home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခြေထောက်ကျိုးတဲ့အခါ ဂရုစိုက်သင့်တဲ့အချက်များ

ခြေထောက်ကျိုးတဲ့အခါ ဂရုစိုက်သင့်တဲ့အချက်များ

ချော်လဲလို့၊ အရိုက်နှက်ခံရလို့၊ ယာဉ်မတော်တဆမှုဖြစ်လို့ စသည်ဖြင့်ခြေထောက်ကျိုးရတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရိုးကျိုးအက်တဲ့အခါဆေးရုံကားက ချက်ချင်းမလာနိုင်သလိုဆေးရုံဆေးခန်းကိုချက်ချင်းရောက်နိုင်ဦးမှာမဟုတ်ပါဘူး။ဖြစ်ဖြစ်ချင်းမှာ ဘေးကလူက စနစ်တကျကူညီစောင့်ရှောက်ပေးမှ ဆရာဝန်ဆီမရောက်ခင်ဝေဒနာလျော့ပါးရမှာပါ။ ကိုယ့်ရင်းနှီးချစ်ခင်ရသူ သို့မဟုတ် တခြားတစ်ယောက်ယောက်မှာ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင် အရေးပေါ်ပြုစုနိုင်အောင် ဒါလေးတွေသိထားသင့်ပါတယ်။

ထပ်ပြီးထိခိုက်နိုင်ခြေရှိတဲ့အခြေအနေမျိုးကနေရှောင်လွှဲဖို့ ကလွဲရင် လူနာကိုနေရာမရွှေ့ပါနဲ့။ဆေးရုံမရောက်ခင်မှာ လုပ်ပေးထားသင့်တာက –

  • သွေးထွက်ေနရင် တိတ်အောင်လုပ်ပေးပါ။ပိုးသတ်ထားတဲ့ပတ်တီး၊ အဝတ်သန့်သန့်တစ်ခုနဲ့ ဒဏ်ရာကိုဖိထားပါ။
  • ထိခိုက်တဲ့နေရာကို မလှုပ်ရှားမိပါစေနဲ့။ပုံစံပျက်ယွင်းသွားတဲ့အရိုးကိုပြန်ညှိတာ၊ တွန်းထည့်တာတွေမလုပ်ပါနဲ့။
  • ရေခဲကပ်ပေးပါ။ရောင်ရမ်းမှုကိုထိန်းဖို့နဲ့နာကျင်မှုကိုသက်သာစေဖို့ရေခဲဝတ်နဲ့ကပ်ပေးပါ။
  • လူနာကို ဂရုစိုက်ပါ။လူနာက သတိလစ်တော့မတတ် နာကျင်နေမယ်၊ အသက်ရှူမြန်နေတယ်ဆိုရင် လူနာကိုလှဲလျောင်းစေပြီးခြေထောက်ကိုမြှင့်ထားပေးပါ။

ခြေထောက်ကျိုးတာအက်တာသက်သာဖို့က သိပ်မပြင်းထန်ရင် ၆ ပတ်ကနေ ၈ ပတ်အထိ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာခြေပြန်မထောက်နိုင်သေးတဲ့အချိန်အထိ ချိုင်းထောက် သို့မဟုတ် ဘီးတပ်ကုလားထိုင်သုံးဖို့လိုနိုင်ပါတယ်။ ပိုပြင်းထန်တဲ့အရိုးကျိုးအက်မှုတွေကတော့ အပြည့်အဝပြန်ကောင်းဖို့ ၃ လကနေ ၆ လကြာနိုင်ပါတယ်။

ကုသတဲ့အခါမှာလည်းကျောက်ပတ်တီးစည်းသင့်ရင်စည်း၊ ခွဲစိတ်သင့်ခွဲစိတ်ရတာမျိုး ခြေထောက်ကျိုးတဲ့အခြေအနေကိုမူတည်ပြီး ဆုံးဖြတ်ကြပါတယ်။မြန်မြန်ပြန်ကောင်းဖို့ကတော့ ကိုယ်ဘယ်လောက်ဂရုတစိုက်နေထိုင်သလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။နောက်ဆက်တွဲဂရုစိုက်စောင့်ရှောက်မှုက ကုသမှုနဲ့ဘေးအန္တရာယ်ကင်းမှုမှာအရေးပါတဲ့အပိုင်းဖြစ်လို့ ဆရာဝန်နဲ့ ရက်ချိန်းမှန်အောင်ပြပါ။ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို ဂရုစိုက်သောက်သုံးပါ။

အိမ်မှာ ဘယ်လိုဂရုစိုက်ရမလဲ

  • နောက်သုံးရက်လောက်အတွင်းတော့ ခြေထောက်ကို အနည်းဆုံး ၁၀ မိနစ်လောက်ရေခဲကပ်ပေးပါ။ ဒါပေမယ့်ကျောက်ပတ်တီး သို့မဟုတ် ကျပ်စည်းပတ်တီးကိုတော့ မစိုအောင် ဂရုစိုက်ပါ။
  • ဒဏ်ရာကို ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း ဂရုစိုက်စောင့်ရှောက်ပါ။ကျောက်ပတ်တီးစည်းလာတယ်ဆိုရင် ဒါမှမဟုတ် ခွဲစိတ်ထားတယ်ဆိုရင် ညွှန်ကြားချက်ကလွဲပြီး ကိုယ့်သဘောနဲ့ကိုယ်ပြုမူနေထိုင်တာတွေရှောင်ပါ။
  • စိတ်ချရတဲ့အဆင့်ထိကောင်းမွန်မလာသေးခင်မှာခြေထောက်ကိုဝန်မပိအောင်ဂရုစိုက်ပါ။ ချိုင်းထောက်သုံးသင့်သုံးပါ။
  • ဒဏ်ရာရပြီး ပထမရက်အနည်းငယ်အတွင်းတော့ လှဲအိပ်တဲ့အခါခြေထောက်ကိုခေါင်းအုံး သို့မဟုတ်စောင်ခုပြီးမြှင့်ထားပါ။ ဒါမှရောင်ရမ်းမှုလျော့စေမှာပါ။
  • ရောင်ရမ်းနေတာ၊တောင့်တင်းေနတာတွေ သက်သာစေဖို့ခြေချောင်းလေးေတွ မကြာခဏ လှုပ်ရှားကစားပေးပါ။
  • ပုံမှန်လုပ်နေကျလုပ်ရှားမှုတွေ၊ အလုပ်တွေကိုပြန်လုပ်နိုင်ဖို့ အရမ်းမလောပါနဲ့။ နာကျင်မှုသက်သာတာနဲ့ပဲ ကျိုးအက်သွားတဲ့အရိုးက လုံးဝကောင်းသွားတာမဟုတ်ပါဘူး။
  • သက်သာလာတဲ့အခါခြေထောက်သန်မာစေဖို့ လိုအပ်တဲ့လေ့ကျင့်ခန်းတွေ ဆရာဝန်ကအကြံပြုပါလိမ့်မယ်။ အိမ်မှာပဲကိုယ့်ဘာသာ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကိုဖြည်းဖြည်းချင်းလုပ်ကြည့်ပါ။ အားသိပ်မစိုက်ဖို့၊ အလောတကြီး၊ ခပ်ကြမ်းကြမ်းမလှုပ်ရှား မိဖို့ သတိထားပါ။
  • အရေးကြီးတာက အရိုးအဆစ်နဂိုအတိုင်းပြန်ဖြစ်ဖို့ပြန်လည်တည်ဆောက်နေချိန်အတွင်းမှာ ဒဏ်ရာရထားတဲ့ခြေထောက်ကို အားမပြုဖို့၊ ဝန်မပိစေဖို့ဖြစ်ပါတယ်။ ချိုင်းထောက်လို အကူအညီမပါဘဲ ထမရပ်ပါနဲ့။ ဘီးတပ်ကုလားထိုင်သုံးသင့်ရင်သုံးပါ။ ကိုယ့်အသက်အရွယ်နဲ့ ဒဏ်ရာအနေအထားကိုမူတည်ပြီး လုံးဝပျောက်ကင်းသက်သာဖို့က လပိုင်းကနေ နှစ်နဲ့ချီတဲ့အထိ ကြာနိုင်ပါတယ်။

တကယ်လို့

  • ခြေထောက်ကအရမ်းနာကျင်ကိုက်ခဲလာရင်
  • ခြေထောက်အေးစက်ပြီးဖြူဖျော့ သို့မဟုတ် အရောင်ပြောင်းလာရင်
  • ခြေချောင်းတွေထုံကျဉ်လာရင်
  • ပတ်တီး သို့မဟုတ်ကျောက်ပတ်တီးက အရမ်းတင်းကျပ်နေရင်
  • ခြေထောက်မှာသွေးခဲပိတ်တဲ့လက္ခဏာဖြစ်လာရင် (ခြေသလုံးကြွက်သား၊ တံကောက်ကွေး၊ပေါင် သို့မဟုတ် ပေါင်ခြံမှာ နာကျင်လာတာ၊ခြေထောက်မှာ နီရဲရောင်ရမ်းလာတာ) အမြန်ဆုံး ဆရာဝန်ပြန်ပြပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ ခုလေးတင် တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။