backup og meta

ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ

    ကင်ဆာကုထုံး တွေက အမျိုးမျိုးရှိပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသရပုံခြင်းလည်း မတူပါဘူး။ ကင်ဆာချင်းတူရင်တောင် ရောဂါအခြေအနေချင်း မတူရင် ကုရတဲ့ ကုထုံးတွေ ကွဲပြားနိုင်ပါတယ်။ ကင်ဆာကုထုံးတွေ ရွေးချယ်တဲ့အခါ ဆရာဝန် ဒါမှမဟုတ် လူနာတစ်ယောက်တည်းက ဦးဆောင်ပြီး ဆုံးဖြတ်သွားတာထက် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာက ကုသမှုကို ပိုပြီး အကျိုးရှိစေပါတယ်။

    ကင်ဆာကုထုံး တွေကို ဒီလိုရွေးချယ်ပါ။

    • အချိန်ယူစဉ်းစားပါ။

    ကင်ဆာတွေက အချိန်ကြာလေ ပြန့်လေဆိုပေမယ့် ကုမယ်ဆိုရင်တော့ အချိန်ယူပြီး စိတ်ရှည်ရှည် စဉ်းစားသင့်ပါတယ်။ ဆရာဝန်ရွေးတာ၊ ဆေးရုံရွေးတာ၊ ကုထုံးရွေးတာစတာတွေကိုတော့ အချိန်လေးပေး၊ သေချာစုံစမ်းပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

    • ဘယ်သူဆုံးဖြတ်ချက်ချမှာလဲဆိုတာ စဉ်းစားထားပါ။

    ကုထုံးတွေကို ရွေးချယ်ရတဲ့အခါ ဘယ်သူ့ဆုံးဖြတ်ချက်က အတည်လဲဆိုတာက ကြိုစဉ်းစားထားပါ။ တကယ်ဆို အသက်ပြည့်ပြီး လူနာက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အမေကို မေးဦးမယ်၊ ဦးလေးကို စောင့်ပါဦး၊ ရွာက ဘုန်းဘုန်းပြောတဲ့အတိုင်းပဲဆိုရင် ကုမယ် မကုဘူးနဲ့ ဗျာများရပါတယ်။ ရှင်းပြပေးတဲ့ ဆရာဝန်လည်း ကြာတော့ စိတ်မရှည်တော့ပါဘူး။

    နောက်တစ်ခုက ဆရာကောင်းသလို စီစဉ်ပါ ဆိုပြီး ဆရာဝန်လက်ထဲ ဝကွက် အပ်လို့ မရပါဘူး။ ဆရာဝန်တွေက ကုထုံးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ သင့်တော်တာကိုပဲ လမ်းညွှန်ပေးလို့ရပါတယ်။ လူနာအစား ဆုံးဖြတ်ချက်ချပေးလို့ မရပါဘူး။

    • ကိုယ့်ရောဂါအကြောင်းကို သေချာနားလည်ပါစေ။

    ကိုယ့်မှာ ဖြစ်နေတာ ဘာကင်ဆာလဲ။ ဘယ်အဆင့်ရောက်ပြီလဲ။ ကုရင် အသက်ရှင်နှုန်း ဘယ်လောက်လဲ။ ဘယ်လိုတွေ ကုလို့ရလဲ စသဖြင့် ရောဂါနဲ့ ပတ်သက်ပြီး တိတိကျကျသိအောင် ကြိုးစားပါ။ ကုပေးနေတဲ့ ဆရာဝန်ကို မေးမြန်းပါ။ အင်တာနက်ကနေ ရှာမယ်ဆိုလည်း စိတ်ချရတဲ့ ဝဘ်ဆိုက်ကနေပဲ ရှာပါ။

    • ဘယ်အခြေအနေထိ ရောက်အောင် ကုမှာလဲဆိုတာကို သိပါစေ။

    ကင်ဆာတိုင်းက တစ်ခါတည်း ပျောက်အောင် ကုလို့ရတာမျိုး မဟုတ်ပါဘူး။ နုသေးရင် ပျောက်အောင် ကုဖို့ ရည်ရွယ်လို့ရပေမယ့် တခြားနေရာကို ပြန့်နေတဲ့ ကင်ဆာဆိုရင်တော့ လူနာကို ဝေဒနာသက်သာအောင်ပဲ လုပ်ပေးလို့ရတော့မှာပါ။ ဒါကြောင့် ကိုယ့်ကင်ဆာက ဘာအတွက်ကုတာလဲဆိုတာကို သိဖို့ လိုပါတယ်။ တော်ကြာ ကုသာကုနေရတာ ပျောက်လည်း မပျောက်ဘူးဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။

  • ကုလို့ရတဲ့ ကုထုံးတွေကို နားလည်ပါစေ။
  • ကင်ဆာမှာ အခြေခံအားဖြင့်တော့ ခွဲစိတ်နည်း၊ ရောင်ခြည်ပြနည်း၊ ဆေးသွင်းနည်းရယ်ဆိုပြီး ရှိပါတယ်။ ဒါ့ပြင် အဆင့်မြင့်ကုထုံးတွေ ဖြစ်တဲ့ ဟော်မုန်းကုထုံးတွေ၊ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ကုထုံးတွေ၊ ခုခံအား ကုထုံးတွေ ဆိုပြီး ရှိပါတယ်။

    ကိုယ့်ကင်ဆာက ဘယ်နည်းလမ်းတွေ သုံးပြီး ဘယ်လိုကုမှာလည်း ဆိုတာကို သိထားသင့်ပါတယ်။ ဥပမာ ခွဲပြီးမှ ဆေးသွင်းပြီး ကျန်တဲ့ ကင်ဆာဆဲလ်တွေကို ရှင်းမှာလား။ ရောင်ခြည်ပြပြီး အကျိတ်သေးတော့မှ ခွဲမှာလား စတာတွေကိုလည်း သိထားသင့်ပါတယ်။

    ကင်ဆာကုထုံး ရွေးချယ်တဲ့အခါ စဉ်းစားသင့်တဲ့ အချက်များ

    • ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိထားသင့်ပါတယ်။

    ကင်ဆာကုထုံး တွေက တခြားကုသနည်းတွေလိုပဲ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ကုထုံးက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာ ကြိုသိထားရင် လူနာအတွက် စိတ်ပိုင်းဆိုင်ရာမှာ ကြိုပြီးပြင်ဆင်ထားလို့ရပါတယ်။

    • ဘယ်လောက်ကြာမှာလဲ။

    ကင်ဆာကုထုံး တွေက cycleနဲ့ သွားတဲ့အတွက် ဘယ်လောက်ကြာမှာလဲ။ ဘယ်လောက်တစ်ခါ လာပြဖို့လိုသလဲဆိုတာ သိထားသင့်ပါတယ်။ ဒီအချက်က ဆေးရုံရွေးတဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။

    အထူးသဖြင့် မြန်မာနိုင်ငံက လူနာတွေအတွက်ပါ။ တစ်လတစ်ခါလောက် မြို့ကိုလာပြီး ဆေးလာသွင်းရတာက လူနာအတွက် စရိတ်လည်းများသလို အလုပ်လည်း ရှုပ်ပါတယ်။ ဒီတော့ တစ်လတစ်ခါ မြို့တက်လာမယ့်အစား ကိုယ့်နယ်မှာပဲ ရှိတဲ့ ကင်ဆာအထူးကုဆရာဝန်နဲ့ ပြတာက လူနာအတွက် ပိုသက်သာပါတယ်။

    • ငွေဘယ်လောက်ကုန်မှာလဲ။

    ဒါကတော့ အတိအကျပြောလို့မရပါဘူး။ ခန့်မှန်းခြေလောက်ပဲ သိနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ ကင်ဆာနုစဉ်မှာ ကုတဲ့သူတွေက အဆင့်များလာတဲ့အချိန်မှာ ကုတဲ့သူတွေထက် ပိုပြီးသက်သာပါတယ်။ တကယ်လို့ ကိုယ်က ကျန်းမာရေးအာမခံထားထားတယ်ဆိုရင်လည်း ဘယ်လောက်သက်သာခွင့်ရမလဲဆိုတာကို ကုမ္ပဏီကို မေးမြန်းနိုင်ပါတယ်။

    ကင်ဆာကုထုံးတွေ ခံယူမယ်ဆိုရင်

    ကင်ဆာကုထုံးတွေ ခံယူမယ်ဆိုရင် တတ်နိုင်သလောက် ကိုယ့်ရောဂါ၊ ကုထုံးတွေအကြောင်းကို လေ့လာထားသင့်ပါတယ်။ များများသိလေလေ မလိုအပ်ဘဲ ကြောက်ရွံ့တာတွေနည်းပြီး တကယ်လိုအပ်တာတွေကို ပြင်ဆင်နိုင်မှာပါ။ သိချင်တာ၊ မရှင်းတာတွေ ရှိရင်လည်း ဆရာဝန်ကို မေးမြန်းဖို့ လိုပါတယ်။ လိုရင်းကတော့ မိမိရောဂါနဲ့ ကုထုံးကြားမှာ မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement