backup og meta

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာများ (GMOs)

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာများ (GMOs)

GMO ဆိုတာဘာလဲ

GMO အစားအစာဆိုတာ ရှိပြီးသားမျိုးဗီဇတွေထဲကို တခြားတစ်ခုဆီက မျိုးဗီဇအသစ်တွေပေါင်းစပ်ပြီးပြုပြင်ထားတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ မျိုးဗီဇပြုပြင်ထားတဲ့ GMO အစားအစာတွေက လူ့ကျန်းမာရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက်ကောင်းကျိုးများစွာ ရှိနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ်။

တောင်သူဦးကြီးတွေကတော့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးအပြင်းစားတွေကိုခံနိုင်ရည်ရှိဖို့နဲ့ ပိုးတွေအဆိပ်အတောက်ဓါတ်တွေကို ခံနိုင်ရည်ရှိဖို့ မျိုးဗီဇပြုပြင်ထားတဲ့ GMOမျိုးစေ့တွေနဲ့စိုက်ပျိုးလာကြပါတယ်။ အများစုက အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်တိုးစေဖို့နဲ့ ပျိုးပင်တွေကို ရာသီဥတုဒဏ်၊ ပိုးသတ်ဆေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှုန်းလျော့နည်းစေဖို့ သုံးကြပါတယ်။

GMO အစားအစာတွေကို အသုံးများလာ

ဈေးကွက်အတွင်းGMO အစားအစာထွက်ကုန်တွေရဲ့ပမာဏက ကမ္ဘာတလွှားမှာ များပြားကျယ်ပြန့်လာပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ GMO ဖြစ်ကြောင်း labelမဖော်ပြထားတာကြောင့် ကိုယ်စားတဲ့အထဲ GMOဘယ်လောက်ပါနေသလဲဆိုတာကတော့ အတိအကျပြောဖို့ခက်ပါတယ်။

GMO သီးနှံတွေရဲ့ ၇၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာမွေးမြူရေးအစာအတွက် အသုံးပြုဖို့ဖြစ်ပြီး အမေရိကန်ရဲ့မွေးမြူရေးတိရစ္ဆာန် ၉၅ ရာခိုင်နှုန်းကျော်ဟာ GMOအစာတွေကို စားကြတာဖြစ်ပါတယ်။

ပဲပိစပ်၊ အထူးသဖြင့်ပဲပိစပ်နဲ့လုပ်တဲ့ထုတ်ကုန်တွေကို သင်စားလေ့ရှိတယ်ဆိုရင် ဒါဟာ GMO မျိုးစပ်သီးနှံဖြစ်နိုင်ပါတယ်။ ပဲပိစပ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ ပဲပိစပ်၊ပြောင်းဖူးနဲ့ ကန်နိုလာတို့က အမေရိကန်မှာပြုပြင်စီမံမှု အများဆုံးစိုက်ပျိုးသီးနှံတွေဖြစ်ပါတယ်။ မျိုးဗီဇပြုပြင်ထားတဲ့အစားအစာတွေထဲမှာ စပျစ်သီး၊ပန်းသီး၊ဆန်၊ မုန်လာဥနီ၊သင်္ဘောသီး၊ငှက်ပျောသီးတို့လို အသီးတွေ၊ အတုဖန်တီးထားတဲ့ တာရှည်ခံဆေး၊သကြားတုတွေပါဝင်ပါတယ်။

GMO တွေစားမိနေသလား

ဖြစ်နိုင်ပါတယ်။corn starch နဲ့ soy protein တို့လို အသုံးများတဲ့ပါဝင်ပစ္စည်းအတော်များများဟာ မျိုးဗီဇပြုပြင်ထားတဲ့ စိုက်ပျိုးသီးနှံတွေကနေဖြစ်လို့ GMOတွေကိုရှောင်ဖို့ ခက်နိုင်ပါတယ်။ စားသောက်ကုန်တွေမှာ GMO ဟုတ်မဟုတ် labelဖော်ပြချက်မပါရှိသရွေ့ မျိုးဗီဇပြုပြင်ထားတာတွေဖြစ်ဖို့များပါတယ်။ လက်ရှိ ဆိုင်တွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ မျိုးဗီဇပြုပြင်ထားတဲ့အစားအစာတွေကပြောင်းဖူး၊ပဲပိစပ်၊ ခရမ်းချဉ်သီး၊အာလူး၊သင်္ဘောသီး၊အစေ့မပါတဲ့ ဖရဲသီး၊ စတာတွေဖြစ်ပါတယ်။

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာတွေရဲ့အားသာချက်

အင်းဆက်ဒဏ်ခံနိုင်ရည်ရှိခြင်း

GMOအစားအစာတချို့ဟာ ပိုးမွှားအင်းဆက်တွေရဲ့ဒဏ်ကိုခံနိုင်ရည်ပိုရှိအောင် စီစဉ်မွမ်းမံထားတာဖြစ်ပါတယ်။ အင်းဆက်ရန် ကာကွယ်နိုင်အောင် သီးနှံတွေထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ဘက်တီးရီးယားပေါင်းထည့်ပေးလို့ရတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကဖော်ပြထားပါတယ်။ ဒါပေမယ့် လူ့ကျန်းမာရေးအတွက်တော့ဘေးကင်းတယ်လို့ဆိုပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် အပင်တွေမှာသုံးရတဲ့ ဓါတုဆေးဝါးပမာဏကိုလျော့နည်းစေနိုင်ပြီးပိုးသတ်ဆေးနဲ့ထိတွေ့မှုကိုလည်းလျော့စေမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း

မျိုးဗီဇပြုပြင် မျိုးစပ်ထားတဲ့ GMO သီးနှံတွေ၊ တိရစ္ဆာန်တွေများလာတာက အသုံးပြုရတဲ့ ဓါတုပစ္စည်း၊၊အချိန်နဲ့ ကိရိယာသိပ်လိုအပ်တော့မှာမဟုတ်ဘဲ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနဲ့မြေဆီလွှာပျက်စီးမှုကိုလျော့ပါးစေနိုင်ပါတယ်။

အာဟာရပိုပြည့်ဝစေခြင်း

GMO အစားအစာတချို့ဟာ ဗီတာမင်နဲ့သတ္ထုဓါတ်ပါဝင်မှုမှာ အာဟာရပိုပြည့်ဝစေဖို့ စီမံထားတာဖြစ်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခါနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း ကဖော်ပြခဲ့ပါတယ်။ GMOတွေဟာ ခန္ဓါကိုယ်မှာလိုအပ်တဲ့အာဟာရဓါတ်တွေကို ရရှိစေနိုင်ရုံမက ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ အာဟာရချို့တဲ့မှုပြဿနာကိုဖြေရှင်းရာမှာအရေးပါတဲ့နေရာကပါဝင်လာပါတယ်။ဥပမာ ဗီတာမင်အေဖြည့်တင်းထားတဲ့ ဆန်က ဗီတာမင်အေချို့တဲ့မှုကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။

အထွက်နှုန်းတိုးစေခြင်း

မျိုးဗီဇပြုပြင်ထားတဲ့သီးနှံတွေက ပိုးမွှားတွေကိုခံနိုင်ရည် ရှိတာကြောင့် စိုက်ပျိုးလွယ်လာကြတာဖြစ်ပါတယ်။ သီးနှံတွေ၊ အစားအစာတွေ ထုတ်လုပ်မှုတိုးစေလိုတဲ့၊ အထွက်နှုန်းတိုးစေချင်တဲ့ စိုက်ပျိုးရေးသမားတွေအတွက် အကျိုးရှိစေပါတယ်။

ပိုးသတ်ဆေးအသုံးပြုမှုလျော့နည်းစေခြင်း

GMO အစားအစာတွေဟာ ဖျက်ပိုးတွေနဲ့ အင်းဆက်မျိုးစုံကို ခုခံနိုင်ဖို့ ပိုးသတ်ဆေးမလိုအပ်ဘူးလို့ သက်သေအထောက်အထားတွေရှိပါတယ်။

အစားအစာဈေးမကြီးခြင်း

အထွက်နှုန်းများပြီး စရိတ်ကျဉ်းတာကြောင့် ရရှိလာတဲ့ထုတ်ကုန်ရဲ့ဈေးနှုန်းကလည်းလျော့နည်းပါလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုယ့်ဝင်ငွေရဲ့ထက်ဝက်လောက်ကို စားစရိတ်အတွက်ပဲသုံးနေကြရတာဖြစ်လို့ ဒီနည်းက ဆင်းရဲနွမ်းပါးလျှော့ချရေးမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

ထုတ်ကုန်အသစ်တွေထွက်ပေါ်လာခြင်း

ပူပြင်းလိုက်၊ အေးခဲလိုက်ဖြစ်နေတဲ့ ရာသီဥတုဖောက်ပြန်နေတဲ့အခြေအနေတွေအတွင်း စိုက်ပျိုးနိုင်ဖို့ သီးနှံအမျိုးအစားသစ်တွေကိုဖန်တီးကြပါတယ်။ဥပမာ ဆားဓါတ်ပါဝင်တဲ့မြေဆီမှာစိုက်လို့ရတဲ့ ခရမ်းချဉ်သီးမျိုးစိတ်သစ်ကို မျိုးစပ်ဖန်တီးတာမျိုး၊ကော်ဖီစေ့တွေမှာ ကဖင်းဓါတ်ပါတဲ့မျိုးဗီဇကိုဖယ်ထုတ်တာမျိုးဖြစ်ပါတယ်။ ကဖင်းဓါတ်မပါတဲ့ကော်ဖီစေ့တွေကို သဘာဝအတိုင်းပဲ စိုက်ပျိုးတာဖြစ်ပါတယ်။

သတိထားရမယ့်အချက်တွေ နဲ့ဘေးထွက်ဆိုးကျိုး

ဓါတ်မတည့်ခြင်း

Brown University ရဲ့သုတေသနအရ မျိုးဗီဇပြုပြင်ထားတဲ့အစားအစာတွေက တချို့လူတွေအတွက် ဓါတ်မတည့်မှုအန္တရာယ်တွေရှိစေနိုင်တယ်လို့ဆိုပါတယ်။ မျိုးဗီဇပြုပြင်တဲ့အခါ မူလအပင် သို့မဟုတ် တိရစ္ဆာန်နဲ့ မျိုးရင်းမတူတဲ့ ပရိုတင်းတွေပေါင်းစပ်ထပ်ရောလိုက်တာကြောင့် ခန္ဓါကိုယ်မှာ ဓါတ်မတည့်မှုတွေဖြစ်လာစေနိုင်ပါတယ်။

အင်းဆက်တွေက ပိုးသတ်ဆေးတွေကို ယဉ်ပါးလာခြင်း

အင်းဆက်တွေက မျိုးဗီဇပြုပြင်ထားတဲ့အပင်တွေဆီကထွက်ရှိတဲ့ ပိုးသတ်ဆေးအာနိသင်ကို ခံနိုင်ရည်ရှိလာနိုင်တာကြောင့် ပိုးမွှားပြန့်ပွားမှုကိုထိန်းချုပ်ဖို့ ပိုခက်ခဲစေပြီး ကြာလာရင် အင်းဆက်နှိမ်နင်းနိုင်စွမ်းလည်း နည်းလာစေနိုင်ပါတယ်။

ပဋိဇီဝဆေးတွေရဲ့ထိရောက်မှုအာနိသင်လျော့ပါးစေခြင်း

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာတချို့မှာ ပဋိဇီဝအာနိသင်တွေထည့်သွင်းထားလို့ ဗိုင်းရပ်စ်တွေနဲ့ရောဂါပိုးတွေကိုဆေးယဉ်ပါးစေနိုင်တယ်လို့Iowa State University အရသိရပါတယ်။ ဒါတွေကိုစားလိုက်ရင် ပဋိဇီဝဓါတ်တွေက ခန္ဓါကိုယ်ထဲမှာကြွင်းကျန်နေမှာဖြစ်ပြီး တကယ်တမ်း ပဋိဇီဝဆေးတွေသောက်သုံးတဲ့အခါ အာနိသင်လျော့စေပါတယ်။

မျိုးဗီဇပြုပြင်ထားတဲ့ GMO အစားအစာတွေက ကမ္ဘာပေါ်က အငတ်ဘေးနဲ့ အာဟာရချို့တဲ့မှုဘေးမှာဖြေရှင်းဖို့အထောက်အကူဖြစ်စေနိုင်တဲ့အပြင် သီးနှံတွေအထွက်နှုန်းကိုတိုးစေ၊ဓါတုဆေးဝါးတွေအသုံးပြုမှုလျော့ကျစေလို့ သဘာဝပတ်ဝန်းကျင်အတွက်ကောင်းပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ကျန်းမာရေးအတွက်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုကင်းဝေးစေဖို့ အလွန်အကျွံမသုံးဘဲ သတိနဲ့အသုံးပြုဖို့ အရေးကြီးပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref;

Pros & Cons of GMO Foods

http://www.livestrong.com/article/213053-pros-cons-of-gmo-foods/

Risks & Side Effects of Genetically Modified Food

http://www.livestrong.com/article/417880-risks-side-effects-of-genetically-modified-food/

GMO Foods: Good or Bad?

http://www.healthline.com/nutrition/gmos-good-or-bad#section1

http://www.motherjones.com/environment/2013/08/what-are-gmos-and-why-should-i-care/

27 Big Advantages and Disadvantages of Genetically Modified Foods

http://connectusfund.org/27-big-advantages-and-disadvantages-of-genetically-modified-foods

 

ယခုပုံစံ

21/03/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သစ်သီးစားခြင်း နဲ့ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်

အမျှင်ဓါတ်များတဲ့ အစားအစာတွေကဘာတွေလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement