ဗိုက်ထဲအောင့်သလိုလိုပဲ။နေလို့မကောင်းလိုက်တာလို့များဖြစ်နေလား။ ဗိုက်နာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာနော်။ အလုပ်လုပ်ဖို့မပြောနဲ့ ထိုင်နေရတာတောင်အခက်တော်တော်တွေ့နေပြီလေ။ ဗိုက်အောင့်တဲ့အခါ နံရိုးအောက်ဘက်တွေကနေစလို့ ဆီးခုံအပေါ်ပိုင်းအထိ ဗိုက်တစ်ပြင်လုံးကအောင့်နေတတ်တာပါ။ ဗိုက်က ကိုယ်တွင်းအင်္ဂါတွေကို စုစည်းထည့်ထားတဲ့သေတ္တာကြီးပေါ့။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေမှာဆိုရင် မျိုးပွားအင်္ဂါတောင်ပါနေပါသေးတယ်။ ဒါတွေအပြင် ဝမ်းဗိုက်ပိုင်းမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့သွေးကြောကြီးတွေရှိနေပါသေးတယ်။
ဒီအချက်တွေကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်နိုင်ပါတယ်
ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေတာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာပြဿနာတွေရှိနေတာကြောင့်ပါ။
လည်ချောင်း၊ အူတွေနဲ့သွေးတွင်းမှာရောဂါပိုးတွေဝင်ရောက်ကူးစက်တဲ့အခါ ဘက်တီးရီးယားတွေက အစာခြေလမ်းကြောင်းထဲကိုရောက်ရှိသွားပြီး ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်စေနိုင်ပါတယ်။
ဗိုက်အောင့်ဗိုက်နာတာကို အများဆုံးဖြစ်စေတဲ့အကြောင်းအရင်းတွေက –
- ဝမ်းချုပ်တာ
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
- အထက်လန်အောက်လျှောဖြစ်တာ
- စားချဉ့်ရည်ပြန်ဆန်တက်တာ
- အော့အန်တာ
- စိတ်ဖိစီးမှုများတာ နဲ့
- အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ရောဂါတွေကြောင့်လည်း ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။
မခံမရပ်နိုင်အောင် ဗိုက်အောင့်နေတာဆိုရင်တော့ –
- အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ
- သည်းခြေအိတ်ကျောက်တည်တာ
- ကျောက်ကပ်မှာကျောက်တည်တာ
- ကျောက်ကပ်ပိုးဝင်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဗိုက်အောင့်တာကို သက်သာစေမယ့်နည်းလမ်းတွေက
ဗိုက်အောင့်ဗိုက်နာဖြစ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ကုသစောင့်ရှောက်မှုပေးပုံချင်း ကွာခြားနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာဖြစ်တဲ့အခါ
- သက်တောင့်သက်သာလေးနေပါ
- အသက်မှန်မှန်ရှုပေးပါ
- ဗိုက်အောင့်သက်သာစေတဲ့လေဆေးတစ်မျိုးမျိုးသောက်ပေးပါ
- အရည်များများသောက်ပါ
- ဗိုက်အောင့်မသက်သာမချင်း ဘာမှမစားဘဲနေပေးပါ
- အစာခပ်ပျော့ပျော့လေးတစ်ခုခုစားပေးပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ
- ရေကို မကြာခဏသောက်ပေးပါ
- အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ
- ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ
- ဗိုက်ကိုရေနွေးအိတ်ကပ်ပေးပါ
- ကော်ဖီတွေ၊ လက်ဖက်ရည်တွေလျှော့သောက်ပေးပါ
- အရမ်းမခံမရပ်နိုင်အောင်အောင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပေးပါ။
ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပေးပါ
အခုပြောပြသလို လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးပါ။
- ဗိုက်ထဲကအရမ်းအောင့်နေမယ်
- ဗိုက်အောင့်တာက နာရီတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်
- ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ဗိုက်အောင့်တာနဲ့ အတူသွေးဆင်းလာမယ်
- ဗိုက်အောင့်မယ်၊အန်မယ်၊ အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ်
- ဗိုက်အောင့်ပြီး အန်ရင်သွေးပါမယ်
- ဆီးတွေ၊ဝမ်းတွေထဲမှာသွေးပါလာမယ်
- ဗိုက်အောင့်တာနဲ့အတူ အဖျားတက်ပြီးချွေးတွေအရမ်းထွက်လာမယ်
- တစ်ကိုယ်လုံးဖျော့တော့ပြီးချွေးစေးတွေထွက်နေမယ်
- ဆီးသွားရခက်နေမယ်
- ဝမ်းချုပ်ပြီးလေမတက်ဘူးဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့အကြံပြုပါရစေ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။