backup og meta

စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ!

    ဆာလောင်မှုက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တစ်ခုပါ။ ခန္ဓာကိုယ်မှာ အာဟာရ ဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြနေတာဆိုလည်း ဟုတ်ပါတယ်။ ဒီလို ဆာလောင်လာချိန်မှာ အစားစားလိုက်ရင် သက်သာသွားပါတယ်။ ဒါက လူတိုင်းလိုလို သိထားပြီးသား ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့် စားပြီးလည်း ဆာနေသေးတာကိုတော့ ခံစားဖူးသူတွေ ရှိပေမယ့် အကြောင်းအရင်းခံကို သိသူကတော့ ရှားမယ် ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    စားပြီးလည်း ဆာနေသေးတာ ဘာကြောင့်များလဲ!

    စားပြီးတိုင်းလည်း ဆာနေရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ဒီလို ဆာလောင်မှုက ကျန်းမာရေး ပြဿနာ တစ်ခုခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့

    • မနက်စာကို နည်းနည်းလေးပဲ စားတာ

    မနက်စာကို ပြည့်ပြည့်ဝဝ စားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ဆာလောင်မှုလည်း ကင်းစေနိုင်ပါတယ်။ မနက်စာကို ပြည့်ပြည့်ဝဝ စားပေးတာ တစ်နေ့တာလုံးမှာ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် ပုံမှန်အတိုင်း ရှိနေခြင်းက ဆာလောင်မှုကင်းဝေးစေနိုင်ပါတယ်။ မနက်စာ ပြည့်ဝခြင်းက အဝလွန်တာကိုလည်း ကာကွယ်ရာ ရောက်မှာပါ။

    • ရေဆာနေတာ

    ရေဓာတ်ခမ်းခြောက်နေတဲ့ အချို့သော လက္ခဏာတွေကလည်း ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာတဲ့အခါ ဆာလောင်မှုနဲ့အတူ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်လည်း အစားစားပြီးချိန်မှာ ရေလုံလောက်အောင် သောက်ပေးဖို့ မမေ့ပါနဲ့။ ရေဓာတ် မပြည့်ဝခြင်းက ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။

    • ဆီသွတ်ဗူးတွေ စားတာ

    ဆီသွတ်ဗူးတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့  bisphenol A (BPA) က အစားအစာတွေထဲကို စိမ့်ဝင်သွားပြီး အဝလွန်တာနဲ့ ခဏခဏ ဆာလောင်တာ အပါအဝင် အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ BPA က leptin ဟော်မုန်းကို ကမောက်ကမဖြစ်စေပြီးဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။

    • ဆိုဒါတွေ အများကြီး သောက်တာ

    ဆိုဒါမှာ fructose corn syrup မြင့်မားစွာ ပါဝင်နေတာကြောင့် ဦးနှောက်တွင်း သွေးစီးဆင်းမှုကို နှေးသွားစေပြီး ဆာလောင်မှုကို ထိန်းချုပ်တာ နှေးသွားစေပါတယ်။

    • အစားကို ခပ်မြန်မြန် စားလိုက်တာ

    အစာအိမ်က ဦးနှောက်ဆီကို ဗိုက်ပြည့်ပြီ ဆိုတာကို အချက်ပြရပါတယ်။ ဒီလို အချက်ပြမှုကို ဦးနှောက်က လက်ခံ ရရှိစေဖို့အတွက် မိနစ် ၂၀ လောက် အချိန်ယူရပါတယ်။ အစာကို မြန်မြန် စားလိုက်ချိန်မှာ အချက်ပြမှု ရရှိဖို့ နှောင့်နှေးသွားပြီး အစားစားပြီးချိန်မှာတောင် ဆာလောင်မှုကို ခံစားရတာ၊ အစားတွေကို အလွန်အကျွံ စားမိတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    • အမျှင်ဓာတ် ပါဝင်အောင် မစားမိတာ

    နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်အောင် မစားမိတာ ဖြစ်ဖြစ် အမျှင်ဓာတ်ကို လုံလောက်အောင် မစားမိရင် ဖြစ်ဖြစ် ဆာလောင်မှုကို ခံစားရနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးတာက အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။

    • အမှန်တကယ်ကို မဆာဘဲ စားလိုက်မိတာ

    တစ်ခါတလေမှာ မဆာဘဲ စားလိုက်မိတာ၊ ပျင်းပျင်းနဲ့ စားလိုက်မိတာ၊ စိတ်ဖိစီးနေလို့ စားလိုက်မိတာတွေကြောင့်လည်း အစားစားပြီးချိန်မှာ ဗိုက်ဆာတာမျိုး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးနေပြီဆိုရင်လည်း ဗိုက်ခဏခဏ ဆာနိုင်ပါတယ်။

    • ကျန်းမာရေး ပြဿနာတွေ ရှိနေတာ

    အချို့သော ကျန်းမာရေး ပြဿနာတွေက ပုံမှန် မဟုတ်တဲ့ ဆာလောင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို ရှိနေတာ၊ ကိုယ်ဝန်ဆောင်နေရတာ၊ သန်ကောင်ရှိနေတာ၊ သိုင်းရွိုက်ပြဿနာ နဲ့ အချို့သော ဆေးဝါးတွေကလည်း ဆာလောင်မှုကို ဖြစ်စေနိုင်ပါတယ်။

    • အစားစားချိန်မှာ အာရုံမရှိလိုက်တာ

    အစားစားချိန်မှာ အစားအပေါ်ကို အာရုံမရောက်ဘဲ စားလိုက်မိတာကလည်း  စားပြီးချိန်မှာ ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။

    • စိတ်ဖိစီးနေတာ

    စိတ်ဖိစီးနေတာကလည်း အစားစားပြီးချိန်မှာ ဗိုက်ဆာတာ၊ ခဏခဏ ဆာတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

    • လေ့ကျင့်ခန်းတွေ အများကြီး လုပ်မိနေတာ

    လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ကိုင်တာကလည်း ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပြီး ခဏခဏ ဆာတာ၊ အစားစားပြီးချိန်မှာလည်း ဗိုက်ဆာတာကို ဖြစ်စေနိုင်ပါတယ်။

    • အိပ်ရေးပျက်တာ

    အိပ်ရေးဝတာက ဟော်မုန်းတွေကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။ အိပ်ရေးပျက်လာချိန်မှာ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်စေပြီး အစားစားပြီးချိန်မှာလည်း ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။

    • အစားတွေကို လုံလုံလောက်လောက် မစားတာ

    ဒါကတော့ ရှင်းပါတယ်။ လုံလောက်အောင် မစားဘူး။ ဗိုက်ပြည့်အောင် မစားဘူးဆိုရင် ပြန်ပြန်ဆာနေမှာပါ။

    # အမှာစကား

    အစားစားပြီးချိန်မှာ ဗိုက်ဆာတာက များသောအားဖြင့် ကိုယ်စားတဲ့ပုံစံ၊ စားတဲ့အစာအစာတွေနဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေကြောင့်ပါ။ ဒါကြောင့် အစားကို လုံလောက် ပြည့်ဝအောင် စားကြည့်ဖို့နဲ့ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။

    စားပြီးရင်းလည်း ဆာနေတာ ဘာကြောင့်များလဲ!

    စားပြီးရင်းလည်း ဆာနေရတာ ဒါတွေကြောင့်ပါ
    • မနက်စာ အစားနည်းတာ
    • စိတ်ဖိစီးတာ
    • အိပ်ရေးပျက်တာ
    • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ
    • ဟော်မုန်းပြဿနာ
    • အမျှင်ဓာတ် မပြည့်ဝတာ
    • အစားကို မြန်မြန်စားလိုက်တာ
    • အစားစားချိန်မှာ အစားအပေါ်မှာ အာရုံ မရှိတာ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement