backup og meta

ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား

    WHO ရဲ့ ၂၀၂၀ စာရင်းတွေအရ အာရှတိုက်တစ်ခုတည်းမှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ လူနာ ၉.၅ မီလီယမ် ရှိပါသတဲ့။ ဒါက ကမ္ဘာမှာ ရှိရှိသမျှသော ကင်ဆာလူနာတွေရဲ့ တစ်ဝက်နီးနီး ရှိပါတယ်။ ဒီထဲမှာ ၅ မီလီယမ်လောက်က ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာခံတွင်းကင်ဆာတွေဖြစ်ပြီး ပိုပြီး စိတ်မကောင်းစရာက ဒီကင်ဆာတွေက စောစောသိရင် ကုသလို့ရတဲ့ ကင်ဆာတွေ ဖြစ်နေတာပါပဲ။

    ကင်ဆာရောဂါက အသေအပျောက်များတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း တိုးတက်လာတဲ့ ဆေးပညာကြောင့် ကြိုတင်စစ်ဆေးတာ၊ ရောဂါရှာဖွေတာတွေကို တိတိကျကျ လုပ်လာနိုင်တာကြောင့် လူနာတွေရဲ့ အသက်ရှင်နှုန်းလည်း များလာပါတယ်။ ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်ဆိုရင် ဆေးကုရတဲ့ စရိတ်စကလည်း သက်သာပြီး ကုသရတာလည်း ပိုလွယ်ပါတယ်။

    ဒါကြောင့် ကင်ဆာရောဂါကို စောစောသိရှိဖို့က လူနာတွေရဲ့ အသက်ရှင်နှုန်းနဲ့ နာလန်ထနှုန်းပေါ် အများကြီးသက်ရောက်မှု ရှိနေပါတယ်။ စောစောသိတဲ့လူနာရဲ့ အသက်ရှင်နှုန်းက နောက်ကျမှ သိတဲ့ လူနာရဲ့ ရှင်နှုန်းထက် အများကြီး ကွာနေတာကို တွေ့လာရပါတယ်။

    ကင်ဆာရောဂါကို စောစောသိနိုင်ပါ့မလား။

    ကင်ဆာရောဂါကို စောစောသိနိုင်ဖို့ Screening လို့ခေါ်တဲ့ ကြိုတင်စစ်ဆေးတာတွေ လုပ်နိုင်ပါတယ်။ လက္ခဏာတွေ မပြခင်၊ ကင်ဆာဆဲလ်တွေ တခြားကို မပြန့်ခင်မှာ Screening လုပ်ပြီး စောစောစီးစီး သိရှိလိုက်တာက ကုသမှုကို အများကြီး အထောက်အကူပြုပါတယ်။

    အပြင်ပန်းမှာ ဘာလက္ခဏာမှမခံစားရဘဲ လူကောင်းပုံစံ ဖြစ်နေပေမယ့်လည်း ပုံမှန်ဆေးစစ်ဖို့တော့ လိုပါတယ်။  အထူးသဖြင့် အောက်ပါအချက်တွေ ရှိနေရင် ဘာလက္ခဏာမှ မပြလည်း စစ်ရမှာပါ။

    ကင်ဆာရောဂါတွေ တော်တော်များများက မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်မှာ ကင်ဆာတစ်မျိုးမျိုး ဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဖြစ်လာခဲ့ရင် စောစောသိအောင် ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

  • စားသောက်နေထိုင်မှု ပုံစံနဲ့ ရောဂါအခံ
  • အသက်ကြီးလာတာ၊ နဂိုရောဂါအခံတွေ ရှိနေတာ၊ ဆေးလိပ်၊ အရက်သောက်တတ်တာ စတဲ့ အချက်တွေကလည်း ကင်ဆာရောဂါကို ကြိုတင်စစ်ဆေးဖို့ လိုတယ်လို့ ပြောနေတဲ့ အချက်တွေပါပဲ။

    ဥပမာ အမျိုးသမီးတွေက အသက် ၄၀ကျော်လာပြီဆိုရင် ရင်သားဓာတ်မှန်ရိုက်သင့်ပါပြီ။ ၄၅- ၅၅နှစ်ကြားဆိုရင် တစ်နှစ်တစ်ခါလောက် ရိုက်သင့်ပြီး ၅၅နှစ်နဲ့ အထက်ဆိုရင်တော့ ၂နှစ်တစ်ခါရိုက်သင့်ပါတယ်။ ဒါက မျိုးရိုးရှိရှိ၊ မရှိရှိ၊ လက္ခဏာ ပြပြ မပြပြ ပုံမှန်လုပ်ရမယ့် စစ်ဆေးမှုပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် ၂၁နဲ့ ၆၅နှစ်ကြား အမျိုးသမီးတွေ ဆိုရင်လည်း ၃နှစ် ဒါမှမဟုတ် ၅နှစ်တစ်ခါလောက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ အချွဲယူတာ လုပ်သင့်ပါတယ်။

    နောက်ပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေများသူတွေ  (အသက် ၅၅-၇၄နှစ်ကြား လက်ရှိ ဒါမှမဟုတ် အရင်က ဆေးလိပ်သောက်ဖူးတာ၊ လွန်ခဲ့တဲ့ ၁၅နှစ်က ဆေးလိက်ဖြတ်ထားတာ) ကလည်း ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး အဆုတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

    ကင်ဆာရောဂါကို စောစောသိရတာ ကောင်းသလား

    ကင်ဆာရောဂါကို စောစောသိရခြင်းရဲ့ ကောင်းကျိုး

    • ကုသမှု စရိတ်သက်သာစေပါတယ်။

    စောစောသိရင် ကုသမှု စရိတ်သိသိသာသာ သက်သာပါတယ်။ WHO အဆိုအရ ကင်ဆာရောဂါကို စောစောစီးစီး သိမယ်၊ စောစောကုမယ်ဆိုရင် ကုရတာလည်း ပိုလွယ်ပြီး စျေးလည်းသက်သာပါတယ်တဲ့။

    စျေးသက်သာရုံပဲလားဆိုတော့ မြန်မြန်နာလန်ထနိုင်ခြေများလို့ အရင်လို အလုပ်ပြန်လုပ်နိုင်ပြီး ငွေလည်း ပြန်ရှာနိုင်ပြီး မိသားစုကိုလည်း ဆက်လက်ထောက်ပံ့နိုင်ပါတယ်တဲ့။ ဒါကြောင့် စောစောသိမယ်ဆိုရင် အိမ်ရောင်း၊ ခြံပေါင်ပြီး ဆေးကုရတဲ့ အဖြစ်က လွတ်ကင်းမှာပါ။

  • အသက်ရှင်ဖို့ ရာခိုင်နှုန်းများတယ်။
  • ကင်ဆာက ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံးရောဂါတွေထဲက တစ်ခုဆိုပေမယ့် စောစောသိလို့ ကုသမယ်ဆိုရင် အသက်ရှင်နှုန်းက သိသိသာသာ တက်လာပါတယ်။ အိန္ဒိယမှာ လုပ်တဲ့ လေ့လာချက်မှာဆိုရင် သားအိမ်ခေါင်းကင်ဆာ ခံစားနေရတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါ အဆင့် (၁) အခြေအနေမှာ ကုတဲ့သူရဲ့ ၇၈%က ၅နှစ်ကျော်အောင် နေနိုင်ပြီး အဆင့် (၄) မှ ကုသသူတွေရဲ့ ၉%လောက်ကပဲ ၅နှစ်ကျော်အောင် နေနိုင်ကြပါတယ်။

    (ကင်ဆာမှာ အသက်ရှင်နှုန်းကို 5 years survival rate နဲ့ ဖော်ပြလေ့ရှိပါတယ်။ ၅နှစ်ပဲ အသက်ရှင်တယ်လို့ ဆိုလိုခြင်း မဟုတ်ပါ။)

    ကင်ဆာတွေကို ကြိုတင်စစ်ဆေးတယ် screeningလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ စောစောသိ၊ စောစောကုပြီး အသက်ရှည်ရှည် နေစေချင်လို့ပါ။ နောက်ကျမှသိလို့ အကုနောက်ကျရင် အသက်ရှင်နှုန်းလည်း နည်းသလို၊ ကုသရတဲ့ စရိတ်စကလည်း ပိုကုန်လာပါတယ်။ ပိုပြီး ခက်ခဲတဲ့ ကုထုံးတွေနဲ့လည်း ကုသရပါတယ်။

    • ဘဝမှာ နေပျော်စေတယ်။

    ကင်ဆာရောဂါကို စောစောသိ၊ စောစောကုတာက အသက်ရှည်စေချင်ရုံတင် မဟုတ်ပါဘူး။ Quality of life လို့ခေါ်တဲ့ သက်သောင့်သက်သာ နေရတဲ့ ဘဝလည်း ဖြစ်စေပါတယ်။ အသက်တော့ ရှိနေပါရဲ့။ အိပ်ရာပေါ်မှာ အကြာကြီး လှဲနေရတယ်။ နာကျင်မှုတွေ  ခံစားနေရတယ်။ သူများကို အားကိုးပြီး နေနေရတယ်ဆိုရင် နေပျော်မှာ မဟုတ်ပါဘူး။ စောစောကုသမှု ခံယူတာက ဒီပြဿနာတွေကိုလည်း လျော့နည်းစေပါတယ်။

    Takeaway

    ကင်ဆာတွေကို ကြိုတင်စစ်ဆေးဖို့ ပြောရင် လူနာတွေဆီက ပြန်ကြားရတာက ဖြစ်ခါမှ ဖြစ်ရော၊ မစစ်ချင်ဘူး။ စစ်လိုက်မှ တွေ့နေဦးမယ် ဆိုတာပါ။ မတွေ့ရင် ပိုကောင်းပေမယ့် တွေ့လာတော့လည်း စောစောကုလို့ဖို့ အခွင့်အရေးရတယ်လို့ပဲ မှတ်ပါတယ်။ ကင်ဆာဆိုတာက ကြာလေပွားလေ၊ ဆိုးလေမို့လို့ ဒီတိုင်း ငုတ်တုတ် ခံမလား ဒါမှမဟုတ် စောစောကုပြီး ပုံမှန်ဘဝကို မြန်မြန်ပြန်သွားမလားဆိုတာကို လူနာတွေအနေနဲ့ ရွေးချယ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement