backup og meta

ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

    ကင်ဆာရောဂါ ခံစားရတဲ့အခါ လူအများစုက ကုသမှု မခံလိုကြပါဘူး။ အကြောင်းက ကင်ဆာဆိုတာနဲ့ သေဆုံးနိုင်တယ်၊ လပိုင်းလောက်ပဲ ခံတော့မယ်လို့ ယူဆထားကြလို့ပါ။ နောက်တစ်ခုကတော့ ကင်ဆာကုသမှု တွေကို ကြောက်လို့ပါ။ ကင်ဆာကုထုံးခံယူသူတွေက ဆံပင်တွေ ကျွတ်တာ၊ အစားမဝင်တဲ့ ပိန်သွားတာတွေကို တွေ့မြင်ထားဖူးတဲ့အတွက်  ကုသမှ ပိုဆိုးသွားမလား။ ဒီတိုင်းလေး သက်သောင့်သက်သာ ထွက်သွားလိုက်တာက ပိုကောင်းမလားလို့ ခံစားမိလို့ပါ။

    ဒီအကြောင်းတွေကြောင့် အများစုက ကင်ဆာရောဂါခံစားရရင်တောင့် ကုသမှု ခံယူဖို့ နှောင့်နှေးကြတာပါ။ ဒီလိုနဲ့ပဲ ကင်ဆာရောဂါကို စောစောသိရင်တောင် ကုသရမှာ ကြောက်နေတာနဲ့ပဲ အချိန်တွေ နောက်ကျကုန်ပါတယ်။ ကင်ဆာရောဂါ ကုထုံးတွေနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။

    ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

    • ကင်ဆာကုသမယ်ဆိုရင် ဆေးရုံမှာ ရက်ရှည်နေရမယ်။

    ကင်ဆာကုသမယ်ဆိုတိုင်း အမြဲဆေးရုံမှာ နေရမှာတော့ မဟုတ်ပါဘူး။ ခွဲစိတ်တဲ့အခါလောက်ပဲ ဆေးရုံတက်ရမှာပါ။ ကျန်တဲ့ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာတွေကိုတော့ ဆေးရုံရက်ချိန်းပြသလိုပဲ လာပြရင် ရပါပြီ။ လိုအပ်မှ ဆေးရုံတက်ရတာပါ။

    အချိန်အများစုကို အိမ်မှာ သက်သောင့်သက်သာနေလို့ရပါတယ်။ ကင်ဆာကုထုံးခံယူနေရင်းနဲ့လည်း အလုပ်လုပ်လို့ရပါတယ်။ လူနာကလည်း လုပ်နိုင်တယ်။ အလုပ်ကလည်း ကုထုံးကို အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဆက်လုပ်လို့ရပါတယ်။

    ဆိုလိုတာက လူနာတစ်ယောက်လို အမြဲတရှောင်ရှောင် နေစရာ မလိုပါဘူး။ နေ့စဉ်အလုပ်တွေ လုပ်သွားရင်းနဲ့ပဲ ကင်ဆာကုထုံးကို ခံယူနိုင်ပါတယ်။

    • အသားစယူတာက ကင်ဆာဆဲလ်တွေကို ပြန့်သွားစေတယ်။

    အထူးသဖြင့်တော့ ရင်သားအကျိတ်တွေမှာ ကင်ဆာဟုတ်မဟုတ် သိရအောင် အပ်နဲ့ အသားစယူပြီး စစ်ဆေးရတတ်ပါတယ်။ ဒီလို စစ်ဆေးတာက ကင်ဆာဆဲလ်တွေကို ပြန့်စေတယ်လို့ မှားသိထားကြပါတယ်။

    ခုချိန်ထိတော့ ဒီလိုမျိုး အသားစယူတာကြောင့် ကင်ဆာဆဲလ်တွေပြန့်တယ်ဆိုတဲ့ တိကျတဲ့ အချက်အလက်မရှိသေးပါဘူး။

    တချို့စိတ်ထဲမှာ ကင်ဆာကျိတ်ကို ခွဲလိုက်ကာမှ အထဲက ဆဲလ်တွေ ပြန့်သွားမလား။ ဒါကြောင့်  သူနဲ့ ဝေးတဲ့ တခြားအင်္ဂါရပ်တွေ (အသည်းတို့၊ အဆုတ်တို့)ကို ပြန့်သွားတာလားလို့ ထင်တတ်ပါတယ်။ ဒါကလည်း အသားစယူသလိုပဲ တိကျတဲ့ သက်သေပြချက်မရှိပါဘူး။ ဒီလိုထင်ရတာက ကင်ဆာခွဲစိတ်ပြီးခါစမှာ လူနာက နေလို့မကောင်းတဲ့ လက္ခဏာတွေ ခံစားရလို့ပါ။

    ခွဲစိတ်ပြီး ကင်ဆာကျိတ်ကို ဖယ်တာက လက်တွေ့ကျတဲ့ ကုသမှုပါ။ ဒါကို မှားပြီး ကင်ဆာပြန့်မှာစိုးလို့ မခွဲဘဲနေမယ်ဆိုရင် နောက်ပိုင်းမှာ ကင်ဆာတွေ ပြန့်၊ အဆင့်တွေ တက်ပြီး ခွဲရပိုခက်လာပါလိမ့်မယ်။

    ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ

  • ကင်ဆာကုသမှုအတွက် Special dietဆိုတာတွေ ရှိတယ်။
  • ဘာကင်ဆာ ညာကင်ဆာတွေအတွက် ဒီအရွက် ပြုတ်သောက်၊ ဟိုအရွက်သုပ်စားဆိုတာတွေကို မကြာခဏကြားဖူးမှာပါ။ ဒါဆေးမြီးတိုတွေပါ။ ဒီနေရာမှာ တိုင်းရင်းဆေးနဲ့ ဆေးမြီးတိုနဲ့ကို ခွဲမြင်တတ်ဖို့ လိုပါတယ်။ တိုင်းရင်းဆေးဆိုတာ အနောက်တိုင်းဆေးတွေလိုပဲ စည်းကမ်းသတ်မှတ်ချက်တွေ၊ ဆေးပမာဏတွေ၊ ပေးရ မပေးရတဲ့ ဆေးတွေ အတိအကျရှိပါတယ်။

    ဆေးမြီးတိုကတော့ ဒီလို မဟုတ်ပါဘူး။ ဘာအရွက်ကို စားလိုက်ဆိုတာပဲ ပါပြီး ဘယ်သူကတော့ စားသင့်တယ်၊ မစားသင့်ဘူး။ တစ်ခါစားရင် ဘယ်လောက်ပမာဏနဲ့ ဘယ်နှရက်ကြာအောင်  စားသင့်တယ်ဆိုတာတွေ မပါပါဘူး။ သဘာဝအရွက်တွေကို စားခိုင်းတိုင်း တိုင်းရင်းဆေးလို့ မထင်သင့်ပါဘူး။ သဘာဝအရွက်တွေ ဆိုပေမယ့် ဓာတုနည်းအရ အဆိပ်အတောက်တွေ မဖယ်ထားရင် ကြာကြာစားတဲ့အခါ ခန္ဓာကိုယ်ကို ဝန်ပိပါတယ်။

    ဒီလို အရွက်တွေ၊ အခေါက်တွေကို ပြုတ်သောက်ပြီး အဆိပ်အတောက်တွေကြောင့် ကျောက်ကပ်ထိတဲ့အခါ ဆက်ပြီး ဆေးသွင်းလို့ မရတာတွေ၊ ကုသဖို့ ပိုခက်သွားတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးနဲ့ပဲ ကုကု၊ အနောက်တိုင်းဆေးနဲ့ပဲ ကုကု တတ်ကျွမ်းသူနဲ့ပဲ ကုဖို့ အကြံပြုလိုပါတယ်။

    • ကင်ဆာကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပြင်းထန်ပြီး သေစေနိုင်တယ်။

    ကင်ဆာဆဲလ်တွေရဲ့ လက္ခဏာတစ်ခုက အပွားများတာပါ။ ခန္ဓာကိုယ်မှာ ရှိတဲ့ တခြားဆဲလ်တွေမှာလည်း ဒီလိုအပွားများတဲ့ ဆဲလ်တွေ ရှိပါတယ်။ ဥပမာ အရေပြားဆဲလ်တွေ၊ အူလမ်းကြောင်းက ဆဲလ်တွေ၊ ဆံပင်တွေပါ။ သူတို့ရဲ့ သဘာဝကိုက ပွားလိုက်၊ ပျက်လိုက် ဖြစ်နေရပါတယ်။

    ကင်ဆာကုထုံးအတွက် ဆေးသွင်းတဲ့အခါ ဆေးတွေက ခန္ဓာကိုယ်က အပွားများတဲ့ ဆဲလ်တွေမှန်သမျှကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေအပြင် ဆဲလ်အကောင်းတွေပါ ထိခိုက်ပြီး အရေပြားမှာ အနာတွေ ဖြစ်တာ၊ ဝမ်းလျှောတာ၊ ဆံပင်တွေ ကျွတ်တာ ဖြစ်တာပါ။ နောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့ Targeted therapyဆိုတာတွေ ပေါ်လာတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေက ဒီလောက် မပြင်းထန်တော့ပါဘူး။

    Takeaway

    ကင်ဆာလူနာတစ်ယောက် ဆေးကုသဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဆရာဝန်တွေအနေနဲ့ ဝမ်းသာရပါတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ကင်ဆာဆိုတာနဲ့ သေနိုင်တယ်၊ ကုမရဘူးဆိုပြီး အလွယ်တကူ လက်လျော့သွားကြလို့ပါ။ ဒီလိုမျိုး လက်လျော့ချင်ရတဲ့အထဲမှာ သတင်းမှား၊ အသိမှားတွေကြောင့် ကင်ဆာကို ကုဖို့ ပိုကြောက်သွားရင် လူနာအတွက် ပိုနစ်နာပါတယ်။ တချို့ဆို အလွယ်ကုလို့ရနိုင်တဲ့ ရောဂါနုတဲ့အဆင့်မှာပဲ ရှိသေးလို့ပါ။

    ဒါကြောင့် ကင်ဆာရောဂါနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကုထုံးတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် သူများပြောတိုင်း မယုံဘဲ စိတ်ချရတဲ့နေရာတွေကနေ လေ့လာဖို့၊ တတ်ကျွမ်းသူတွေကို မေးမြန်းဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement