ကင်ဆာဆိုလည်း အရမ်းမလန့်သွားလိုက်ပါနဲ့ ကိုယ့်လူတို့ရေ။ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် အမြစ်ပြတ်ပျောက်ကင်းဖို့ လွယ်ကူတဲ့ ရောဂါဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ့်လူတို့ ကျန်းမာရေးအသိမနှေးရလေအောင် ဝှေးစေ့ကင်ဆာအကြောင်း တင်ပြပေးလိုက်ပါတယ်။
ဝှေးစေ့ကင်ဆာဆိုတာ ဘာလဲ။
ဝှေးစေ့တစ်လုံး သို့မဟုတ် နှစ်ဖက်လုံးမှာ အစပြုတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ ဝှေးစေ့သည် အမျိုးသားလိင်တံအောက် ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေပြီး အောက်ကို တွဲကျနေတတ်ပါတယ်။ အဓိကတာဝန်ကတော့ ကျန်းမာတဲ့သုက်ပိုးတွေကို ထုတ်လွှတ်ပေးဖို့၊ မျိုးအောင်စေဖို့နဲ့ ကျားဟော်မုန်းတွေ ထုတ်လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဝှေးစေ့အတွင်းမှာရှိတဲ့ သုက်ပိုးထုတ်လွှတ်ပေးတဲ့ ဆဲလ်တွေ (Germ Cells) မှာ အကျိတ်ဖြစ်ပေါ်ရာကနေ ကင်ဆာအမြစ်တွယ်လာပါတယ်။ ဝှေးစေ့ဆဲလ်အတွင်း ကင်ဆာဖြစ်စေတဲ့ အကျိတ်တွေကတော့
၁။ Seminomas – ဖြည်းဖြည်းချင်း အမြစ်ပွားလာပြီး ဝှေးစေ့ကနေ ပြန်ရည်ကြောထိ ပျံ့သွားနိုင်ပါတယ်။
၂။ Nonseminomas – ပိုပြီး အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား ဖြစ်ပြီး ပျံ့တာလည်း မြန်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ။
အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါဖြစ်ပြီး အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဝှေးစေ့သာမက တခြားကိုယ်တွင်းအင်္ဂါတွေထိ ပျံ့နှံ့သွားတဲ့တိုင်အောင် ကုသပျောက်ကင်းဖို့ လွယ်ကူတဲ့ ကင်ဆာရောဂါတွေထဲမှာ ပါဝင်ပါတယ်။
- ဖခင် သို့မဟုတ် အဘိုးဆီမှ ရောဂါမျိုးရိုးလိုက်တာ
- ဝှေးစေ့အနေအထား ပုံမှန်မဟုတ်တာ
- ဝှေးစေ့က အောက်ကိုတွဲကျမနေဘဲ ဗိုက်ထဲမှာရှိနေတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။
ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။
တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာလုံးဝမပြတာမျိုးရှိပေမဲ့ များသောအားဖြင့်
- ဝှေးစေ့က အောင့်ပြီးနာကျင်နေတာ
- နေရထိုင်ရခက်တာ
- ဝှေးစေ့ပတ်လည်မှာ ဖောရောင်နေတာ
- ချက်အောက်ဘက် သို့မဟုတ် ခါးနာတတ်တာ
- ရင်သားတစ်ရှူးကြီးထွားပြီး နို့ဆူလာတာ စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
ကိုယ့်မှာရောဂါရှိကြောင်း ဘယ်လိုစစ်ဆေးမလဲ။
၁။ အပေါ်မှာပြောထားခဲ့တဲ့ ရောဂါလက္ခဏာတွေ ခံစားရပြီဆိုရင် ခွဲစိတ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသဖို့လိုပါတယ်။
၂။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာတွေကို မေးမြန်းပြီးတဲ့အခါ လိင်အင်္ဂါနဲ့ ဝှေးစေ့မှာ ပုံမှန်မဟုတ်တဲ့အနေအထားရှိလား၊ ရောင်နေလား၊ အကျိတ်အဖုဖြစ်နေလားဆိုတာ ကိုင်တွယ်စစ်ဆေးမှာဖြစ်ပါတယ်။
၃။ ဝှေးစေ့ရဲ့ အတွင်းနံရံဖွဲ့စည်းပုံတွေကို အသေးစိတ်ကြည့်မြင်နိုင်ဖို့ အာထရာဆောင်းရိုက်ကြည့်ပါမယ်။
၄။ Tumor markers တွေ ဖြစ်တဲ့ alpha-fetoprotein သို့မဟုတ် beta-human chorionic gonadotropin မြင့်တက်လာခြင်းရှိမရှိကို သွေးဖောက်စစ်ကြည့်မှာ ဖြစ်ပါတယ်။
၅။ ကင်ဆာလို့ သေချာသလောက်ရှိတဲ့အခါ ဝှေးစေ့တစ်လုံးကို ဖယ်ထုတ်ကြည့်ပြီး တစ်ရှူးနမူနာကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ဝှေးစေ့ကို ဖယ်ထုတ်ပြီးမှ စစ်ကြည့်လို့ရမှာဖြစ်ပါတယ်။
၆။ တင်ပါးဆုံရိုး၊ ဝမ်းဗိုက်အတွင်း ကိုယ်တွင်းအင်္ဂါတွေကို ကင်ဆာဆဲလ် ပျံ့နှံ့သွားလားဆိုတာ CT Scan ရိုက်ကြည့်ပြီး လူနာရဲ့ ကင်ဆာအဆင့်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။
- အဆင့် (၁) ဝှေးစေ့အတွင်းမှာသာ ကင်ဆာဆဲလ်ရှိခြင်း
- အဆင့် (၂) ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကြောအတွင်းသို့ ပျံ့နှံ့နေသောအဆင့်
- အဆင့် (၃) အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုးအဆစ်တွင်း ကင်ဆာဆဲလ်များ ပျံ့နှံ့သွားသောအဆင့် ဆိုပြီး ၃ဆင့် သတ်မှတ်လို့ရပါတယ်။
ကင်ဆာကုသတဲ့အခါ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုနိုင်လဲ။
၁။ ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားခြင်း
ကင်ဆာဆဲလ်ပျံ့နှံ့နေတဲ့ ဝှေးစေ့ (တစ်လုံး သို့မဟုတ် နှစ်ဖက်လုံး) အပြင် သူ့အနားမှာရှိနေတဲ့ ပြန်ရည်ကြော တချို့ကို ခွဲစိတ်ပြီး ဖယ်ရှားကာ ကင်ဆာဆဲလ် ထပ်မပျံ့သွားစေဖို့ လုပ်ဆောင်ပေးပါတယ်။
၂။ ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy)
ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်ဖြင့် ဝှေးစေ့အတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
၃။ ကင်ဆာကုထုံး (Chemotherapy)
ဝှေးစေ့ကင်ဆာ အဆင့် (၃) လိုအခြေအနေမျိုးမှာ ကင်ဆာကုထုံးဖြင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ နည်းစနစ်တကျ ဆေးထိုး၊ ဆေးသောက်ပြီး ဒီဆေးတွေက သွေးကြောမှတစ်ဆင့် ဖြတ်သန်းကာ ကင်ဆာဆဲလ်တွေကို သေစေပါတယ်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပေမယ့် လွန်စွာထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ကင်ဆာကုထုံးဖြင့် ကုသမှုအပြီးမှာ ကျန်းမာတဲ့သွေးဆဲလ်တွေကို ပြန်လည်ထုတ်လုပ်ပေးနိုင်ဖို့ ကိုယ်ခန္ဓာက အလိုအလျောက်လုပ်ဆောင်ပေးပါတယ်။
ဒီရောဂါဟာ ကုသပျောက်ကင်းဖို့ လွယ်ကူတယ်ဆိုပေမဲ့ လူနာအနေနဲ့ ဝှေးစေ့ကို ဖယ်ထုတ်ဖို့လိုအပ်တာကြောင့် ကလေးယူတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဘယ်လိုကုသမှုနည်းလမ်းတွေကို ခံယူသင့်လဲဆိုတာ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။