့ တစ်ခြားသော စိတ်ရောဂါတွေ ခံစားရမယ်ဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ မထိခိုက်စေနိုင်ဖို့ အမြန်ဆုံး ကုသသင့်ပါတယ်။

အရက်သောက်တာ လျှော့ပြီး ဆေးလိပ်ဖြတ်ပါ။

သင်ဟာ ဆေးလိပ်သောက်တတ်သူတစ်ယောက်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း မထိခိုက်စေချင်ဘူးဆိုရင် ဆေးလိပ်ဖြတ်ဖို့ အတွက် ပထမဆုံး ခြေလှမ်းလှမ်းတဲ့အနေနဲ့ ဖြတ်ဖို့ ဆုံးဖြတ်ပြီး ဆရာဝန်များထံမှ အကူအညီတောင်းပါ။ ဒါ့အပြင် အရက် အလွန်အကျွံသောက်သုံးခြင်းဟာ တက်စတို စတီရုန်းဟော်မုန်း ပမာဏကို နည်းပါးစေတဲ့ အတွက် တစ်နေ့ကို နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။

ကျန်းမာရေး အတွက် ကိုက်ညီတဲ့ ရွေးချယ်မှုတွေကို အမြဲပြုလုပ်ပါ။

ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန်အတိုင်းထားရှိခြင်းဟာ ကိုလက်စထရော ပမာဏများပြားခြင်း၊ သွေးဖိအားများခြင်းနဲ့ ဆီးချိုရောဂါ အမျိုးအစား ၂ ဖြစ်ခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။ ဒါအပြင် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းကလည်း လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာကို လျှော့ကျစေပါတယ်။

လိင်တံမှာ ဖြစ်တတ်တဲ့ ပြဿနာတွေအားလုံးဟာ ကြိုတင်ကာကွယ်ထားလို့မရပါဘူး။ ဒါပေမဲ့ လိင်တံကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပုံမှန်စစ်ဆေးနေခြင်းက သင့်လိင်တံရဲ့ ကျန်းမာရေး အခြေအနေကို ပိုအကဲခတ်ရလွယ်ကူစေပြီး ပြောင်းလဲမှုတွေကို သတိထားမိစေလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို စစ်ဆေးခြင်းဖြင့် လိင်တံကျန်းမာရေး အပေါ် သက်ရောက်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း အမြန်ဆုံး ကုသနိုင်စေမှာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ သင့်အနေနဲ့ လိင်တံနဲ့ ပတ်သတ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ရမှာ ရှက်နေတယ်ဆိုရင် အရှက်တရားကြောင့် သင့်ရဲ့ ကျန်းမာရေးကို မထိခိုက်ပါစေနဲ့ လို့ကျွန်တော် တိုက်တွန်းလိုပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတျ 23, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 23, 2018

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။