အစာချေဖျက်ပြီး ထွက်လာတဲ့လေတွေဟာ အပြင်ဘက်ကို ထုတ်လွှတ်ခံရခြင်းမရှိရင် အစာအိမ်ထဲမှာပဲ ပိတ်လှောင်ထားသလို ဖြစ်သွားတတ်ပါတယ်။ နမူနာအရ မြင်အောင် ပြောရမယ်ဆိုရင် လေတွေအများကြီး မှုတ်ထားတဲ့ ပေါက်ကာနီး ပူဖောင်းတစ်လုံးကို တွေးကြည့်လို့ ရပါတယ်။ အထဲမှာ လေတွေ များလာလေ၊ ပူဖောင်းက ပွပြီး ကြီးလာလေ၊ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုစွာ လေသွင်းလိုက်တဲ့အခါ ပေါက်ထွက်သွားတတ်တာမျိုးပေါ့။ အစာအိမ်လည်း ထိုနည်းတူစွာပါပဲ။ လေတွေအထဲမှာ အရမ်းများလာရင် ဖောရောင်လာမယ်၊ ဗိုက်အောင့်ဗိုက်နာဖြစ်လာမယ်၊ လေပွပြီး အန်ချင်လာမယ်။ ဒါကို ကာကွယ်ဖို့အတွက် မဖြစ်မနေ လေလည်ဖို့ လိုအပ်ပါတယ်။
၃။ အူလမ်းကြောင်း ကျန်းမာခြင်းကို ဖော်ပြနေတယ်။
အူလမ်းကြောင်းနဲ့ အစာအိမ်တွေမှာ ကျန်းမာရေး အကျိုးပြု ဘက်တီးရီးယားတွေ အများအပြားရှိပါတယ်။ ဒီဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအစာတွေကို ကူညီချေဖျက်ပေးသလို အထဲမှာ ဖြစ်နေတဲ့ မှိုပိုးတွေနဲ့ ရောဂါဆဲလ်တချို့ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားပိုးတွေက အူလမ်းကြောင်းထဲမှာ များနေတဲ့အခါ စားလိုက်တဲ့အစားအစာတွေကို ကူညီချေဖျက်ပေးလို့ လေကိုပုံမှန်အတိုင်း လည်စေပြီး အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးနိုင်ပါတယ်။
ဘယ်လောက်ပမာဏ လေလည်ခြင်းဟာ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ စံနှုန်းလဲ။
ပုံမှန် လူတစ်ယောက်ဟာ တစ်နေ့ကို ၅ ကြိမ်ဟာ ၁၅ ကြိမ်အထိ လေလည်နိုင်ပါတယ်။ လေလည်တဲ့ အကြိမ်တိုင်းဟာ အနံ့ ရှိရမယ်၊ မရှိရဘူးလို့ သတ်မှတ်ထားတာတော့ မရှိပါဘူး။ တစ်နေ့ ၂၅ ကြိမ်ထက် ပိုပြီး လေလည်တယ်ဆိုရင်တော့ သတ်မှတ်ပမာဏထက် ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ကိုယ်စားနေတဲ့ အစာအာဟာရကို ပြန်လည်စစ်ဆေးဖို့ လိုပါတယ်။ ဥပမာ – အစာကြေခဲတဲ့ အရွက်တွေ အများကြီး စားမိလို့လား၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ Lactose ဓာတ်နဲ့ ခန္ဓာကိုယ်က မတည့်လို့လား စသဖြင့် စစ်ကြည့်သင့်ပါတယ်။
များသောအားဖြင့် စားလိုက်တာတွေထဲက လေလည်စေနိုင်တဲ့ အစားအစာများကို လျှော့ချပေးခြင်းဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်လို့ ရပါတယ်။ အချိန်အတော်ကြာအောင် သတ်မှတ်စံနှုန်းထက် ပိုမိုလေလည်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်လို့ ရပါတယ်။
လေလည်တာဟာ ပုံမှန် ကျန်းမာနေတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာပါ။ ဒါကြောင့် လေလည်ရမှာကို တတ်နိုင်သလောက် မအောင့်ထားပါနဲ့၊ မရှက်ပါနဲ့။ လူကြားထဲမှာ ရောက်နေလို့ဆိုရင်တော့ ခဏအောင့်ထားတာ ပြဿနာမရှိပါဘူး။ ဒါမှမဟုတ်လည်း အိမ်သာထဲ အမြန်ဝင်ပြီး လေကိစ္စ ရှင်းလိုက်တာက ကိုယ့်ရဲ့ ဗိုက်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်မှာပါနော်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။